ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်ကစားသမား လီယွန်နယ် မက်ဆီအနေနဲ့ Who Scored အချက်အလက်စုဆောင်းတဲ့ကုမ္ပဏီရဲ့ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုအတွင်း သတ်မှတ်မှုရမှတ်အများဆုံး ကစားသမားတွေကို အသင်းတစ်သင်းပုံစံစုစည်းထားတဲ့အသင်းမှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ အာဂျင်တိုင်းဂန္ထဝင်ကြီးဖြစ်တဲ့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့ နှစ် ၂၀ ကျော်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့ ပြီးခဲ့တဲ့နွေရာသီတုန်းက ကာတာလန်ဒေသခံကလပ်ကနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပြီး ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလို့လည်း အများစုက သတ်မှတ်ထားကြသလို လီဂန်းကို စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့အတွက် ထွက်ခွါသွားခဲ့တာဖြစ်ပါတယ်။ ပါရီမြို့ကို ရောက်ရှိခဲ့ပြီးနောက် မျှော်လင့်ချက်တွေ တပုံတပင်ကို ထမ်းပိုးခဲ့ရပြီး ပီအက်စ်ဂျီအသင်းကို နေမာ၊ ခီလီယန် အမ်ဘာပေတို့နဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဖြစ်စေမယ့် ပုစ္ဆာကို ဖြေရှင်းဖို့အတွက် လိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခုလို့ ထင်မှတ်ချင်စရာဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း အခြေအနေတွေကတော့ မျှော်မှန်းခဲ့ကြသလို မဖြစ်လာခဲ့ဘဲ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီလ်အသင်းဆီ လက်လွှတ်ခဲ့ရတဲ့ လီဂန်းဖလားကို ပြန်လည်ရယူနိုင်ခဲ့တာက အံ့ဩစရာတော့မဖြစ်ခဲ့တာပါ။ မက်ဆီကို ခေါ်ယူနိုင်ခဲ့သည့်တိုင် ချန်ပီယံလိဂ်ချန်ပီယံဆုအတွက်တော့ မရရှိခဲ့ဘဲ ၁၆ သင်းရှုံးထွက်အဆင့်မှာကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကို စိတ်အားတက်စေခဲ့တဲ့ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီးမားရဲ့ အစွမ်းပြမှုတွေနဲ့အတူ ထွက်ခွါလာခဲ့ရတာဖြစ်ပါတယ်။

လီဂန်းမှာ သွင်းဂိုးအားဖြင့် ၆ ဂိုးသာ သွင်းယူနိုင်ခဲ့တယ်ဆိုပေမယ့် မက်ဆီအနေနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း လီဂန်းမှာ လုပ်ပြနိုင်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ တတိယအများဆုံးပမာဏဖြစ်ခဲ့တာပါ။ သူ့အနေနဲ့ တိကျတဲ့ မျှောထိုးပေးမှု ၁၉ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါစွမ်းဆောင်ရည်တွေကြောင့် WhoScored ရဲ့ သတ်မှတ်မှုမှာ ရမှတ် ၇.၇၇ အထိ ရရှိခဲ့သလို တစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ပါဝင်ချိန်မှာတော့ ကွင်းလယ်ညာခြမ်းအတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

မက်ဆီပရိသတ်တွေအနေနဲ့ မက်ဆီကို အဆိုပါအသင်းမှာ မြင်ရသေးတာက အံ့ဩစရာဖြစ်လာနိုင်ပြီး အာဂျင်တိုင်းသားကြီးရဲ့ မဟာပြိုင်ဘက်ဖြစ်သလို သွင်းဂိုးပါဝင်ပတ်သက်မှုမှာလည်း ပိုများတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ အဆိုပါစာရင်းမှာ မပါဝင်လာခဲ့ချိန်မှာ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ဆာဒီယို မာနေးနဲ့ ဆွန်ဟောင်မင်တို့လည်း မပါဝင်လာခဲ့တာပါ။

အဆိုပါအသင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၄ ယောက်ပါဝင်ပြီး လီဗာပူးလ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ထရန့်ထ် အလက်ဇန္ဒား-အာနိုးလ်ဒ်နဲ့ ဂျိုအဲလ် မာတစ်ပ်တို့ ပါဝင်ခဲ့တာဖြစ်သလို မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ ဂျာအို ကန်ဆယ်လိုနဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားတို့ ပါဝင်လာချိန်မှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် မိုဟာမက် ဆာလားအတွက်တော့ နေရာမရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်ဖြစ်နေတဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကလည်း အဆိုပါစာရင်းမှာ ပါဝင်လာခဲ့ပြီး အမြင့်ဆုံးသတ်မှတ်မှုရမှတ်ရရှိခဲ့တာဖြစ်သလို ဥရောပရဲ့အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံလိုက်ရတာဖြစ်ချိန်မှာ သွင်းဂိုး ၂၈ ဂိုးအပြင် ဂိုးဖန်တီးမှု ၁၇ ကြိမ်တို့ကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း ဂိုးတွေကို သက်ဆိုင်ရာလိဂ်တွေမှာ အပျော်တမ်းသွင်းနေကြတဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးနဲ့ ဘန်ဇီးမားတို့ကတော့ အဆိုပါစာရင်းမှာ ပါဝင်လာခဲ့တာတော့ အံ့ဩစရာ သိပ်မရှိတော့တာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးအနေနဲ့ ဥရောပမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် လိဂ်ဂိုး ၃၅ ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၆၁ ကြိမ်နဲ့ ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ WhoScored ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်တဲ့ ကစားသမားတွေကတော့ ဂိုးသမားနေရာမှာတော့ အေစီမီလန်အသင်းရဲ့ ဂိုးသမား မိုက်ခ် မေညော်န်၊ နောက်ခံလူတွေအဖြစ် လီဗာပူးလ်အသင်းရဲ့ အလက်ဇန္ဒား-အာနိုးလ်ဒ်၊ မာတစ်ပ်၊ ဖရိုင်းဘတ်အသင်းရဲ့ နီကို ရှလော့ဇာဘတ်ခ်နဲ့ မန်စီးတီးအသင်းရဲ့ ကန်ဆယ်လိုတို့ ပါဝင်ခဲ့တာပါ။

ကွင်းလယ်ညာခြမ်းမှာတော့ မက်ဆီ၊ ဘယ်ခြမ်းမှာ အမ်ဘာပေနဲ့ ကွင်းလယ်ဗဟို ၂ ယောက်အဖြစ် လိုက်ပ်ဇစ်အသင်းရဲ့ ခရစ္စတိုဖာ အန်ကွန်းကူနဲ့ မန်စီးတီးရဲ့ ဒီဘရိုင်းနားတို့ ပါဝင်ခဲ့တာပါ။ တိုက်စစ်မှူး ၂ ဦးနေရာမှာတော့ လီဗန်ဒေါ့ဗ်စကီးနဲ့ ဘန်ဇီးမားတို့က အငြင်းပွါးဖွယ်ရာမရှိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ WhoScored ရဲ့ သတ်မှတ်မှုအရ အကောင်းဆုံးအသင်းအပေါ် စာဖတ်ပရိသတ်တို့ရဲ့ အမြင်လေးတွေ ဆွေးနွေးခဲ့ကြပါဦး။

WhoScored ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်း (၄-၄-၂): မိုက်ခ် မေညော်န်
အလက်ဇန္ဒား-အာနိုးလ်ဒ်၊ မာတစ်ပ်၊ နီကို ရှလော့ဇာဘတ်ခ်၊ ကန်ဆယ်လို
မက်ဆီ၊ အန်ကွန်းကူ၊ ဒီဘရိုင်း၊ အမ်ဘာပေ
လီဗန်ဒေါ့ဗ်စကီး၊ ဘန်ဇီးမား