၂၀၀၃ ခုနှစ်ကတည်းက အီတလီနေ့စဥ် သတင်းစာဖြစ်တဲ့ တတ်တိုစပေါ့က ဂုဏ်သတင်းအကြီးမားဆုံး အကောင်းဆုံး လူငယ် ကစားသမားဆုကို ပေးအပ်ခဲ့ပါတယ်။ နှစ်တိုင်း တတ်တိုစပေါ့က အစပိုင်းမှာ အယောက် ၁၀၀ စာရင်း ကြေညာပါတယ်။ အဲဒီနောက် ဖြည်းဖြည်းချင်း ၈၀ ၊ ၆၀ ၊ ၄၀ နဲ့ နောက်ဆုံး စံကာတင် အယောက် ၂၀ ဆိုပြီး ကျဆင်းသွားပါတယ်။

သတင်းစာနဲ့ မီဒီယာတွေကို ကိုယ်စားပြုတဲ့ ဂျာနယ်လစ်တွေဟာ အကောင်းဆုံး လူငယ် ကစားသမား ဆုအတွက် ရွေးချယ်ခွင့် ပေးထားပါတယ်။ ယခုနှစ်ရဲ့ အကောင်းဆုံး လူငယ်ကစားသမား အယောက် ၁၀၀ ဆုကို အစောပိုင်းမှာ ကြေညာခဲ့ပြီးပါပြီ။ အောက်မှာတော့ ဒီဆုအတွက် အစောပိုင်း ခန့်မှန်းချက်တွေကို ဖော်ပြထားခဲ့ပြီး ၂၀၂၂ အကောင်းဆုံး လူငယ် ကစားသမားဆုအတွက် ရေပန်းအစားဆုံး ကစားသမား ၅ ယောက်ကို အဆင့် သတ်မှတ်ပေးထားပါတယ်။

(၅) ဂျမဲလ်မူဆီယာလာ – ဘိုင်ယန်မြူးနစ်။ ။ ဘိုင်ယန်မြူးနစ် ကွင်းလယ် တိုက်စစ် ကစားသမား မူဆီယာလာဟာ ဒီနှစ်ရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုအတွက် ထိုက်ထိုက်တန်တန် ရွေးချယ်ခံထားရသူပါ။ ဂျာမနီ လက်ရွေးစင် ကစားသမားဟာ သူ့အသက်အရွယ်ထက် ပိုမိုကောင်းမွန်တဲ့ ကစားသမား ဖြစ်ပြီး တောင့်တင်းပြီး ခိုင်မာတဲ့ ခံစစ်တွေကို ကျော်ဖြတ်ဖို့ မကြောက်ပါဘူး။ ၁၉ နှစ်သားဟာ ပြီးခဲ့တဲ့ ရာသီက နစ်ဂယ်လ်စမန်းရဲ့ အသင်းအတွက် အဓိက ကစားသမားပါ။

သူဟာ ဘွန်ဒက်စ်လီဂါ ပွဲ ၃၀ မှာ ၅ ဂိုး သွင်းပြီး ဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ ချန်ပီယံလိဂ် ၈ ပွဲနဲ့ DFB ပိုကယ်ဖလား တစ်ပွဲ ပါဝင်ထားပြီး ၂ ခုပေါင်း ၃ ဂိုး သွင်းပြီး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။ မူဆီယာလာဟာ ဒိုင်းမန်းရှက်ရဲ့ အသင်းမှာ ပုံမှန် အဖွဲ့ဝင် ဖြစ်လာပါတယ်။ အခုချိန်ထိတော့ မူဆီယာလာဟာ ဂျာမနီအတွက် ၁၅ ပွဲပါဝင် ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။

(၄) ဂါဗီ – ဘာစီလိုနာ။ ။ ဂါဗီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ပုံစံကောင်း ပြနိုင်ခဲ့တဲ့ ကစားသမားပါ။ သူဟာ ရင့်ကြပ်မှုကို ပြသနိုင်ခဲ့ပြီး သူ့ရဲ့ ဖြန့်ဝေမှုတွေဟာ အထင်ကြီးစရာပါ။ ဒဏ်ရာကြောင့် ပွဲစဥ် အတော်များများ လွဲချော်ခဲ့ရတဲ့ ပက်ဒရီကြောင့် ဂါဗီဟာ ဘာစီလိုနာအသင်း လိုအပ်တဲ့နေရာကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဂါဗီဟာ လာလီဂါ ၃၄ ပွဲ ပါဝင် ကစားထားပြီး ၂ဂိုး သွင်းကာ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။

သူဟာ ဥရောပ ပြိုင်ပွဲ ၂ ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ၁၁ ပွဲ ပါဝင် ကစားထားပါတယ်။ ဂါဗီဟာ နိုင်ငံအသင်းမှာလည်း ခြေစွမ်းပြသနိုင်သူပါ။ စပိန် နည်းပြ လူးဝစ်အန်းနရစ်က အောက်တိုဘာ ၂၁ ရက်မှာ သူ့ကို စတင်ပွဲထွက်စေခဲ့ပါတယ်။ ဂါဗီဟာ စပိန်အတွက် ၁၀ ပွဲ ကစားထားပြီး ၁ဂိုး သွင်းယူထားပါတယ်။ သူ့့ရဲ ပထမဆုံး နိုင်ငံသွင်းဂိုးကတော့ ယခုလအစောပိုင်း ချက်နဲ့ ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာပဲ ဖြစ်ပါတယ်။

(၃) ကာရင်အဒီရဲမီ – ဆဲလ်ဘက် (လက်ရှိ ဒေါ့မွန်)။ ။ ဆဲလ်ဘက် အသင်းဟာ အရည်အသွေးတွေကြောင့် ကမ္ဘာ့အဆင့် အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။ ကာရင်အဒီရဲမီဟာ သြစတေးလျ လိဂ်မှာ နောက်ဆုံး ပုံစံကောင်း ပြသနိုင်တဲ့ ကစားသမားအဖြစ် ပေါ်ထွက်လာပါတယ်။ ပြီးခဲ့တဲ့ ရာသီက အသက် ၂၀ အရွယ် ကစားသမားဟာ သြစတေးလျ ကလပ်အတွက် ၄၃ ပွဲ ပါဝင် ကစားခဲ့ပြီး ဂိုး ပါဝင် ပတ်သတ်မှု ၃၀ အထိ (၂၃ ဂိုး သွင်း ၊ ဖန်တီးမှု ၇ ကြိမ်) ရှိခဲ့ပါတယ်။

အဒီရဲမီဟာ သူ့ရဲ့ ဂျာမနီ စီနီယာ အသင်းမှာ စတင်ပွဲထွက်ခဲ့တာက ၂၀၂၁ စက်တင်ဘာလ ဟန်စီဖလစ်ရဲ့ လက်အောက်မှာ ကစားခဲ့စဥ်က ဖြစ်ပါတယ်။ သူဟာ နိုင်ငံအတွက် ၄ ပွဲ ပါဝင် ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ဒေါ့မွန်က ဟာလန်းရဲ့ အစားထိုးအဖြစ် သူ့ကို ခေါ်ယူခဲ့ပါတယ်။ နောက်ရာသီ ဒေါ့မွန်မှာ ခြေစွမ်းပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

(၂) ဂျုဘယ်လင်ဂမ် – ဒေါ့မွန်။ ။ ဒေါ့မွန် အသင်းရဲ့ ဘယ်လင်ဂမ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကွင်းလယ် ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာ ကျွမ်းကျင်တဲ့ ကြားဖြတ်ရယူတဲ့ ကစားသမားပါ။ ပွဲစဥ်ရဲ့ အရှိန်ကိုလည်း လိုအပ်သလို အတိုးအလျော့ လုပ်ပေးနိုင်ပြီး ဂိုးသွင်းယူနိုင်မဲ့ အခွင့်အရေးတွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

၂၀၂၁-၂၂ ခုနှစ်မှာ ဘယ်လင်ဂမ်ဟာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၆ ဂိုး သွင်းယူပြီး ဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားပါတယ်။ ၁၈ နှစ်အရွယ် ကစားသမားဟာ ဆောက်ဂိတ်ရဲ့ အင်္ဂလန် ပွဲထွက် စာရင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိထားပြီး လူငယ် ကစားသမားဟာ နိုင်ငံတကာ ပွဲစဥ် ၁၅ ပွဲ ပါဝင် ကစားထားပါတယ်။

(၁) အီဒွာဒိုကာမာဗင်ဂါ – ရီးရဲမက်ဒရစ်။ ။ မက်ဒရစ် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ဆန်တီယာဂိုဘာနေဗျူးမှာ ကောင်းမွန်တဲ့ ပွဲဦးထွက် ရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ ၁၉ နှစ်အရွယ် ပြင်သစ်သားဟာ မက်ဒရစ်ရဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်မှာ ထပ်မံတိုးမြင့်ထားတဲ့ ကစားသမားပါ။ မက်ဒရစ် ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ မိုဒရစ် ၊ ခရုစ်နဲ့ ကတ်စမဲရိုးတို့ကြောင့် ကာမာဗင်ဂါဟာ ပွဲထွက်ခွင့် သိပ်မရခဲ့ပါဘူး။ မက်ဒရစ် နည်းပြ အန်စလော့တီက သူ့ကို လူစားလဲအဖြစ်သာ အသုံးပြုပါတယ်။

ကာမာဗင်ဂါရဲ့ ကွင်းလယ်မှာ ပုံစံကောင်း ပြသနိုင်ပြီး ကြားဖြတ်ရယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ သူဟာ မက်ဒရစ်အသင်း ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ ရှုံးထွက် ၃ ပွဲလုံးမှာ အသင်းကို အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ပြင်သစ် အသက် ၂၁ အောက် ကစားသမားဟာ မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၂ ဂိုး သွင်းယူပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ နောက်ရာသီမှာလည်း ပိုပြီး အရေးပါတဲ့ နေရာက ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။