ရွှေဘောလုံးဆုဟာ ဘောလုံးလောကမှာ ဂုဏ်သတင်း အကြီးမားဆုံး တစ်ဦးချင်း ပေးအပ်တဲ့ ဆုတစ်ခု ဖြစ်ပါတယ်။ ဒီဆုကို ရရှိဖို့ဟာ ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖြစ်ပေမဲ့ သူတို့ရဲ့ လက်ထဲမှာ ဆုဖလားတွေ ရရှိထားမှသာ အကောင်းဆုံး အနေအထားမှာ ရပ်တည်နိုင်မှာပါ။ အနိုင်ရရှိသူကို မီဒီယာကိုယ်စားလှယ် ၊ နိုင်ငံအသင်း နည်းပြနဲ့ အသင်းခေါင်းဆောင်တွေက ရွေးချယ် မဲပေးရတာ ဖြစ်ပါတယ်။ ကဲ ၂၀၂၂ ခုနှစ် ဇွန်လအတွက် ရွှေဘောလုံးဆု အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်ရအောင်ဗျာ။

(၁၀) လီယွန်နယ်မက်ဆီ – ပီအက်စ်ဂျီ ၊ အာဂျင်တီးနား။ ။ မက်ဆီဟာ ပီအက်စ်ဂျီမှာ လီဂူးဝမ်း ပွဲထွက်ရာသီအတွင်း ပုံစံကောင်း မပြသနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဖိုင်နယ်လစ်ဆီမာ ပွဲစဥ်မှာ MOTM ဆု ရရှိခဲ့တာက မက်ဆီကို ဒီစာရင်းမှာ ပါဝင်စေခဲ့တာပါ။ သူဟာ အက်စ်တိုးနီးယားနဲ့ ခြေစမ်းပွဲမှာလည်း ၅ ဂိုး သွင်းယူခဲ့ပါသေးတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၁ ဂိုး သွင်းယူပြီး ဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

(၉) သီဘော့ကော့တွိုက် – ရီးရဲမက်ဒရစ် ၊ ဘယ်လ်ဂျီယံ။ ။ ကော့တွိုက်ရဲ့ စွမ်းဆောင်ရည်ဟာ မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ယခုရာသီမှာ အရေးပါတဲ့ နေရာက ပါဝင်ကစားခဲ့ပါတယ်။ ကော့တွိုက်ဟာ လီဗာပူးနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်မှာ ကာကွယ်မှု ၉ ကြိမ် ပြုလုပ်ခဲ့ပြီး မက်ဒရစ် အသင်းအတွက် လာလီဂါမှာလည်း အကောင်းဆုံး စွမ်းဆောင်ထားနိုင်သူပါ။ လာလီဂါ ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်တာနဲ့ သူ့ရဲ့ တည်ငြိမ်မှုကို ပေါင်းစပ်လိုက်ရင် ရွှေဘောလုံးဆုအတွက် အကောင်းဆုံး ယှဥ်ပြိုင်သူ ဖြစ်လာမှာပါ။

(၈) ကီဗင်ဒီဘရိုင်း – မန်ချက်စတာစီးတီး ၊ ဘယ်လ်ဂျီယံ။ ။ ဒီဘရိုင်းရဲ့ ကစားကွက် ဖန်တီးမှုနဲ့ ဂိုးသွင်းစွမ်းရည်တွေဟာ လီဗာပူးထက် စီးတီးအသင်းကို တစ်မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၄၅ ပွဲမှာ သူဟာ ၁၉ ဂိုး သွငိးယူပြီး ဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ သူဟာ ဒီနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုမှာ ရွေးချယ်ခံခဲ့ရပါတယ်။ သူဟာ ပိုလန်နဲ့ နေးရှင်းလိဂ်မှာလည်း တစ်ဂိုး သွင်းယူပြီး အထင်ကြီးလောက်စရာ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် ရွှေဘောလုံးဆုအတွက် ထိပ်သီး ယှဥ်ပြိုင်သူပါ။

(၇) လူကာမိုဒရစ် – ရီးရဲမက်ဒရစ် ၊ ခရိုအေးရှား။ ။ မိုဒရစ်ဟာ ၂၀၂၁-၂၂ ခုနှစ် ရာသီမှာ ၂၁ ရာစုရဲ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ယောက်ဆိုတာကို သက်သေပြခဲ့ပါတယ်။ ၃၆ နှစ်အရွယ် ကစားသမားဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ မက်ဒရစ်ရဲ့ အောင်မြင်မှုမှာ အဓိက ကျခဲ့ပါတယ်။ ရီးရဲမက်ဒရသ်အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ မိုဒရစ်ဟာ ၃ ဂိုးသွင်းယူပြီး ဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားပါတယ်။ ၂၀၁၈ ခုနှစ် ရွှေဘောလုံးဆုရှင်ဟာ ယခုနှစ်မှာလည်း ဒီဆုအတွက် နေရာတစ်ခု ရှာဖွေနိုင်ဦးမှာပါ။

(၆) ကိုင်လီယန်အမ်ဘာပေ – ပီအက်စ်ဂျီ ၊ ပြင်သစ်။ ။ ၂၃ နှစ်အရွယ် အမ်ဘာပေဟာ သူ့ရဲ့ အမြန်နှုန်း ၊ အလိမ်အခေါက်တွေနဲ့ ပြိုင်ဘက် ခံစစ်တွေကို ကျော်ဖြတ်နေဆဲပါ။ သူဟာ ထောင်စုနှစ်ဘက်ကို ပြောင်းလာကတည်းက ကျွန်တော်တို့ မြင်ခဲ့ဖူးတဲ့ အခြိမ်းခြောက်နိုင်ဆုံး ကစားသမားပါ။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ရာသီ ပီအက်စ်ဂျီ အသင်းအတွက် ပုံစံကောင်း ပြသခဲ့ပြီး ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၃၉ ဂိုး သွင်းယူပြီး ဖန်တီးမှု ၂၆ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ လီဂူးဝမ်းမှာ သွင်းဂိုးရော ဖန်တီးမှုမှာ ထိပ်ဆုံးပါ။ ဒါပေမဲ့ လီဂူးဝမ်း ဖလားတစ်လုံးတည်း ရရှိတာဟာ အမ်ဘာပေကို ရွှေဘောလုံးဆုအတွက် အားမကောင်းစေခဲ့တာကြောင့် သူဟာ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိမနေတာပါ။

(၅) မိုဟာမက်ဆာလတ် – လီဗာပူး ၊ အီဂျစ်။ ။ ဆာလတ်အတွက် ပရီးမီးယားလိဂ် ပထမရာသီဝက် ပုံစံအတိုင်း သွားမယ်ဆိုရင် ခင်ဗျားတို့လည်း သူဟာ ရွှေဘောလုံးဆုဆီကို ရောက်နိုင်မယ်လို့ တွေးမိမှာပါ။ ဒါပေမဲ့ ရာသီဝက်မှာတော့ သူ့ရဲ့ ပုံစံဟာ အဖျားရှူးသွားခဲ့ပါတယ်။ ဒါပေမဲ့ အီဂျစ်သားဟာ အံသြစရာ ကိန်းဂဏန်းတွေနဲ့ ရာသီကို ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ သူဟာ အက်ဖ်အေနဲ့ ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့ပေမဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားကိုတော့ ကပ်လွဲခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၃၁ ဂိုး သွင်းယူပြီး ဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

(၄) ရော့ဘတ်လီဝန်ဒေါ့စကီး – ဘိုင်ယန်မြူးနစ် ၊ ပိုလန်။ ။ ဘွန်ဒက်စ်လီဂါ ဖလားကလွဲပြီး ကျန်ဆုဖလား မရရှိခဲ့တာဟာ ရွှေဘောလုံး ရရှိနိုင်မဲ့ သူ့ရဲ့ အခွင့်အရေးကို ထပ်မံ လျော့နည်းစေခဲ့ပါတယ်။ သူဟာ ၂၀၂၁-၂၂ ခုနှစ်ရာသီ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ဂိုး ၅၀ သွင်းယူပြီး ဖန်တီးမှု ၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ လီဝန်ဒေါ့စကီးဟာ ဥရောပ ရွှေဖိနပ်ဆုအတွက် ဒုတိယအကြိမ် ထပ်မံ ရွေးချယ်ခံခဲ့ရပါတယ်။ ၃၃ နှစ်သားဟာ ယခုနှစ် အစောပိုင်းက ပိုလန်အသင်း ကမ္ဘာ့ဖလား ဝင်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ ယခုနှစ်မှာလည်း ရွှေဘောလုံးဆုကို မဲအနည်းငယ်နဲ့လောက်နဲ့ ကပ်လွဲနိုင်ပါတယ်။

(၃) ဆာဒီယိုမာနေး – ဘိုင်ယန်မြူးနစ် ၊ ဆီနီဂေါ။ ။ မာနေးဟာ လီဗာပူးမှာ ၆ နှစ်လုံး အောင်မြင်မှု ရရှိပြီးနောက် ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ မာနေးဟာ ပြီးခဲ့တဲ့ရာသီက တောင်ပံ ကစားသမားကနေ ဗဟိုတိုက်စစ်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ သူဟာ ဆီနီဂေါကို AFCON ဖလား ရရှိစေခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲမှာ သူဟာ ၂၃ ဂိုး သွင်းယူပြီး ဖန်တီးမှု ၅ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ မာနေးဟာ အက်ဖ်အေဖလား ၊ ကာရာဘောင်းဖလားတို့ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ ဒီ အောင်မြင်မှု အားလုံးက မာနေးကို ရွှေဘောလုံးဆုအတွက် အင်အားတောင့်တင်းတဲ့ ပြိုင်ဘက်ဖြစ်လာစေတာပါ။

(၂) ဗီနီးရှပ်ဂျူနီယာ – ရီးရဲမက်ဒရစ် ၊ ဘရာဇီး။ ။ ဂျူနီယာဟာ ဥရောပ ထိပ်သီး လိဂ် ၅ ခုမှာ အတိုးတက်ဆုံး ကစားသမားဖြစ်ပြီး လျင်မြန်တဲ့ တောင်ပံကစားသမားအဖြစ် လူသိများပါတယ်။ သူဟာ ယခုပြီးခဲ့တဲ့ရာသီ သူ့ရဲ့ အင်အားတောင့်တင်းမှုကို ပြသနိုင်ခဲ့ပြီး ကမ္ဘာ့အခြိမ်းခြောက်နိုင်ဆုံး ကစားသမားအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၂၂ ဂိုး သွင်းယူပြီး ဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်ထားပါတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိထားတာကြောင့် ဂျူနီယာဟာ လာမဲ့ ရွှေဘောလုံးဆုအတွက် မျှော်လင့်နိုင်ပါတယ်။

(၁) ကာရင်ဘန်ဇီမာ – ရီးရဲမက်ဒရစ် ၊ ပြင်သစ်။ ။ ဘန်ဇီမာဟာ ၂၀၂၂ ခုနှစ် ရွှေဘောလုံးဆုအတွက် အလားအလာ အကောင်းဆုံးပါ။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီ မက်ဒရစ်အတွက် ပုံစံကောင်း ပြသနိုင်ခဲ့ပြီး သူ့ ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်ကို ဖြတ်သန်းခဲ့ရပါတယ်။ သူဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ မက်ဒရစ်အတွက် နိုင်ပွဲ ရရှိစေမဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဘန်ဇီမာဟာ ပီအက်စ်ဂျီ (၁၆ သင်းအဆင့်) ၊ ချဲလ်ဆီး (ကွာတားဖိုင်နယ်) တို့နဲ့ ပွဲစဥ်တွေမှာ ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပြီး စီးတီး (ဆီမီးဖိုင်နယ်)နဲ့ ပွဲစဥ်မှာတော့ ၂ ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၄၄ ဂိုးသွင်းယူပြီး ဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ မက်ဒရစ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ရရှိစေခဲ့ပါတယ်။