ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းက လီဗာပူးလ် အသင်းကို အနိုင်ရ ဗိုလ်စွဲခဲ့ပြီး၊ သူတို့ဟာ ဒီရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလား၂လုံး ရယူကာ မယုံနိုင်စရာ ဘောလုံးရာသီတခု ပိုင်ဆိုင်ခဲ့ပါတယ်။ အခြား ဥရောပ ထိပ်တန်းလိဂ်တွေမှာတော့ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ အေစီမီလန်နဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ခဲ့ကြပြီး၊ ဖရန့်ဖတ်နဲ့ ရိုးမား အသင်းတို့ဟာလည်း ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်တို့မှာ ဗိုလ်စွဲခဲ့ကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ ဥရောပ ထိပ်တန်းလိဂ်တွေမှာ အကောင်းဆုံး ဖျော်ဖြေမှု ပေးစွမ်းနိုင်တဲ့ ကစားသမားတွေက ဘယ်သူတွေ ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပြီး၊ ဂိုးလ်သတင်းဌာနက ဖော်ပြထားတဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဥရောပ အကောင်းဆုံးအသင်းကို အခုလို တွေ့ရပါတယ်။

ဂိုးသမား – သီဘောက်ကော်တွိုက် (ရီးရဲလ်မက်ဒရစ်)။ ။ ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမား ကော်တွိုက်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထူးခြားတဲ့ လက်စွမ်းတွေနဲ့အတူ ဂိုးပေါက် ကာကွယ်မှု ၉ကြိမ်အထိ မယုံနိုင်စရာ ပြုလုပ်နိုင်ခဲ့ပြီး၊ သူဟာ ဒီရာသီ ရီးရဲလ်မက်ဒရစ် အသင်း လာလီဂါ ချန်ပီယံ ဖြစ်ခဲ့ရာမှာလည်း တောက်ပခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ညာနောက်ခံလူ – ထရန့် အလက်ဇန္ဒား အာနိုးလ် (လီဗာပူးလ်)။ ။ အာနိုးလ်ဟာ ဖန်တီးနိုင်စွမ်း အမြင့်မားဆုံး နောက်ခံလူတဦးပါ။ သူဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဗင်နီဆီးယက်စ် သွင်းယူသွားတဲ့ဂိုးကို ဖျက်ထုတ်နိုင်ခြင်း မရှိခဲ့ပေမယ့်၊ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂိုးဖန်တီးမှု ၁၈ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး၊ ဒီနေ့ခေတ် ဘောလုံးလောကမှာ သူ့ထက်ကောင်းတဲ့ ညာနောက်ခံလူ မရှိဘူးလို့ ပြောလို့ရပါတယ်။

ဗဟိုနောက်ခံလူ – ဗာဂျယ်ဗန်ဒိုက် (လီဗာပူးလ်)။ ။ ဗန်ဒိုက်ဟာ ၂၀၂၀၂၀၂၁ခုနှစ် ဘောလုံးရာသီက ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ဒီရာသီမှာ အရင်က ခြေစွမ်းမျိုး ပြန်ရနိုင်ပါ့မလား ဆိုတဲ့ သံသယတွေ ရှိခဲ့ကြပေမယ့်၊ ဒတ်ခ်ျ နောက်ခံလူဟာ ဒီရာသီ လီဗာပူးလ် အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ်။

ဗဟိုနောက်ခံလူ – ဒေးဗစ်အလာဘာ (ရီးရဲလ်မက်ဒရစ်)။ ။ ရီးရဲလ်မက်ဒရစ် အသင်းဟာ စွယ်စုံရ ကမ္ဘာ့အဆင့် နောက်ခံလူ အလာဘာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး၊ ဆာဂျီယို ရာမို့စ်ရဲ့ ကျောနံပါတ်ကို ဆက်ခံခဲ့တာဟာ သူ့အတွက် ဖိအားတွေ ရှိလာနိုင်ပေမယ့်၊ စိန်ခေါ်မှုတွေကို ခြေစွမ်းကောင်းတွေနဲ့ တုံ့ပြန် နိုင်ခဲ့ပါတယ်။

ဘယ်နောက်ခံလူ – သီယိုဟာနန်ဒက်စ် (အေစီမီလန်)။ ။ လီဗာပူးလ် နောက်ခံလူ အန်ဒီရော်ဘတ်ဆန်ဟာ ပြီးပြည့်စုံတဲ့ ဘယ်နောက်ခံလူ ဖြစ်ပြီး၊ မန်စီးတီး နောက်ခံလူ ဂျာအိုကန်ဆယ်လိုက စွယ်စုံရ ဘယ်နောက်ခံလူ ဖြစ်ပေမယ့်၊ သီယိုဟာနန်ဒက်စ်က အေစီမီလန် အသင်းကို ၁၁နှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံ ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရတာပါ။

ကွင်းလယ်ခံစစ် – ရိုဒရီ (မန်စီးတီး)။ ။ မန်စီးတီး အသင်းဟာ ဖာနန်ဒင်ဟိုရဲ့ နေရာကို အစားထိုးဖို့ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပေမယ့် ရိုဒရီ ရောက်လာပြီး နောက်ပိုင်းမှာတော့ သူဟာ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား အဖြစ် သက်သေပြခဲ့ပြီး ပပ်ဂွာဒီယိုလာရဲ့ အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ညာတောင်ပံတိုက်စစ် – မိုဟာမက်ဆာလာ (လီဗာပူးလ်)။ ။ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ဆာလာထက် သွင်းဂိုးများတဲ့ ကစားသမား ဒါမှမဟုတ် ဂိုးဖန်တီးမှု ပိုများတဲ့ ကစားသမား တယောက်မှမရှိခဲ့ပဲ၊ သူဟာ ပဲရစ်မှာ ရီးရဲလ်မက်ဒရစ်ကို လက်စားချေနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ကော်တွိုက်ရဲ့ လက်စွမ်းပြမှုကြောင့်သာ အချည်းနှီး ဖြစ်ခဲ့ရပါတယ်။

နောက်ချန်တိုက်စစ် – ကီဗင်ဒီဘရိုင်း (မန်စီးတီး)။ ။ ဒီဘရိုင်းဟာ ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ သွင်းဂို၁၉ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် သက်သေပြကာ မန်စီးတီး အသင်းကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် အဓိကနေရာက ကူညီပေးနိုင်ခဲ့ပါတယ်။

ဘယ်တောင်ပံတိုက်စစ် – ရာဖေးလ်လီယို (အေစီမီလန်)။ ။ ရာဖေးလ်လီယိုဟာ ဒီရာသီမှာ အေစီမီလန် အသင်းနဲ့အတူ လူသိများလာတဲ့ ကစားသမားတဦး ဖြစ်ပြီး၊ သူဟာ အေစီမီလန် အသင်း စကူဒတ်တိုဖလား ရရှိခဲ့ရာမှာ ဂိုးဖန်တီးမှု၁၀ကြိမ်နဲ့ ကူညီ ပေးနိုင်ခဲ့တဲ့အပြင် ရာသီအပိတ် ပွဲစဉ်မှာလည်း ဟက်ထရစ် ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

အထောင်တိုက်စစ် – ရောဘတ်လီဝမ်ဒေါစကီး (ဘိုင်ယန်မြူးနစ်)။ ။ လီဝမ်ဒေါစကီးဟာ လက်ရှိမှာ အသက် ၃၃နှစ်အရွယ် ဆိုပေမယ့် နွေရာသီ အပြောင်းအရွှေ့တိုင်း ဥရောပ ထိပ်သီးကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားခံရတဲ့ ကစားသမား ဖြစ်ပြီး၊ ဒီပိုလန်သားဟာ ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး၅၀ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

အထောင်တိုက်စစ် – ကာရင်ဘန်ဇီမာ (ရီးရဲလ်မက်ဒရစ်)။ ။ ဒီအချိန်မှာ ဘလွန်းဒီအော် ဆုအတွက် မဲရေတွက်မှု ရပ်တန့်ပြီး ဘန်ဇီမာကိုပဲ ဒီဆု ပေးရတော့မယ်လို့ ဟင်နရီက ချီးကျူးရတဲ့အထိ ယခုနှစ် ဘောလုံးရာသီမှာ ပြင်သစ်သား တိုက်စစ်မှူး အစွမ်းပြခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိထားတဲ့အပြင် ပြိုင်ပွဲစုံမှာ ၄၄ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ်။