ချန်ပီယံလိဂ် အင်္ဂါရပ်နဲ့အညီ အပြောင်းအလဲကြီးက မြန်ဆန်လွန်းပြီး သွေးပျက်စရာကောင်းခဲ့ပါတယ်။ အထူးသဖြင့် မန်စီးတီးအတွက် ကာလ တော်တော်ကြာ နိုးထဖို့ ခက်ခဲနေဦးမဲ့ အိပ်မက်ဆိုးပါပဲ။ အိမ်ရှင် ရီးရဲဟာ ၄-၂-၃-၁ ကစားကွက်ကိုခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဘန်ဇီမာ၊ ဗင်နီဆီးယ်ကစ်၊ ဗယ်လ်ဗာဒီတို့ကို တွဲပေခဲ့ကာ ကွင်းလယ်မှာတော့ ကက်စမဲရိုး ပြန်ပါလာကာ မိုရစ်၊ ခရူးစ်တို့ကိုပဲ ကစားစေခဲ့ပါတယ်။ နော်ကတန်းမှာ မန်ဒီ၊ နာချို၊ မီလီတာယို၊ ကာဗာဂျယ်တို့ကို အသုံးပြုခဲ့တာပါ။ မန်စီးတီးကလည်း သူတို့စိတ်ကြိုက် ၄-၃-၃ ကစားကွက်ကို သုံးခဲ့ပြီး တိုက်စစ်မှာ ဖိုဒန်၊ မာရက်ဇ်၊ ဂျေဇူးတို့ကို တွဲပေးခဲ့ပါတယ်။

ကွင်းလယ်မှာ ဒီဘရိုင်း၊ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗားတို့ကို အသုံးပြုခဲ့ကာနောက်တန်းမှာတော့ ဝေါ်လ်ကာ ပြန်ပါလာခဲ့ပြီး ကန်ဆယ်လို၊ လာပေါ့တ်၊ ဒီရက်စ်တို့ကိုပဲ ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ကစားသမားတွေကိုယ်စီ ပြန်လာလာတဲ့အတွက်ကြောင့် နှစ်သင်းစလုံးရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ကြည့်ကောင်းခဲ့တယ်ဆိုပေမဲ့နှစ်သင်းစလုံးက ပထမအကျော့ကလောက် စိတ်လွတ်ကိုယ်လွတ် မရှိခဲ့ပါဘူး။

ကက်စမဲရိုးပြန်ပါလာတဲ့ ရီးရဲကွင်းလယ်က ပကျော့ကထက်စာရင် မန်စီးတီးကွင်းလယ်ပိုင်းကို ယှဉ်ကစားနိုင်ပြီး ပုံစံကောင်းပြခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲဟာ ကွင်းလယ်လုပ်အားနှုန်းကောင်းမွန်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းချိတ်ဆက်မှုအားနည်းခဲ့ပြီး ဘန်ဇီမာနဲ့ ဗင်နီဆီးယက်စ်တို့ တွဲမရခဲ့ပါဘူး။ ဒါကလည်း မန်စီးတီးမှာဝေါ်လ်ကာ ပါလာတာကြောင့်ပါ။ ဝေါ်လ်ကာဟာ ပထမပိုင်းမှာတော့ ဗင်နီဆီးယက်စ်ကို အိတ်ကပ်ထဲ အကောင်းဆုံးထည့်ထားနိုင်ခဲ့ပြီး ဗင်နီဆီးယက်စ်အနေနဲ့ ဘယ်လိုမှ ကျော်ဖြတ်မရခဲ့ပါဘူး။ ပထမအကျော့က အနိုင်ရထားတဲ့ မန်စီးတီးကတော့ ပွဲကိုအနည်းငယ် ထိန်းချုပ်ကစားနေပြီး ရီးရဲရဲ့ တန်ပြန်ကိုကြောက်တဲ့အတွက် ရဲရဲတင်းတင်း ဖွင့်ကစားခဲ့ပါဘူး။

ဒီပွဲမှာ မန်စီးတီးရဲ့ အကောင်းဆုံး နေရာက ပကျော့က အာရုံစိုက်မှု အားနည်းခဲ့တဲ့ ခံစစ်ပါ။ မန်စီးတီးက ဒီပွဲမှာ အကောင်းဆုံးပုံစံပြသခဲ့ပြီး ရီးရဲတိုက်စစ် ကစားသမားတွေ ချိတ်ဆက်လို့မရအောင် ပြုလုပ်ထားခဲ့ပါတယ်။နှစ်သင်းစလုံးက ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ အသီးသီး ရခဲ့ပေမဲ့ မန်စီးတီးဘက်က ဆေးလ်ဗား၊ ဖိုဒန်တို့ရဲ့ ကန်ချက်ကို ရီးရဲဂိုးသမားကော့တွိုက်စ် လက်စွမ်းပြခဲ့လို့ ရီးရဲဘက်က ဘန်ဇီမာ၊ဗင်နီဆီးယက်စ်တို့ရဲ့ကန်ချက်တွေက ကောင်းမွန်ခဲ့ပေမဲ့လည်း လွဲချော်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရင်း ဂိုးမရှိသရေရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အပြန်အလှန် တိုက်စစ်ဆင် ကစားပြီး ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ မိနစ် ၅၀ ၀န်းကျင်လောက်မှာတော့ ရီးရဲက ပိုပြီး ဖိအားပေးလာနိုင်ခဲ့ပါတယ်။ ဗင်နီဆီးယက်စ်ရဲ့ လှုပ်အားကို ဝေါ်လ်ကာ ထိန်းချုပ်ရ ပိုခက်လာတာပေမဲ့ ဒီရက်စ်က ပုံစံကောင်းပြနေလို့ ရီးရဲတိုက်စစ် တိုးမပေါက်ခဲ့ပါဘူး။ အဲဒီနောက် ၇၂ မိနစ်မှာတော့ မန်စီးတီးက ဇင်ချန်ကို၊ ဂန်ဒိုဂန်တို့ကိုထည့်သွင်းပြီး အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ ဂန်ဒိုဂန်ဝင်လာပြီး ၁ မိနစ်မှာပဲမန်စီးတီးတို့ လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။

ဝင်ဝင်လာချင်းမှာပဲ ဂန်ဒိုဂန်ရဲ့ သေသပ်တဲ့ ဘောလုံးဖြန့်ဝေမှုကို ဆေးလ်ဗားက ဆွဲပြေးပြီး မာရက်ဇ်ကို ခင်းပေးလိုက်ရာမှာ မာရက်ဇ်က အပြင်းကန်သွင်းပြီး မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တာပါ။ဒီတစ်ခေါက်မှာတော့ ကော့တွိုက်စ် ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အဲဒီနောက် ရီးရဲမက်ဒရစ်ကလည်း အဆန်စီယို၊ ကာမာဗင်ဂါတို့ကို ထည့်သွင်းပြီး ကွင်းလယ်ပိုင်း အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ မန်စီးတီးကပဲ ပွဲကိုထိန်းချုပ်ကစားခဲ့ပြီး နောက်ထပ်ဂိုးတွေရဖို့ အကြောင်းဖန်ခဲ့ပေမဲ့ ဂိုးကံခေနေခဲ့ပါတယ်။

ကန်ဆယ်လိုရဲ့ ကန်ချက် ကောင်းမွန်ခဲ့ပေမဲ့ ဂိုးပေါက်နဲ့လွဲခဲ့သလို ဂရီးလစ်ရှ်ကန်ချက်ကလည်း ဂိုးမဝင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ရိုဒရီဂိုက ရီးရဲအတွက် ချေပဂိုးပြန်သွင်းခဲ့ပြီး ပွဲကဇာတ်ရှိန်အမြင့်ဆုံး အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ ချေပဂိုးရပြီးနောက် ရီးရဲတို့ စိတ်ဓာတ်တက်သွားပြီး ၁ မိနစ်အကြာမှာပဲ ကာဗာဂျယ်ရဲ့ ဖြတ်တင်ပေးမှုကို ရိုဒရီဂိုက ခေါင်းတိုက်ပြီး အံ့အားသင့်ဖွယ် Comeback ကို ဖန်တီးပေးခဲ့ပါတယ်။ ၂ မိနစ်အတွင်း ၂ဂိုးဆက်တိုက်ပေးလိုက်ရပြီးနောက် မန်စီးတီးတို့ ပုံစံပျက်သွားခဲ့ပြီး အချိန်ပိုဆက်ကန်ခဲ့ရပါတယ်။

အချိန်ပိုစစချင်း ၅ မိနစ်အကြာမှာပဲ ဘန်ဇီမာကို ဒီရက်စ် ဖြတ်ထုတ်ပုံ ကြမ်းခဲ့တယ်ဆိုပြီး ရီးရဲတို့ ပင်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို ဘန်ဇီမာကပဲ အမှားအယွင်းမရှိကန်သွင်းသွားခဲ့တာဖြစ်ပြီး ရီးရဲအတွက် နောက်တစ်ဆင့်တက်စေမဲ့ဂိုးကို သွင်းခဲ့ပါတယ်။ အချိန်တိုအတွင်း ပြောင်းလဲမှုကြီးက မြန်ဆန်သွားတဲံအတွက်မ န်စီးတီးကစားသမားတွေအနေနဲ့ လက်ခံဖို့ ခဲယဉ်းခဲ့ပြီး လက်ကျန်မိနစ်တွေမှာ ယုံကြည်မှု ကျဆင်းခဲ့ရပါတယ်။

အချိန်ပို ပထမအပြီးမှာ မန်စီးတီး ဂိုးရနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမဲ့ ဖိုဒန်ရဲ့ ခေါင်းတိုက်ချက်ကို ကော့တွိုက်စ် ကာကွယ်နိုင်ခဲ့သလို ဖာနန်ဒင်ဟိုရဲ့ ပိတ်သွင်းမှုကလည်း လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။အချိန်ပို ဒုတိယပိုင်းမှာ မန်စီးတီးတို့ ကစားပုံကျဆင်းသွားခဲ့ပြီး ပြန်လာနိုင်ခဲ့ခြင်းမရှိဘဲ သွေးပျက်ထိတ်လန့်ဖွယ်ရာ ဘာနေဗျူးညချမ်းကို ပိုင်ဆိုင်ခဲ့ရပါတယ်။