ချဲလ်ဆီးတို့ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အင်တာမီလန်ကနေပြီးတော့ တိုက်စစ်မှူး လူကာကူကို ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေကြေး ပေါင် (၉၇.၅)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဂျီယံသားဟာ ချဲလ်ဆီးအသင်းမှာ ရုန်းကန်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချဲလ်ဆီးအတွက် (၂၈)ပွဲကစားခဲ့ကာ သွင်းဂိုး (၈)ဂိုးသာလျင် သွင်းယူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိနွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာတော့ လူကာကူတစ်ယောက် ချဲလ်ဆီးကနေ ထွက်ခွာဖို့ ကြိုးစားလာခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးမှာ ရှိနေစဉ်တုန်းကလည်း အသင်းဟောင်း အင်တာ မီလန်ကို သတိရတဲ့ အကြောင်းတွေကြောင့် လူကာကူတစ်ယောက် ချဲလ်ဆီးမှာ အဆင်မပြေမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ လူကာကူဟာ ဒီနွေဈေးကွက်ထဲမှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ များနေပြီး အသင်းဟောင်း အင်တာမီလန်ဆီကို ပြန်ဖို့ များနေတာ ဖြစ်ပါတယ်။ တကယ်လို့ လူကာကူသာ ထွက်ခဲ့ရင် သူ့ရဲ့နေရာကို ဘယ်သူနဲ့ အစားထိုးမလဲဆိုတဲ့ မေးခွန်းတွေက ထွက်ပေါ်လာခဲ့ပါတယ်။ ဒီတော့ လူကာကူသာ ချဲလ်ဆီးကနေ ထွက်ခွာခဲ့မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးတို့ဖြစ်နိုင်တဲ့ တိုက်စစ်မှူး (၃)ဦးကတော့…။

(၁)ဟယ်ရီကိန်း။ ။ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ရဲ့ မျိုးဆက်မှာတော့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ ကိန်းအနေနဲ့ စတမ်းဖို့ဘရစ်ချ်မှာ တူချယ်ရဲ့ လက်အောက်မှာ အံဝင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ပရီးမီးယားလိဂ်မှာ စပါးနဲ့ အတူ ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ သူဖြစ်ပြီး၊ စပါးအတွက် ပရီးမီးယားလိဂ် (၂၇၈)ပွဲ ကစားပေးထားခဲ့ပြီး (၁၈၂)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးလည်းပဲ ဖြစ်ပါတယ်။

အသက်(၂၈)နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ကိန်းကို ခေါ်ယူချင်တဲ့ ထိပ်တန်း အသင်းတွေ အများအပြား ရှိနေကြပေမဲ့ စပါးအသင်းက မရောင်းချတာကြောင့် ခေါ်ယူဖို့ ခက်ခဲနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်တုန်းကဆိုရင် မန်စီးတီးကို ရောက်ဖို့ တော်တော်လေးနီးစပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စပါးအသင်းဥက္ကဌ လီဗိုင်နဲ့ မန်စီးတီးတို့ကြား ဆွေးနွေးမှုတွေ အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေက မန်စီးတီးဟာ ကိန်းကို ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ စပါးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂)နှစ်သာ ကျန်ရှိတော့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီကထက် ပိုပြီးတော့ နည်းပါးတဲ့ ပြောင်းရွှေ့ကြေးတရပ်နဲ့ ခေါ်ယူနိုင်ဖို့ အလားအလာတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ (၂)ဗစ်တာ အိုရှင်ဟမ်။ ။ (၂၀၂၁-၂၂)ဘောလုံး ရာသီမှာ နာပိုလီနဲ့ အတူ အိုရှင်ဟမ်တစ်ယောက် တောက်ပခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက နာပိုလီအတွက် စီးရီးအေး (၂၇)ပွဲမှာ ဂိုးဖန်တီးမှု (၂)ကြိမ်နဲ့ သွင်းဂိုး (၁၄)ဂိုး အထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စီးရီးအေရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ အိုရှင်ဟမ်ဟာ အဆုံးသတ်ပိုင်း၊ ဘောလုံးဆွဲယူလာမှုနဲ့ အလိမ်အခေါက် ပိုင်းတွေ ကောင်းမွန်တဲ့အပြင် အမြင့်ဘောတွေကို အဆုံးသတ်ရာမှာလည်း ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ WhoScoredရဲ့ စွမ်းဆောင်ရည် သက်မှတ်ချက်တွေ အရ ပြီးခဲ့တဲ့ ရာသီတုန်းက အိုရှင်ဟမ်ဟာ တစ်ပွဲမှာ ဂိုးသွင်းမှု (၃.၄)ကြိမ်၊ အရေးပါတဲ့ ဘောလုံးပေးပို့မှု (ဝ.၆)ကြိမ်၊ တစ်ဦးချင်းကျော်ဖြတ်နိုင်မှု (၁.၉)ကြိမ်နဲ့ အောင်မြင်တဲ့ ဘောလုံးဆွဲယူမှု (၁.၁)ကြိမ် ပျမ်းမျှ ရှိထားခဲ့တာ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းစာ တရပ်ရဲ့ အဆိုအရ အိုရှင်ဟမ်ကိုခေါ်ယူဖို့ မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပြီး၊ ချဲလ်ဆီးနည်းပြ တူချယ်ကလည်း အိုရှင်ဟမ်ကိုခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။ (၃)ဂါဘရီရယ်ဂျီးဆပ်။ ။ (၂၀၁၆)ခုနှစ် နွေရာသီမှာ ဂျီးဆပ်ဟာ မန်စီးတီး အသင်းထံ ပါမီးရက်စ်အသင်းကနေပြီးတော့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအတွက် လိဂ်ပွဲစဉ် (၁၅၉)ပွဲ ကစားပေးထားခဲ့ပြီး သွင်းဂိုး (၅၈)ဂိုး အထိ သွင်းယူပေးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးအတွက် အရေးပါတဲ့နေရာက နေပါဝင်ကစားပေးခဲ့ပြီး၊ လိဂ်ပွဲစဉ် (၂၈)ပွဲမှာ သွင်းဂိုး (၈)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်မှာလည်း (၈)ပွဲကစားပြီး (၄)ဂိုး သွင်းယူပေးနိုင်ခဲ့ပါ သေးတယ်။ ဒါပေမဲ့ လက်ရှိ မန်စီးတီးအသင်းကို ဟာလန်းရောက်ရှိလာမှုက လာမယ့် ရာသီ ဂျီးဆပ်စ်ရဲ့ ပုံမှန်ပွဲထွက်ခွင့်ကို မရေရာ မသေချာမှုတွေ ဖြစ်လာနိုင်စေပါတယ်။

ဒါ့ကြောင့်ပဲ ဂျီးဆပ်ဟာ အသင်းပြောင်းရွှေ့ဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။ ဂျီးဆပ်ကိုခေါ်ယူဖို့ လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းက ထိပ်ဆုံးကနေ ဦးဆောင်လျက်ရှိနေပြီးတော့ ချဲလ်ဆီး တို့ အနေနဲ့ လူကာကူရဲ့နေရာမှာ အစားထိုးဖို့ ဂျီးဆပ်ကိုခေါ်ယူချင်တယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန်လေး လှုပ်ရှားဖို့တော့ လိုမှာ ဖြစ်ပါတယ်။