အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့ပွဲကို ဝင်ဘလီမှာ မကစားဘဲ ဝုလ်ဗာဟမ့်ပ်တန်အသင်းရဲ့ မိုလီနူးကွင်းမှာ ပြောင်းကစားပြီး ယတြာချေသလား မသိပေမယ့် အီတလီကိုတော့ ပုံစံကောင်းလည်း မပြ၊ အနိုင်လည်း မယူနိုင်ဘဲ နေးရှင်းလိဂ်(A)မှာ ဂျာမနီနဲ့အတူ နိုင်ပွဲမရသေးဘဲ အခြေအနေ ဆိုးရွားနေခဲ့ရပါတယ်။ ၄-၂-၃-၁ ပုံစံ ပြန်ပြောင်းခဲ့ပေမယ့် ဘယ်နောက်ခံလူတော့ မရှိတဲ့ အင်္ဂလန်ဟာ ထရစ်ပီယာကို အဲ့ဒီနေရာမှာ ထားခဲ့ရပြီး သူနဲ့ တွဲဖက်တဲ့ ဘယ်အတွင်းခြမ်းမှာတော့ တိုမိုရီကို ထည့်သွင်းခဲ့သလို မက်ဂွိုင်းယား၊ ရီးစ် ဂျိမ်းစ်၊ ဂိုးသမား ရမ်းစ်ဒေးလ်တို့နဲ့ တွဲကစားခိုင်းခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့ ဝက်စ်ဟမ်း-ဆောက်သမ်တန် ကပ္ပတိန်နှစ်ယောက်ကို မာကျောစေဖို့ တွဲဖက်ပေးခဲ့တာပါ။

ဒါပေမယ့် တိုက်စစ်ပိုင်းမှာတော့ အလုပ်မဖြစ်တဲ့ ကစားသမားတွေချည်း ရွေးပြီး ပွဲထုတ်လာသလား မေးရမလိုဖြစ်နေခဲ့ပြီး စတာလင်နဲ့ ဂရီးလစ်ရှ်လို မန်စီးတီးရဲ့ ပလာတာညီနောင်ကို တောင်ပံတွေမှာ ထားခဲ့သလို ခြေပျောက်နေတဲ့ လန်ဒန်သား မေဆန်မောင့်နဲ့ ရိုးမားနဲ့ ဘာဆိုလား ဖြစ်ခဲ့တဲ့ အေဘရာဟမ်တို့ကို တွဲပေးခဲ့တာကလည်း ဆောက်ဂိတ်ရဲ့ အကြံကုန် ဂဠုန်ဆားချက်မှုပဲ ဖြစ်ခဲ့ပါတယ်။

အီတလီနည်းပြ မန်ချီနီကတော့ အင်္ဂလန်ကျွန်းကို လာကန်ရာမှာ နာမည်ကြီးတွေကိုတောင် အနားပေးခဲ့ပြီး စကာမက်ကာ၊ ပက်ဆီနာ၊ ဖရက်တေစီ၊ ဒီမာကို၊ ဂက်တီတို့လို နာမည်သိပ်မရှိသူတွေကို သုံးစွဲခဲ့သလို အမာခံတွေထဲကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ လာဇီယိုအဘိုးကြီး အချယ်ဘီ၊ နာပိုလီရဲ့ ဒီလော်ရန်ဇို၊ အေစီရဲ့ တိုနာလီ၊ ဂျူဗီရဲ့ လိုကာတယ်လီနဲ့ ရိုးမားရဲ့ ပယ်လီဂရီနီတို့ကို ပွဲထုတ်လာခဲ့တာပါ။

လူကောင်းတွေရှိပြီး နည်းပြ အသုံးမကျတဲ့ အင်္ဂလန်နဲ့ တိုက်စစ်မျိုးဆက်ပြတ်ပြီး နည်းပြကောင်းရှိတဲ့ အီတလီတို့ရဲ့ အားပြိုင်မှုကတော့ ဗျူဟာအရ ဧည့်သည်တွေပဲ ထိထိရောက်ရောက် ကစားနိုင်ခဲ့ပြီး အိမ်ရှင်တွေကတော့ ဘောလုံးကိုင်ကစားပြီး ထိုးဖောက်မှုက မစွံသလို ပွဲချိန် ၂ မိနစ်မှာ ကတည်းက ဖရက်တေစီရဲ့ ကန်ချက် တိုင်ဘေးက ထွက်သွားခဲ့လို့ ဂိုးစမပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာ ဂိုးသမား ဒွန်နာရမ်မာရဲ့ လူမကြည့်ဘဲ ပေးတဲ့ ရောင်းချမှုကို အေဘရာဟမ် မဝယ်နိုင်ချိန်မှာ လိုကာတယ်လီ ကျားကုတ်ကျားခဲ လိုက်လံပိတ်ဆို့သွားခဲ့လို့ ဧည့်သည်တွေ သက်သာခဲ့ရပြီး ပွဲချိန် ၉ မိနစ်မှာ မေဆန်မောင့်ကလည်း ဘားထိအောင်ပဲ ကန်ခဲ့သလို အီတလီရဲ့ ဘီအဆင့်သာ ရှိတဲ့ အသင်းကို အလုပ်ဖြစ်အောင် မကြံနိုင်ခဲ့တာပါ။

အီတလီညာနောက်ခံလူ ဒီလော်ရန်ဇိုကတော့ ထရစ်ပီယာကို အေးအေးဆေးဆေး ကျော်ပြေးပြီး ဖြတ်တင်ဘောတွေ လုပ်နေခဲ့တာကို တိုက်စစ်က ညံ့လွန်းလို့သာ အင်္ဂလန်တို့ ဂိုးမပေးခဲ့ရတာဖြစ်ပြီး တစ်လုံးမှာတော့ တိုနာလီ အလွတ်ပိတ်ခွင့်ရအောင် နောက်တန်းတွေက လွှတ်ပေးခဲ့ချိန်မှာ အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ် ပိတ်ဆို့ကာကွယ်သွားခဲ့ရတာဖြစ်ပါတယ်။

အသင်းငယ်လေးတွေကို အနိုင်ကျင့်တတ်ပြီး အသင်းကြီးတွေနဲ့ တွေ့တိုင်းရှုံးတတ်တဲ့ အင်္ဂလန်ကတော့ ဒီနေ့လို ပုံစံမျိုးနဲ့ ကာတာကို ဘာများ သွားလုပ်ကြမှာလဲလို့ မေးစရာဖြစ်ခဲ့ပြီး တိုက်စစ်အဆုံးသတ်ပိုင်းက ဝတ်ကျေတန်းကျေ ရှိလွန်းသလို ခံစစ်ကလည်း မန်ယူကပ္ပတိန် ခေါင်းကြီးရဲ့ ဓာတ်တွေကူးပြီး အိုးနင်းခွက်နင်းဖြစ်လွန်းတဲ့အခါမှာ အီတလီရှေ့တန်းက အပြိုင်ညံ့ခဲ့လို့သာ မျက်နှာမပျက်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဘဲဉမကွဲကြသလို ဒုတိယပိုင်းစပြီးချိန်မှာလည်း ရီးစ်ဂျိမ်းစ်ရဲ့ အမြော်အမြင်ရှိရှိ ပေးပို့မှုကို လက်ပတ်ကြီးမှ အားမနာတတ်တဲ့ စတာလင်က တစ်ယောက်တည်းပိတ်ပြီး ဘားပေါ်ချော်ကန်ခဲ့သလို အီတလီရဲ့ ဒီလော်ရင်ဇိုနဲ့ ကွင်းလယ်က ဖန်တီးမှုတွေ ကောင်းနေသလောက် သုံးစားမရတဲ့ စကာမက်ကာတို့ အုပ်စုကလည်း ခြေစစ်ပွဲမအောင်တာ မဆန်းဘူးလို့ သက်သေထူနေခဲ့ပါသေးတယ်။

ပွဲချိန် ၆၄ မိနစ်မှာ အီတလီဘက်က လိုကာတယ်လီနဲ့ ပယ်လီဂရီနီတို့အစား ဂနွန်တိုနဲ့ အက်စ်ပိုစီတိုတို့ကို လဲခဲ့သလို တစ်မိနစ်အကြာမှာတော့ အင်္ဂလန်ဘက်က အေဘရာဟမ်၊ မေဆန်မောင့်နဲ့ ဒက်ကလန် ရိုက်စ်တို့အစား ဟာရီကိန်း၊ ဘိုဝင်နဲ့ ကယ်လ်ဗင် ဖိလစ်တို့ ဝင်ကစားခဲ့ကြပြီး အီတလီတို့ကတော့ ထရစ်ပီယာရဲ့ ညာခြမ်းကိုပဲ ရေတွင်းတူးဖို့ ကြိုးစားနေခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အီတလီဘက်က စကာမက်ကာအစား ရက်စ်ပါဒိုရီ၊ ဒီမာကိုအစား ဖလော်ရင်ဇီ၊ ပက်ဆီနာအစား ခရစ္စတန်တေတို့ကို ထည့်သွင်းခဲ့ပြီး အင်္ဂလန်တို့ကတော့ စတာလင်အစား ဆာကာနဲ့ တိုမိုရီအစား ဂေးဟီတို့ကို အပြောင်းအလဲလုပ်ခဲ့ကြပေမယ့် အိမ်ရှင်ပရိသတ်တွေ ကျေနပ်ဖို့ ဘောလုံးကိုင်ပေးနိုင်တာကလွဲလို့ ဘာမှဖြစ်မလာတော့တဲ့အတွက် မိုလီနူးမှာ ကြက်ဉဘဲဉဖြစ်ခဲ့ကြရပါတယ်။

ဒီပွဲရလဒ်ကြောင့် သရေတစ်မှတ်ရတဲ့ အင်္ဂလန်တို့ သုံးပွဲကစားအပြီးမှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနဲ့ အုပ်စု(၃)ရဲ့ အောက်ဆုံးနေရာကနေ တန်းဆင်းဖို့ မျှော်လင့်နိုင်ခဲ့ချိန်မှာ အီတလီတို့ကတော့ တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ အုပ်စုထိပ်ကနေ ဦးဆောင်ခဲ့ကြပြီး ဒုတိယနေရာမှာ တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားတဲ့ ဟန်ဂေရီတို့ ရှိနေခဲ့သလို အင်္ဂလန်နဲ့ ထူးမခြားနား ဂျာမနီတို့ကလည်း နိုင်ပွဲမရှိသေးဘဲ သုံးပွဲသရေနဲ့ တတိယနေရာမှာသာ ရပ်တည်ခဲ့ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။