ဒိန်းမတ်အသင်းဘက်ကိုချေပဂိုးမသွင်းခင် ဩစတြီးယားတို့ဘယ်လိုဖိအားပေးခဲ့တယ်ဆိုတဲ့ရုပ်သံဖိုင်တွေ ထွက်ပေါ်လာခဲ့ပြီး ပရိသတ်တော်တော်များများကတော့ ယူနိုက်တက်မှာမြင်ချင်ခဲ့ကြတာပါ။

ရန်းနစ်ဟာနိုဝင်ဘာလအတွင်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး ရာသီကုန်အထိအသင်းကိုနေရာတစ်နေရာရောက်အောင် ဆွဲတင်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် အသက် ၆၃နှစ်ရှိပြီဖြစ်တဲ့နည်းပြကြီးဟာ နည်းပြသစ်ခန့်အပ်မယ့်ယူနိုက်တက်အသင်းမှာ ရာသီကုန်ရင်အတိုင်ပင်ခံရာထူးကိုဆက်လက်ရယူဖို့အတွက် သဘောတူညီမှုရယူထားတာပါ။

ယူနိုက်တက်ဟာရာသီကုန်မှာ အဆင့် ၆နဲ့သာရာသီသိမ်းနိုင်ခဲ့တာဖြစ်ပြီး ရမှတ်အနိမ့်ဆုံးနဲ့ရာသီသိမ်းခဲ့တဲ့နောက် နည်းပြကြီးရန်းနစ်ဟာလဲ အသင်းကနေထွက်ခွါလာပြီး ဩစတြီးယားအသင်းရဲ့နည်းပြဖြစ်လာပါတယ်။

ရန်းနစ်ဟာ လျှင်မြန်ပြီးမာကျောတဲ့ကစားဟန်တစ်ခုနဲ့ အသင်းကိုတည်ဆောက်တတ်သူအဖြစ် နာမည်ကျော်ကြားပေမယ့် ယူနိုက်တက်မှာတော့ သူ့ရဲ့ကစားဟန်အတိုင်း မကစားပြနိုင်ခဲ့ပါဘူး။

ယူနိုက်တက်ကစားသမားတွေဟာ နည်းပြရန်းနစ်ရဲ့နည်းစနစ်တွေကိုမလိုက်နာခဲ့ပေမယ့် ဩစတြီးယားကစားသမားတွေကတော့ နည်းပြကြီးရဲ့နည်းစနစ်အတိုင်းကစားကာ ဂိုးတွေပါသွင်းယူနေခဲ့ပါပြီ။

ပြီးခဲ့တဲ့အင်္ဂါနေ့က ဩစတြီးယားဟာဒိန်းမတ်အသင်းကို ၂ဂိုး-၁ဂိုးနဲ့ရှုံးနိမ့်ခဲ့တာမှန်ပေမယ့် ဩစတြီးယားအသင်းရဲ့သွင်းဂိုးမှာ နည်းပြရန်းနစ်ရဲ့ high-pressing ကစားပုံကို သိသိသာသာမြင်တွေ့ခဲ့ရပါတယ်။

ဒိန်းမတ်နောက်ခံလူ ဂျိုအာချင်အန်ဒါဆန်ဟာ ဂိုးသမားရှမိုက်ကယ်ထံဘောလုံးပြန်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီမှာ ဩစတြီးယားတိုက်စစ်ကစားသမား ဂရီဂေါ်ရစ်ချ်က အခြေအနေတွေကိုသုံးသပ်မိခဲ့တာပါ။

အဆိုပါတိုက်စစ်မှူးဟာ ဂိုးသမားဆီကနေဘောလုံးကိုဖြတ်တားပြီး အနားမှာရှိတဲ့အာနော်တိုဗစ်ဆီချပေးရာကနေတစ်ဆင့် ရှလာဂါကအသင်းအတွက် ချေပဂိုးကိုသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကို ယူနိုက်တက်ကင်းထောက်တွေလာရောက်ကြည့်ရှုသွားခဲ့ကြပြီး နည်းပြကြီးရဲ့နည်းစနစ်တွေကပြဿနာလား၊ အသင်းကပြဿနာလားဆိုတာ ကောင်းကောင်းသဘောပေါက်သွားကြမှာပါ။