မန်ချက်စတာယူနိုက်တက်အသင်းကို ရာသီကုန်မှာ ကိုင်တွယ်တော့မယ့် မန်နေဂျာ အဲရစ် တန်ဟာ့ဂ်အနေနဲ့ ကစားသမားအဝယ်စာရင်းမှာ အသင်းဟောင်း အိုင်းယက်စ်အသင်းရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ထည့်သွင်းသွားခဲ့ပြီး သူ့ရဲ့စနစ်မှာ ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လိမ့်မယ်လို့ ယူဆနေကြောင်း သိရပါတယ်။

ဒတ်ချ်မန်နေဂျာအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အမြန်ဆုံးပူးပေါင်းနိုင်ဖို့အတွက် ဒတ်ချ်အမှတ်ပေးလိဂ်ချန်ပီယံတွေနဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး အိုင်းယက်စ်အသင်းရဲ့ ရာသီအပြီး ခရီးစဉ်ကိုတောင် ပါဝင်လိုက်ပါခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

တန်ဟာ့ဂ်အနေနဲ့ ယူနိုက်တက်မှာ လက်ရှိအချိန်အထိ ဆောင်ရွက်နေတဲ့ လူသစ်စုဆောင်းရေးအဖွဲ့နဲ့အတူ သူတို့ရဲ့နွေရာသီအစီအစဉ်နဲ့ပတ်သက်ပြီး အကြေအလည်ဆွေးနွေးရဖွယ်ရှိနေပြီး ဒီနှစ်ဘောလုံးရာသီမှာ ဆိုးရွားလွန်းတဲ့ခံစစ်ကြောင့် ခံစစ်မှူးတစ်ဦးကိုလည်း တန်ဟာ့ဂ်က ခေါ်ယူလိုနေတာပါ။

ယူနိုက်တက်အနေနဲ့ တန်ဟာ့ဂ်ရဲ့ အတော်လေးကောင်းတယ်လို့ သတ်မှတ်တာခံထားရတဲ့ အိုင်းယက်စ်အသင်းရဲ့ လူငယ်ခံစစ်မှူး ဟူရီယန် တင်ဘာကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပေမယ့် The Telegraph သတင်းဌာနရဲ့အဆိုအရ သူ့အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် ပိုမိုစိတ်ပါဝင်စားရှိနေကြောင်း သိရပါတယ်။

နေရာရွှေ့ပြောင်းကစားနိုင်တဲ့ အာဂျင်တိုင်းသားအနေနဲ့ ကွင်းလယ်မှာလည်း ကစားနိုင်ပြီး တန်ဟာ့ဂ်လက်အောက်မှာတုန်းက အိုင်းယက်စ်အသင်းရဲ့ ခံစစ်ကျောက်ဆောင်အဖြစ် ရပ်တည်ခဲ့သလို မန်ချက်စတာမှာ ကျင့်သုံးမယ့် စတိုင်နဲ့ ဒဿနတွေနဲ့ သင့်တော်တဲ့ ခံစစ်မှူးလို့လည်း ယူဆနိုင်တာဖြစ်ပါတယ်။

မာတီနက်ဇ်အနေနဲ့ တစ်ယောက်ချင်းရင်ဆိုင်မှုတွေမှာ ကောင်းမွန်သူတစ်ဦးဖြစ်ပြီး ခံစစ်ကနေ ဘောလုံးပေးပို့ပုံနဲ့ ကစားပုံကောင်းတာကြောင့် တန်ဟာ့ဂ်ရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်သလို လောလောလတ်လတ်ပဲ အိုင်းယက်စ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိထားခဲ့တာဖြစ်ပါတယ်။

တန်ဟာ့ဂ်ကတော့ အိုင်းယက်စ်အသင်းမှာ သူအောင်မြင်ခဲ့ရခြင်းရဲ့ အဓိကသော့ချက်တွေထဲက တစ်ခုအဖြစ် မာတီနက်ဇ်ကို ရှုမြင်ထားပြီး အိုးလ်ထရက်ဖို့ဒ်မှာ သူ့တပည့်ဟောင်းနဲ့ ပြန်လည်ပူးပေါင်းဖို့အတွက် ဆန္ဒရှိနေကြောင်း သိရပါတယ်။

ဒါ့အပြင် တန်ဟာ့ဂ်အနေနဲ့ အိုင်းယက်စ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမား(အသင်းကြီးအတွက်)အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တင်ဘာရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပေမယ့် အသက် ၂၀ နှစ်အရွယ်သာရှိသေးတဲ့ ခံစစ်မှူးကတော့ ချန်ပီယံလိဂ်ကစားရတဲ့အသင်းကိုသာ ပြောင်းရွှေ့ချင်တာပါ။

ဒါ့အပြင် တန်ဟာ့ဂ်အနေနဲ့ ဥရောပရဲ့ထိပ်တန်းကလပ်အသင်းတွေတိုင်းက တင်ဘာကို အာရုံစိုက်နေကြကြောင်း မကြာသေးမီတုန်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါသေးတယ်။

ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတဲ့ အသင်းတွေထဲမှာ လောလောဆယ်တော့ ပြိုင်ဘက်ကင်းနေသေးတာဖြစ်ပေမယ့် သူ့ရဲ့အိုင်းယက်စ်အသင်းနဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းက လာမယ့်ဘောလုံးရာသီ ၃ ခုပြီးမှသာ ကုန်ဆုံးမှာဖြစ်တာကြောင့် အနည်းဆုံး ယူရိုသန်း ၃၀ (ပေါင် ၂၅ သန်း)ဝန်းကျင် အသုံးပြုရမှာဖြစ်ပါတယ်။

မာတီနက်ဇ်အနေနဲ့ မြန်နှုန်းမြင့်ပြီး ပေါက်ကွဲအားတွေ၊ ပြင်းအားတွေရှိတာကြောင့် တန်ဟာ့ဂ်လိုချင်တဲ့ ခံစစ်မှူးမျိုးလို့ ယူဆရနိုင်သလို ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုအားပြုတဲ့ ကစားဟန်နဲ့ဆို တန်ဟာ့ဂ်အတွက် ပိုသင့်တော်မယ့်ကစားသမားလို့ ယူဆနိုင်တာဖြစ်ပါတယ်။

အဆိုပါအချက်ကလည်း တင်ဘာထက်စာရင် မာတီနက်ဇ်ကို ခေါ်ယူဖို့အတွက် အခွင့်ပိုသာစေတာဖြစ်ပြီး တင်ဘာအတွက်တော့ အဆိုပါအချက်က မေးခွန်းထုတ်စရာဖြစ်နေသေးသလို မာတီနက်ဇ်ကို ခေါ်ယူနိုင်မှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။