တန်ဟတ်ရဲ့ မန်ယူနိုက်တက် နည်းပြ ဘ၀ ပထမဆုံးပွဲစဉ်ကတော့ တော်တော်လေးကို ပြည့်စုံမှုတွေ ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်ကို (၄) ဂိုးပြတ် အနိုင်ယူပြီးတော့ ပြီးပြည့်စုံလုနီးပါး ဖြစ်တဲ့ နိုင်ပွဲ တစ်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အဓိက ကစားသမားတွေပါဝင်တဲ့ လူကြီး အသင်းနဲ့ ဒုတိယပိုင်းမှာ လူငယ် ကစားသမားတွေသာ ပါဝင်တဲ့ လူငယ်အသင်းကို ပွဲထုတ်ခဲ့ပြီးတော့၊ မတူညီတဲ့ ပွဲထွက်လူစာရင်း (၂)ခုကို အသုံးပြု သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ကနေပြီးတော့ မန်ယူနိုက်တက်မှာ ပြောင်းလဲမြင်တွေ့လာခဲ့ရတဲ့ အဓိက ကျတဲ့ အချက် (၃)ချက်ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ (၁)ရှေ့တန်းရဲ့ တိုက်စစ်။ ။မန်ယူနိုက်တက်ရဲ့ ပထမပိုင်းမှာ ပွဲထွက်လာတဲ့ အသင်းလူစာရင်းက တော်တော်လေး ကောင်းမွန်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ အဓိက ပြိုင်ဘက်တွေကြား ဖာဂီခေတ်လွန်မှာ မြင်တွေ့နေရတဲ့ ခြားနားချက်က ကစားပုံပဲ ဖြစ်ပါတယ်။

မန်စီးတီး၊လီဗာပူးလ်တို့ဟာ ပြောင်မြောက်လှတဲ့ တိုက်စစ်ကစားပုံတွေကို ပုံဖော်ပြီးတော့ ကစားလျက် ရှိနေကြပေမဲ့ မန်ယူနိုက်တက်ကတော့ဆိုးလ်ရှား၊ မော်ရင်ဟိုတို့လက်ထက်မှာ ခံစစ်ကစားပုံကိုသာ အဓိကထား တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ရန်းနက်လက်ထက်မှာ ဒါကိုပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့ မန်ယူနိုက်တက် ကစားသမားတွေအနေနဲ့ လျင်မြန်တဲ့ ဖိအားပေးတိုက်စစ်ကစားဟန်ကို ပုံဖော်ဖို့ လိုအပ်တဲ့ ကြံ့ခိုင်မှုတွေ မရှိတာကြောင့် ရန်းနက်အတွက် ခက်ခဲခဲ့ရပါတယ်။

တန်ဟတ်ကတော့ မန်ယူနိုက်တက်ကစားသမားတွေရဲ့ ဖိအားပေးကစားတတ်တဲ့ စွမ်းရည်တွေကို သိထားတဲ့ သူတစ်ယောက်လို့ဆိုရမှာ ဖြစ်ပြီး၊ လီဗာပူးလ်နဲ့ ညက ပွဲစဉ်မှာ ကောင်းကောင်းကြီး အသုံးချ ကစားပြသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်ကစားပုံကလည်း တော်တော်လေး လျင်မြန်မှု ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ခံစစ်ကစားပုံကလည်း တော်တော်လေးတော့ ကျစ်ကျစ်လစ်လစ် ရှိခဲ့တယ်လို့ဆိုမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ကစားသမားတွေကို (၂)ပတ်သာ လေ့ကျင့်ခန်း ဆင်းထရိန်နင်ပေးထားခဲ့ရသေးပေမဲ့ တန်ဟတ်ကတော့ သူလိုချင်တဲ့ ပုံစံကို ရှင်းရှင်းလင်းလင်းပြောကြားထားခဲ့ပြီး ပုံဖော်ပေးထားနိုင်ခဲ့တာကို တွေ့ခဲ့ရတာကြောင့် ကောင်းမွန်တဲ့ စတင်မှုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ (၂)မန်ယူနိုက်တက်အတွက် ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ မာရှယ်။ ။ ပြီးခဲ့တဲ့ ရာသီတုန်းက မာရှယ်ဟာ ဆီဗီလာအသင်းထံကို ဇန်နဝါရီမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်သား အနေနဲ့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အခြေအနေတွေ ရှိခဲ့ပေမဲ့ စီရော်နယ်ဒို အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ အခြေအနေတွေနဲ့ အတူ အသင်းဘက်ကနေပြီးတော့ မာရှယ်ကို ဒုတိယအခွင့်အရေးကို ပေးခဲ့ပါတယ်။ မာရှယ်ဟာ ပါဝင်ကစားခဲ့တဲ့ ပထမပိုင်း (၄၅) မိနစ်အတွင်းမှာ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေ ရှိခဲ့ပြီးတော့ မာရှယ်ရဲ့ လုပ်အားနှုန်းကလည်း တော်တော်လေး ကောင်းမွန်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဘောလုံးရရှိတဲ့ အခါမှာ လီဗာပူးလ် နောက်ခံလူတွေ ဖြစ်တဲ့ နက်ဖီးလစ်နဲ့ ဂျိုးဂိုမတ်တို့ကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ပွဲကစားချိန် (၃၃)မိနစ်မှာလည်း အတ်လီဆန်ကို ကျော်ပြီးတော့ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ (၃)လီဗာပူးလ်စီနီယာ ကစားသမားတွေကိုပါ သမနိုင်ခဲ့တဲ့ မန်ယူနိုက်တက် လူငယ်ကစားသမားများ။ ။တန်ဟတ်ဟာ ဒုတိယပိုင်းမှာ အသင်းရဲ့ လူစာရင်းကို လူငယ် ကစားသမားတွေနဲ့ ချည်းပြောင်းလဲ ပွဲထုတ်လာခဲ့ပါတယ်။

လီဗာပူးလ်တို့ကတော့ ပွဲကစားချိန် (၆၂) မိနစ်မှာ အသင်းရဲ့ စီနီယာ ကစားသမားတွေကို ပြောင်းလဲ ပွဲထုတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပယ်လီစထရီ၊ အာမက်တို့လို လူငယ်ကစားသမားလေးတွေက အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြခဲ့ကြပါတယ်။ ခံစစ်ပိုင်းမှာလည်း ဘိုင်လီရဲ့ ဦးဆောင်မှုနဲ့ အတူ ဆာလာ၊ ဒါဝင်တို့ဟာ မန်ယူနိုက်တက်ခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ပွဲကစားချိန် (၇၆)မိနစ်မှာ ဘိုင်လီ၊ ပယ်လီစထရီနဲ့ အာမက်တို့ရဲ့ တွဲလုံးတို့ကနေ တဆင့် လှပကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့ ပြန်ပါသေးတယ်။

ကစားသမား သစ် လာမာစီယာဟာလည်း ဘယ်ခြမ်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့သလို လူငယ်ကစားသမားတွေ ဖြစ်ကြတဲ့ ဆားဗေ့ချ်၊ ဇီဒန်းအစ်ဘယ်၊တို့လို ကစားသမားလေးတွေဟာ သီယာဂို၊ ဖာဘင်ဟိုတို့ရဲ့ ကွင်းလယ်ကို အမီလိုက်ကစားနိုင်ခဲ့ပါတယ်။ တန်ဟတ်လက်ထက်မှာ ဒီကစားသမားတွေထဲက အချို့ဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းကြီးမှာပါ နေရာ ရလာနိုင်နေတာပဲ ဖြစ်ပါတယ်။