မန်ယူနိုက်တက်တို့ဟာ နှစ်စဉ်ပြုလုပ်နေကျ ဖြစ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပေးပွဲ အခမ်းအနားကို ဖျက်သိမ်းပစ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ သိရပါတယ်။

သတင်းတွေအရ မန်ယူနိုက်တက် အသင်းကြီးရဲ့ စီနီယာ ကစားသမားတွေဟာ ဒီရာသီ သူတို့ရဲ့ ခြေစွမ်းနဲ့ အသင်းရဲ့ ပြိုင်ပွဲအတွင်း ရပ်တည်နေခဲ့ရတဲ့ အခြေအနေတွေအေရ ဒီဆုပေးပွဲကို တက်ရောက်ဖို့ ရှက်စရာ ကောင်းတယ်လို့ ခံစားခဲ့ရတာကြောင့် အသင်းတာဝန်ရှိသူတွေကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

(၂၀၂၁-၂၂)ဘောလုံးရာသီဟာ မန်ယူနိုက်တက်အတွက်တော့ တော်တော်လေးကို မေ့ပစ်ချင်စရာ ကောင်းတဲ့ ဘောလုံး ရာသီတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်(၁)ပွဲ သာ ကျန်ရှိတော့ပြီး၊ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

အဆင့်(၁)နေရာက မန်စီးတီးနဲ့ ရမှတ်(၃၂) မှတ်အထိကွာဟ လျက်ရှိနေပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လွဲချော်ခဲ့ရပြီး ဖြစ်ပါတယ်။ (၃၇)ပွဲကစားပြီးချိန်မှာ (၁၁)ပွဲ အထိရှုံးနိမ့်ထားခဲ့ပြီး၊ သမိုင်းတစ်လျှောက် အမှတ်အနည်းဆုံး ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ဖို့ အခြေအနေမှာ ရှိနေတာပါ။

စိတ်ပျက်စရာခြေစွမ်းပိုင်းနဲ့ ရလဒ်တွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆိုးလ်ရှားကို အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ပြီး ရန်းနက်ခ်ကို ယာယီနည်းပြအဖြစ် ပြောင်းလဲ တာဝန်ယူစေခဲ့ပေမဲ့ ခြေစွမ်းပိုင်းကော ရလဒ်ပိုင်းပါ ပိုမိုဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ပရိသတ်တွေအများစုကတော့ လက်ရှိ မန်ယူနိုက်တက် ရောက်ရှိနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တော်တော်လေးကို ဒေါသထွက် ပေါက်ကွဲလျက်ရှိနေကြတာပါ။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အမှတ် အနည်းဆုံး ရာသီတစ်ခု၊ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပေးဂိုးအများဆုံး ရာသီတစ်ခု၊ အဝေးကွင်း(၅)ပွဲဆက်တိုက် ရှုံးနိမ့်မှု၊ ပရီးမီးယားလိဂ်မှာ မန်ယူနိုက်တက် ခံစစ်ပိုင်းဟာ အဆင့်ရပ်တည်ချက်မှာ အဆင့်(၁၆) နေရာမှာ ရပ်တည်နေရမှု၊

တန်းဆင်းဇုန်နားမှာ ရုန်းကန်နေရတဲ့ ဘန်လေအသင်းထက်တောင် ဂိုးပေးနှုန်းများနေမှု၊ စတဲ့ မှတ်တမ်းဆိုးတွေနဲ့ စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို မန်ယူနိုက်တက်တို့က ဖြတ်သန်းနေကြရတာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေရဲ့ ရလဒ်တစ်ခုအဖြစ် အသင်းရဲ့ စီနီယာ ကစားသမား အချို့ဟာ ဘောလုံးရာသီတစ်ခု ပြီးတိုင်း ပြုလုပ်နေကျဖြစ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပေးပွဲ အခမ်းအနားကို တက်ရောက်ဖို့ ရှက်စရာ ကောင်းတယ်လို့ ခံစားနေကြရတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။

ဒါ့ကြောင့်ပဲ အသင်းတာဝန်ရှိသူတွေက ဒီအခမ်းအနားကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာလို့လည်း သိရပါတယ်။ မန်ယူနိုက်တက်တာဝန်ရှိသူတွေ အနေနဲ့ ဆုပေးပွဲ အခမ်းအနားပြုလုပ်ဖို့ ဖျက်သိမ်းခဲ့ပေမဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပေးဖို့ကိုတော့ အွန်လိုင်းကနေတဆင့်၊ ပရိသတ်တွေထံက ဆန္ဒမဲ ကောက်ယူဖို့ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပုံမှန်ဆိုရင် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ပေးပွဲ အခမ်းအနားကို ဘောလုံးရာသီပြီးဆုံးဖို့ (၂) ပတ်အလိုမှာ ကျင်းပလေ့ရှိခဲ့ပေမဲ့၊ ပြီးခဲ့တဲ့ (၂)နှစ်အတွင်းတုန်းကလည်း ကိုဗစ်(၁၉)ကြောင့် ကျင်းပခဲ့ရခြင်းမရှိခဲ့ပါဘူး။

ဒီနှစ်မှာတော့ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမဲ့ အသင်းရဲ့ ဆိုးရွားတဲ့ အခြေအနေတွေမှာ ပွဲကိုတက်ရောကပြီး ဆုယူဖို့အတွက် စီနီယာ ကစားသမားအချို့က ရှက်စရာ ကောင်းတယ်လို့ ယူဆခဲ့တာကြောင့် မကျင်းပတော့ဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ကို ပဲလေ့အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပြီးတော့ ဒီပွဲစဉ်ကို လာမယ့် ရာသီမှာ အသင်းကို စတင်ကိုင်တွယ်မယ့် နည်းပြတန်ဟတ် လာရောက် ကြည့်ရှု့မယ်လို့လည်း သိရပါတယ်။