အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် ဟာ စပိန် ဂိုးသမား ဒါးဗစ် ဒဟဲယား ကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်းခေါင်းဆောင်သစ် အဖြစ်သင့်ဆုံးသူ လို့ ပြောဆို ထောက်ခံ သွားခဲ့ ပါတယ် ။ အသစ်ရောက်လာတဲ့ နည်းပြ အဲရစ်တန်ဟတ် ဟာ ယူနိုက်တက် ကို ပြုပြင် ပြောင်းလဲမှုတွေ များစွာ လုပ်ဆောင် သွားမှာ ဖြစ်ပြီး အဲ့ဒိ အထဲမှာ အသင်းခေါင်းဆောင်သစ် ရွေးချယ်မှုလည်း ပါဝင်လာဖို့ ရှိနေပါတယ် ။

လက်ရှိ ယူနိုက်တက် ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ဟယ်ရီ မက်ဂွဲယား က ရယူထားပေမယ့် အသင်းကို ဦးဆောင်မှု မပေးနိုင်တဲ့ အပေါ်မှာ ပရိသတ်တွေရဲ့ အလိုမကျမှု နဲ့ ရင်ဆိုင် နေရပြီး ဘရူနို ဖာနန်ဒက်စ် ဟာ အသင်းခေါင်းဆောင် ပိုပြီး ဖြစ်ထိုက်တယ် ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ဒါ့အပြင် အသင်းကို တကျော့ပြန် ရောက်လာတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကို အသင်းခေါင်းဆောင် ဖြစ်စေလိုကြတဲ့ ပရိသတ်တွေလည်း အများအပြား ရှိနေခဲ့ပါတယ် ။ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား တယောက် ဖြစ်တဲ့ ဒါရင်းဘန့် ကတော့ ယူနိုက်တက် မှာ ဆယ်နှစ်ကျော် ကစားလာခဲ့ပြီး ဖြစ်တဲ့ ဂိုးသမား ဒဟဲယား ဟာ ရိုနယ်ဒို ထက် ပိုပြီး အသင်းခေါင်းဆောင် ဖြစ်ထိုက်သူလို့ ညွှန်းဆို သွားခဲ့ပြီး ဘာကြောင့် ဒီလို ရွေးချယ်ရသလဲ ဆိုတာကိုလည်း talkSPORT သတင်း ဌာန ရဲ့ အစီအစဉ် ကနေ ပြောပြ သွားခဲ့ ပါတယ် ။

“ဒါးဗစ် ဒဟဲယား က ယူနိုက်တက် ကပ္ပတိန်သစ် ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ရိုနယ်ဒို ဟာ ခေါင်းဆောင်ကောင်း တယောက်ဆိုတာ အားလုံး သိပြီးသားပါ ၊ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း သူ အသင်းကို ဦးဆောင်ဖို့ ကြိုးစားခဲ့တာကိုလည်း အားလုံး အမြင်ပါပဲ ။ ဒါပေမယ့် ပြဿနာက ယူနိုက်တက် အသင်းသားတွေ ဟာ သူ့ရဲ့ ဦးဆောင်မှုနောက်ကို မလိုက်ခဲ့ကြတာပါပဲ”

“ရိုနယ်ဒို နဲ့ ယူနိုက်တက် ကစားသမားအချို့ ကြားက အဆင်မပြေမှုတွေဟာ ကွင်းထဲမှာတောင် အသိသာကြီး ဖြစ်နေပါတယ် ။ သူ့ စကားကို နားမထောင်တဲ့ သူတွေ ရှိတယ် ၊ ဘောလုံး ရလာရင် သူ့ကို မပေးဘဲ တခုခု လုပ်ပစ် တတ်တဲ့ သူတွေ ရှိတယ် ၊ သူကလည်း အဲ့ဒိအခါမျိုးကျရင် လက်ကို လေထဲမြှောက်ပြီး အကြီးအကျယ် စိတ်ပျက်သွားတဲ့ အမူအရာ ကို ပြန်ပြခဲ့ပါတယ်”

“ဒါက အသင်းကို တည်ငြိမ်အောင် ထိန်းသိမ်း နိုင်မယ့် ပုံစံမျိုး မဟုတ်ပါဘူး ။ ခေါင်းဆောင်ကောင်း တယောက် ဟာ ဒီလို အမူအရာမျိုး မရှိသင့်ပါဘူး ။ ကျွန်တော့ စိတ်ကူးကတော့ ဒဟဲယား ကို ခေါင်းဆောင် လက်ပတ် ပေးလိုက်တာ အဆင်အပြေဆုံး ဖြစ်မယ်လို့ ထင်တာပါပဲ” လို့ ဒါရင်းဘန့် က သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

စကော့တလန် အသင်းရဲ့ နောက်ခံလူဟောင်း အလန်ဟတ်တန် ကတော့ ယူနိုက်တက် လူငယ် ဂိုးသမားလေး ဒင်း ဟန်ဒါဆင် ကို အသင်းပြောင်းဖို့ တိုက်တွန်း သွားခဲ့ပါတယ် ။ ဟန်ဒါဆင် ဟာ ရှက်ဖီးယူနိုက်တက် မှာ အငှားထွက် ကစားပြီး အကောင်းဆုံး လက်စွမ်းတွေ ပြနိုင်ခဲ့တာကြောင့် ယူနိုက်တက် ကို ပြန်ခေါ်ထားခဲ့ ပေမယ့် ဒဟဲယား ကို ကျော်ပြီး နေရာ မရခဲ့တာကြောင့် အနာဂါတ် အတွက် ရွေးချယ်ဖို့ စိတ်ကူးနေပြီလို့ သတင်းထွက်ပေါ် နေပါတယ် ။

ဟန်ဒါဆင် ကို နယူးကာဆယ် က ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရပြီး ဟတ်တန် ကတော့ နည်းပြသစ် တန်ဟတ် ဟာလည်း ဒဟဲယား ကိုသာ ဆက်သုံးဖု့ိ အလားအလာ များနေတာကြောင့် တိကျတဲ့ အဖြေကို ( နည်းပြသစ် ဆီက ) သိရပြီးပါက ဟန်ဒါဆင် အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစား သင့်ပြီလို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

“ဟန်ဒါဆင် က တကယ်ကောင်းတဲ့ ဂိုးသမား တယောက်ပါ ။ အမှန်တကယ် သုံးကြည့်မယ်ဆိုရင် ဒဟဲယား ကိုတောင် နေရာပျောက်ဖို့ ဖိအားပေးနိုင်ချေ ရှိပါတယ် ။ ဒါပေမယ့် နည်းပြအဆက်ဆက် က သူ့ကို အခွင့်အရေး မျှမျှတတ မပေးခဲ့ပါဘူး ။ ကစားခွင့် မရဘူးဆိုရင် အသင်းကြီး တသင်းကို ရောက်နေလည်း ဘာမှ မထူးဘူးလို့ ထင်ပါတယ်”

“သူ့မှာ အနာဂါတ်တွေ အများကြီး ရှိပါသေးတယ် ၊ ဒါတွေကို အရန်ခုံမှာ ဖြုန်းတီး မပစ်သင့်ပါဘူး ။ ဟန်ဒါဆင် ဟာ အသင်းကောင်း တသင်းမှာ ပင်တိုင် ပွဲထွက်နိုင်တဲ့ ဂိုးသမားကောင်း တယောက်ပါ ။ သူ့အနေနဲ့ နည်းပြသစ် ( တန်ဟတ် ) နဲ့ တွေ့ပြီး တိကျတဲ့ အဖြေကို မေးခွန်းထုတ်သင့်ပါတယ် ။

တကယ်လို့ ဒဟဲယား သာ နံပါတ် ၁ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့ သူ့အနေနဲ့ အသင်းပြောင်းလိုက်တာ အကောင်းဆုံးပါပဲ” လို့ ဟတ်တန် က ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။