လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကို ခေါ်မယ့်အစား အာဂျင်တီးနားတိုက်စစ်ကစားသမား ပါအူလို ဒီဘားလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖိုအတွက် စဉ်းစားနေပြီး အာဂျင်တိုင်းသားရဲ့ကိုယ်စားလှယ်တွေနဲ့တောင် အဆက်အသွယ်ရှိနေကြောင်း သိရပါတယ်။ ဂန်းနားတို့အနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကန်ရသည်ဖြစ်စေ၊ မကန်ရသည်ဖြစ်စေ အသင်းရဲ့အပြောင်းအရွှေ့ကိစ္စရပ်မှာ ဦးစားပေးခေါ်ယူမှုအဖြစ် ကမ္ဘာ့အဆင့်ရှိ တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူဖို့အတွက် စီစဉ်နေတာဖြစ်ပါတယ်။

ဂန်းနားတို့အနေနဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ရော ဂျေဆူးစ်နဲ့ပါ ဆွေးနွေးမှုတွေရှိနေပေမယ့်လည်း အာဆင်နယ်အသင်းရဲ့ အကြီးအကဲတွေကတော့ ဘရာဇီးလ်သားအတွက် တောင်းဆိုတဲ့ဈေးကြောင့် ခြေလှမ်းတွေ နောက်ပြန်ဆုတ်ချင်နေတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေအနေနဲ့ လာမယ့်နွေမှာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မယ့် ဘရာဇီးလ်သားအတွက် ပေါင် ၅၅ သန်းအထိ တောင်းဆိုထားပြီး အာဆင်နယ်အသင်းဘက်ကတော့ စာချုပ်သက်တမ်း ၁ နှစ်ပဲရှိမယ့်ကစားသမားအတွက် အဆိုပါပမာဏကို များပြားလွန်းတယ်လို့ ယူဆနေတာပါ။

ESPN သတင်းဌာနရဲ့ဖော်ပြချက်အရ ဂန်းနားတို့အနေနဲ့ တိုက်စစ်မှူးနေရာအတွက် အခြားရွေးချယ်စရာတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါရွေးချယ်စရာတွေထဲက ပထမဆုံးတစ်ယောက်ကတော့ ယူဗင်တပ်စ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ငြင်းဆန်ထားတဲ့ ဒီဘာလားဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်တိုက်စစ်ကစားသမားအနေနဲ့ လက်ရှိဘောလုံးရာသီအကုန်မှာ တူရင်ကနေ ထွက်ခွါမှာဖြစ်ပြီး ပရိသတ်တွေကို မျက်ရည်တွေများစွာနဲ့ နှုတ်ဆက်ခဲ့ပြီးဖြစ်သလို လက်ရှိမှာတော့ နောက်ထပ်သွားမယ့်အသင်းကို ဆုံးဖြတ်သွားဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သူ့အနေနဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ တက်တက်စင်အောင်လွဲစေခဲ့ပြီး သူပြောင်းရွှေ့မယ့်အသင်းကို ဆက်လက်ရှာဖွေနေသလို အီတလီကနေ ထွက်ခွါသွားဖို့အတွက်လည်း လမ်းဖွင့်ထားကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ သူအလိုရှိတာက ဘာလဲဆိုတာကို သိနိုင်ဖို့အတွက် သူ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပြီး ဒီဘားလားကတော့ သူ့အတွက်ပြောင်းရွှေ့ကြေး အကုန်အကျမရှိတာကြောင့် မြင့်မားတဲ့လစာနဲ့ စာချုပ်လက်မှတ်ထိုးကြေးကို အလိုရှိနေကြောင်း သိရပါတယ်။

ဒီဘားလားရဲ့ ကိုယ်စားလှယ်တွေထဲက တစ်ယောက်ကတော့ လန်ဒန်နဲ့ မန်ချက်စတာမှာ အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပါ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး စပိန်နဲ့ အီတလီမှာလည်း အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ဆွေးနွေးပြောဆိုမှုတွေရှိနေကြောင်း သိရပါတယ်။ အင်တာမီလန်အသင်းကတော့ အာဂျင်တိုင်းသားကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေပြီး မန်ချက်စတာယူနိုက်တက်၊ နယူးကာဆဲလ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့ကလည်း ဒီဘားလားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေအများကြီးထဲမှာပါဝင်နေတာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဒီဘားလားကို ခေါ်ယူနိုင်ဖို့အတွက်ဆိုရင် ခက်ခဲနိုင်မှာဖြစ်ပေမယ့် ရွေးချယ်စရာများစွာထဲက တစ်ခုအနေနဲ့သာ ရှိနေတာဖြစ်ပြီး ဒိုမိနစ် ကဲလ်ဗက်-လီဝင်၊ ဂျိုနသန် ဒေးဗစ်နဲ့ ဒါဝင် နူးညက်ဇ်တို့ကိုလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် စောင့်ကြည့်နေကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း တောင်ပံတိုက်စစ်ကစားသမား နီကိုလာ ပေပေအနေနဲ့ သူ့ကို မြောက်လန်ဒန်ကလပ်ကနေ လာမယ့်နွေရာသီမှာ ထွက်ခွါနိုင်ဖို့အတွက် ကူညီပေးဖို့ သူ့အေးဂျင့်ကို တာဝန်ပေးထားကြောင်း သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမားအနေနဲ့ ၂၀၁၉ ခုနှစ်တုန်းက လီလ်အသင်းကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း သူ့ရဲ့တန်ကြေးနဲ့ ဆီလျော်မယ့် ခြေစွမ်းကို ပြသနိုင်မယ်လို့ မျှော်လင့်ခဲ့ရပေမယ့် မျှော်လင့်ချက်တွေကတော့ သဲထဲရေသွန်သာဖြစ်ခဲ့ရတာပါ။ လက်ရှိဘောလုံးရာသီမှာတော့ အဆိုပါတောင်ပံတိုက်စစ်ကစားသမားအနေနဲ့ မန်နေဂျာ မီခဲလ် အာတီတာရဲ့ အာဆင်နယ်အသင်းမှာ နည်းပါးတဲ့ ပွဲကစားခွင့်တွေသာ ရရှိခဲ့တာဖြစ်ပြီး အသင်းဖော်တောင်ပံတိုက်စစ်ကစားသမား ဘူကာယို ဆာကာကို ကျော်ဖြတ်ကာ ပွဲကစားဖို့ မစွမ်းသာခဲ့တာဖြစ်ပါတယ်။

Football London သတင်းဌာနရဲ့အဆိုအရ ပေပေအနေနဲ့ လာမယ့်အပြောင်းအရွှေ့ရာသီမှာ အာဆင်နယ်အသင်းကနေ ထွက်ခွါလိုနေပြီး အသင်းသစ်ရှာဖို့အတွက်တောင် သူ့အေးဂျင့်ကို တာဝန်ပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဖော်ပြချက်အရ ဂန်းနားတို့အနေနဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်ကစားသမားအတွက် ရောက်ရှိလာမယ့် ကမ်းလှမ်းမှုမှန်သမျှကို လက်ခံစဉ်းစားဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

ဒီနှစ်နွေရာသီမှာတော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာမယ့် ကစားသမားတွေအဖြစ် မန်ချက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ လက်စ်တာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်တို့အနေနဲ့ သတင်းပြေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲ ပါဝင်ကစားထားခဲ့တဲ့ ပေပေအနေနဲ့ ပွဲထွက်ကစားသမားအဖြစ်တော့ ၅ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး ၁၄ ပွဲတိတိ လူစားဝင်ကစားသမားအဖြစ်သာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ အသင်းဖော်တွေရဲ့ တစ်ဦးချင်းအရည်အသွေးအရ အကောင်းဆုံးကစားသမားလို့ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုတွေရရှိခဲ့တဲ့ ပေပေအနေနဲ့ တကယ့်တကယ်ကွင်းထဲမှာတော့ အဆိုပါစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါတစ်ဦးချင်းစွမ်းရည်တွေကို ပြချင်လွန်းတာလားတော့မသိပေမယ့် သူ့ဆီရောက်ရင် အသင်းကစားကွက်နှေးကွေးသွားတာမျိုးသာ ဖြစ်စေခဲ့ပြီး အသင်းလိုက်ကစားဖို့ထက် လိမ်မယ်ခေါက်မယ်နဲ့ပဲ အချိန်ကုန်နေတာဖြစ်ပါတယ်။

ပေပေအနေနဲ့ ပြစ်ဒဏ်ဘောနဲ့ ပင်နယ်တီကန်သွင်းတဲ့နေရာမှာတော့ အတော်လေးကောင်းတဲ့ ကစားသမားတစ်ဦးလို့ ဆိုရမှာဖြစ်ပြီး အဆိုပါအနေအထားတွေကနေပဲ ဂန်းနားတို့အတွက် သွင်းဂိုးအချို့ကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း အာတီတာရဲ့ ပစ်ပယ်ခြင်းကို ခံလာရတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းကတော့ ပေပေကို ခေါ်ယူဖို့အတွက် ဂန်းနားအသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီအဲရာကိုင်တွယ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ ကြိုးပမ်းခဲ့ဖူးပြီး အာတီတာရဲ့ ထိန်းသိမ်းမှုနဲ့အတူ ပေပေတစ်ယောက် အာဆင်နယ်မှာ ဆက်ရှိခဲ့တာပါ။