မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ အသင်းရဲ့ အပြောင်းအရွှေ့ဗျူဟာအပေါ်မှာ စိုးရိမ်စိတ်တွေ မြင့်မားနေကြောင်း စပိန်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ အသင်းသမိုင်းတစ်လျှောက် အဆိုးဆုံးပရီးမီးယားလိဂ်ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပြီးနောက် နောက်နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရရှိမှာမဟုတ်ဘဲ အပြောင်းအရွှေ့ကာလမှာလည်း ဘာမှမလုပ်ပြနိုင်သေးတာဖြစ်ပါတယ်။

ယူနိုက်တက်မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ အသင်းရဲ့လူစာရင်းကို ပြန်လည်ပြင်ဆင်လိုနေပြီး ပစ်မှတ်ကစားသမားများစွာကို ချိန်ရွယ်နေသလို ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီယွန်းနဲ့ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆင်တို့ကို ဦးစားပေးပစ်မှတ်ကစားသမားတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အနေနဲ့ နွေရာသီပထမဆုံးခေါ်ယူမှုကို အခုထိ မပြုလုပ်ရသေးဘဲ အသင်းပရိသတ်တွေကတော့ လီဗာပူးလ်အသင်းကို ဒါဝင် နူးညက်ဇ်ရောက်ရှိမှုနဲ့အတူ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းနဲ့ အာလင်း ဟော်လန်းပြောင်းရွှေ့သွားခဲ့တာကို မျက်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းတို့ကလည်း ကိုယ်စီအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ယူနိုက်တက်ကတော့ ဘာစီလိုနာအသင်းက တန်ကြေး ပေါင် ၇၂ သန်းသတ်မှတ်ထားတဲ့ ကစားသမားအတွက် ယူနိုက်တက်ကမ်းလှမ်းမှုကတော့ ပေါင် ၁၂ သန်းကွာဟနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမတိုင်ခင်တုန်းက ယူနိုက်တက်ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ရစ်ချက် အာနိုးလ်ဒ်အနေနဲ့ အသင်းရဲ့ ဘဏ္ဍာရေးတွေက ဒီယွန်းကို အိုးလ်ထရက်ဖို့ဒ်ဆီ ယူဆောင်ဖို့ဖြစ်ကြောင်း အသင်းပရိသတ်တွေကို ထုတ်ဖော်ပြောကြားသွားခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုရဲ့အေးဂျင့် ဟော်ဟေ မန်ဒက်စ်နဲ့ နီးစပ်တဲ့ AS သတင်းဌာနက သတင်းထောက် မာနူ စန့်ဇ်ရဲ့ ဖော်ပြချက်အရ ရော်နယ်လ်ဒိုအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ကိုယ်စီခေါ်ယူမှုအသစ်တွေပြုလုပ်နေချိန်မှာ ယူနိုက်တက်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့သည့်တိုင် အသင်းမှာ ဆက်နေဖို့အတွက် စိတ်ပိုင်းဖြတ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သံသယတွေဝင်လာကြောင်း သိရပါတယ်။

စန့်ဇ်ရဲ့ဖော်ပြချက်အရ “ရော်နယ်လ်ဒိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အင်အားဖြည့်တင်းမှုတွေ လိုချင်နေပေမယ့် အခုအချိန်အထိ အင်အားဖြည့်တင်းမှုတွေ လုပ်မယ့်ပုံမပေါ်သလို အသင်းဘက်ကလည်း သူလိုအပ်တယ်လို့ ထင်တဲ့နေရာတွေကို အင်အားဖြည့်တင်းမှုလုပ်သွားမယ်လို့ မထင်ရပါဘူး”လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေက လာမယ့်တနင်္လာနေ့မှာ ကစားရမှာဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုအပြင် ကစားသမားများစွာက ကလပ်အသင်းမှာ နားရက်ရပေမယ့် နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း ကိုယ်စီကစားခဲ့ရတာကြောင့် ဒီရက်ပိုင်းမှသာ အနားရတာဖြစ်ပြီး ပါဝင်နိုင်ဦးမှာ မဟုတ်လောက်ကြောင်း သိရပါတယ်။