မန်ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်သူ တန်ဟတ်ဟာ အသင်းရဲ့ ကစားသမားတစ်ဦးချင်းစီကို အီးမေးလ်ကနေတဆင့် လာမယ့်ရာသီသစ်အတွက် သတိပေးစာတွေ ပေးပို့သွားခဲ့တယ်လို့ နာမည်ကြီး သတင်းစာ တစ်စောင်က ဖော်ပြသွားခဲ့ပါတယ်။

မန်ယူနိုက်တက်တို့ဟာ (၂၀၂၁-၂၂) ဘောလုံးရာသီတုန်းက အဆင့် (၆)နေရာနဲ့ သာ ရာသီသိမ်းခဲ့တာ ဖြစ်ပါတယ်။ အသင်းရဲ့ အဝတ်စားလဲခန်းအတွင်း ဖရိုဖရဲ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ အတူ မြက်ခင်းစိမ်းထက်မှာပါ အသင်းရဲ့ ခြေစွမ်းတွေက စုတ်ပြတ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အသင်းရဲ့ အဝတ်စားလဲခန်းအတွင်း စည်းလုံးမှုပြိုကွဲနေခဲ့တဲ့ အခြေအနေတွေကို ကစားသမားတွေထဲကပဲ မီဒီယာတွေထံ ပေါက်ကြားခဲ့တယ်လို့ တန်ဟတ်က ယုံကြည်နေပြီး ကစားသမားတွေ စည်းကမ်း ရှိလာအောင် လုပ်ဖို့ အစီအစဉ်တွေကို တန်ဟတ်က ချမှတ်ထားဖို့ ပြင်ဆင်နေတာပါ။

တန်ဟတ်ဟာ သူကိုင်တွယ်မယ့် လာမယ့် ဘောလုံးရာသီက စပြီး အသင်းမှာ အတ္တသမားတွေအတွက် နေရာ မရှိဘူးလို့ ကစားသမားတွေကို သတိပေးစာပေးပို့ သွားခဲ့တာ ဖြစ်ကြောင်း သတင်းရင်းမြစ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သတင်းရင်းမြစ်မှာ ဖော်ပြထားတာကတော့ ” တန်ဟတ်ရဲ့ ဦးစားပေးက မန်ယူနိုက်တက်မှာ ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမားတွေ ရှိနေပေမဲ့ အသင်းကိုသာ ပိုပြီး ဦးစားပေးဖို့ ဖြစ်ပါတယ်၊

သူက အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာတောင် ဘောလုံးပွဲတစ်ပွဲကစားနေသလိုမျိုး ကစားသမားတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ ပြုလုပ်စေချင်နေတာပါ၊ ကစားသမားတွေကိုလည်း သူတို့ရဲ့ ကြံ့ခိုင်ရေးကို အကောင်းဆုံး ဖြစ်နေစေဖို့ ပြောထားပါတယ်၊

သူတို့မှာ ကောင်းမွန်တဲ့ ကြံ့ခိုင်မှုတွေရှိရင် သူတို့ကစားရမယ်၊ အဲ့လိုမှ မဟုတ်ရင်တော့ အထုပ်ဆွဲပြီး လစ်ရမှာပါ၊ အသင်းမှာ ရှိပြီးသား ကစားသမားတွေကို အချိန်တစ်ခုပေးပြီး အမြင့်ဆုံး ခြေစွမ်းတွေ ရရှိအောင် ပြုလုပ်ပေးသွားမယ်၊

နောက်ဆုံးမှာ အဆင်မပြေရင်တော့ အလားအလာ ရှိတဲ့ လူငယ်ကစားသမားတွေနဲ့ အစားထိုးမှုတွေ ပြုလုပ်သွားပါလိမ့်မယ် ” ဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ ဆိုးလ်ရှားလက်ထက်မှာ အဆင့် (၃)နဲ့ (၂)နေရာတွေမှာ ရပ်တည်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ အရာရာဟာ ပြိုလဲ သွားခဲ့ပါတယ်၊

မန်ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ စီရော်နယ်ဒို၊ ဗာရန်းနဲ့ ဆန်ချိုတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ချန်ပီယံဆုအတွက် စိန်ခေါ်မှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ (၂၀၂၁-၂၂)ဘောလုံးရာသီမှာ ဆိုးလ်ရှားလက်ထက် ရလဒ်တွေ ယိမ်းယိုင်လာခဲ့ပြီးတဲ့နောက် ရန်းနက်ခ်နဲ့ အစားထိုးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရန်းနက်ကို ယာယီနည်းပြ အဖြစ်ခန့်အပ်ပြီး ရာသီကုန်မှာ အသင်းရဲ့ အတိုင်ပင်ခံ ရာထူးကို ရယူဖို့ မန်ယူနိုက်တက်နဲ့ သဘောတူညီမှု ရယူထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သြစတီးလျ အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးတဲ့နောက် မန်ယူနိုက်တက် အတိုင်ပင်ခံ ရာထူးကနေပါ ရန်းနက်က နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ မန်ယူနိုက်တက်ရဲ့ အခြေအနေတွေကို တန်ဟတ်တစ်ယောက်ထဲကသာ တာဝန်ယူကိုင်တွယ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိနွေဈေးကွက်ထဲမှာ မန်ယူနိုက်တက်ရဲ့ ကစားသမား (၅)ဦးအထိ အသင်းကနေ ထွက်ခွာထားခဲ့ပြီး ဖြစ်သလို အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အလုပ်များဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိနွေဈေးကွက်ရဲ့ ပထမဆုံးခေါ်ယူမှု အဖြစ် ဒီဂျောင်ကို ခေါ်ယူဖို့ နီးစပ်လျက်ရှိနေပါတယ်။

ဒီတော့ ဘယ်ကစားသမားမှ အသင်းရဲ့ အထက်မှာ ရှိမနေစေရဘူးဆိုတဲ့ တန်ဟတ်ရဲ့ ကြွေးကြော်သံဟာ မန်ယူနိုက်တက်မှာ တကယ်ပဲ အလုပ်ဖြစ်လာမှာလား၊ မန်ယူနိုက်တက် တခေတ်ဆီ တကယ်ပဲ ပြန်လည် ဆောင်ယူသွားနိုင်မလားဆိုတာကတော့ လာမယ့်ရာသီက စလို့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။