စီရော်နယ်ဒိုဆိုတဲ့ နာမည်ဟာ ဘောလုံးလောကမှာ ဂုဏ်သိက္ခာအရှိဆုံး နာမည်တွေထဲက တစ်ခု။ ဆင်းရဲတဲ့ မိသားစုကနေ ဆင်းလာပြီး ကမ္ဘာကျော်တစ်ယောက် ဖြစ်လာခဲ့တဲ့သူ။ ဒီလိုမျိုး အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရဖို့အတွက် စီရော်နယ်ဒို လျှောက်ခဲ့ရတဲ့ လမ်းဟာ လွယ်ကူချောမွေ့လွန်းခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ စီရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆုကို (၅)ကြိမ်တိုင်တိုင် ရရှိခဲ့တာ ဖြစ်ပြီး မက်ဆီပြီးရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အများရထားတဲ့ သူတစ်ယောက်လည်း ဖြစ်တယ်။

ဘလွန်းဒီအော်ဆုအတွက် ဆန်ကာတင် ကစားသမား စာရင်းမှာလည်း စီရော်နယ်ဒိုဟာ အများဆုံး ပါဝင်ထားတဲ့ သူတစ်ယောက် ဖြစ်နေပြန်ပါတယ်။ ရီးရဲလ်နဲ့ အတူ ချန်ပီယံလိဂ်ဖလားကို (၃)ရာသီ ဆက်တိုက် ယူပြခဲ့တဲ့ သူဖြစ်သလို လက်ချိုးရေလို့ ရတဲ့ အထဲမှာ ပါတဲ့ ချန်ပီယံလိဂ် ဖလားကို (၅)ကြိမ်တိုင်တိုင် ရရှိထားခဲ့တဲ့ သူတစ်ယောက် လည်း ဖြစ်နေပါတယ်။ လက်ရှိ ဘောလုံးသမိုင်းမှာလည်း ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက် ချန်ပီယံလိဂ် သမိုင်းမှာ ဂိုး သွင်းအများဆုံး ကစားသမားတစ်ယောက်၊

နိုင်ငံ အဆင့်မှာလည်း နိုင်ငံအသင်းအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေခဲ့တဲ့ သူတစ်ယောက်ပါ။ စီရော်နယ်ဒိုလို့ ပြောလိုက်တာနဲ့ သူ့နောက်မှာ ကပ်ပါလာတာက ရေတွက်ဖို့တောင် များလွန်းလှတဲ့ အောင်မြင်မှုတွေ ဆုတံဆိပ်တွေပဲ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေ ဟာ စီရော်နယ်ဒိုရဲ့ အမြင့်ဆုံးကို ရောက်ချင်တဲ့ စိတ်၊ နံပါတ်တစ် ဖြစ်ချင်တဲ့ စိတ်အားထက်သန်မှုတွေကို အခြေခံထားခဲ့တာပါ။

လက်ရှိ ဘောလုံးလောကမှာ စီရော်နယ်ဒိုလောက် ဘယ်ကစားသမားကမှ သူတို့ရဲ့ အိပ်ချိန်၊ စားချိန်တွေနဲ့ လေ့ကျင့်ခန်းလုပ်မယ့် အချိန်တွေကို စနစ်တကျ အချိန်ဇယားရေးဆွဲပြီး လုပ်နေတယ်ဆိုတာ တော်တော်လေးကို ရှားပါးလှတာပါ။ ဒီလိုတွေ လုပ်နေရတဲ့ ရည်ရွယ်ချက်ဟာ တစ်ခုထဲပဲ ရှိပါတယ်။ စီရော်နယ်ဒိုရဲ့ နံပါတ်တစ် ဖြစ်ချင်လွန်းတဲ့ စိတ်ကြောင့်ပါပဲ။ ဒါ့ကြောင့် လက်ရှိ အသက်(၃၇)နှစ် အရွယ်ကို ရောက်လာတဲ့ အချိန်အထိ စီရော်နယ်ဒိုဟာ ထိပ်တန်း အဆင့်မှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါကိုလည်း ပြီးခဲ့တဲ့ ရာသီတုန်းက မန်ယူနိုက်တက်မှာ (၂၄)ဂိုးအထိ သွင်းပြခဲ့ပြီး သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဘောလုံးလောကမှာ ပရော်ဖက်ရှင်နယ် အဆန်ဆုံး ကစားသမားလို့တောင် စီရော်နယ်ဒိုကို သက်မှတ်ကြပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့ အောင်မြင်လိုတဲ့ စိတ်၊ နံပါတ်တစ် ဖြစ်လိုတဲ့ စိတ်ရဲ့ နောက်မှာ တကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်တွေက ကပ်ပါလာနေခဲ့ပါတယ်။ ဒီအတ္တစိတ်တွေကို လက်ရှိ နွေရာသီ ဈေးကွက်ထဲမှာ ဖြစ်ပျက် သွားတဲ့ အခြေအနေတွေက သက်သေပြလျက် ရှိနေပါတယ်။

ဟုတ်ပါတယ်။ စီရော်နယ်ဒိုဟာ အသက်(၃၇)နှစ် ရှိပြီ ဖြစ်ပေမဲ့ ချန်ပီယံလိဂ်လို အဆင့်မှာ အမြင့်ဆုံး စွမ်းဆောင် ရည်တွေ ထုတ်ပြဖို့ စိတ်အားထက်သန်နေတုန်းပါ။ ဒါပေမဲ့ မန်ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကို လွဲချော်ခဲ့ရတယ်။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်ကို ချစ်ပေမဲ့ သူ့ရဲ့ ထိပ်ဆုံး အဆင့်မှာ ရပ်တည်နေချင်သေးတဲ့ အတ္တစိတ်တွေက မန်ယူနိုက်တက်ကို ချစ်တဲ့ စိတ်တွေကို အနိုင်ယူခဲ့တယ်။ ဒါ့ကြောင့်ပဲ မန်ယူနိုက်တက်ကနေ ထွက်ခွာခွင့် တောင်းခဲ့တယ်။

သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရှိရင် ထွက်ခွင့်ပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ကမ်းလှမ်းမှုတွေက မန်ယူနိုက်တက်ဆီ ရောက်မလာခဲ့ ပြန်ဘူး။ ဒါ့ကြောင့်ပဲ အေးဂျင့် ဖြစ်သူ ဂျော့မန်ဒက်ကို ပြောပြီး ထိပ်တန်းကလပ်တွေကို လိုက်ကမ်းလှမ်းခဲ့တယ်။ သူတို့ ကမ်းလှမ်းခဲ့တဲ့ အထဲမှာ ဘာစီလိုနာ၊ အက်သလက်တီကို၊ ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့လို ထိပ်တန်း အသင်းတွေပါခဲ့တယ်။ ကံမကောင်းစွာပဲ အားလုံးကလည်း စီရော်နယ်ဒိုကို ခေါ်ယူဖို့ ခါးခါးသီးသီး ငြင်းပယ်ခဲ့ကြတယ်။

ဒါဟာ စီရော်နယ်ဒိုအတွက် ရှက်စရာ ဖြစ်ခဲ့တယ်။ သူ့ရဲ့ ခြေစွမ်းဟာ လက်ရှိ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင်နေသေးတယ်။ ဂိုးသွင်းနှုန်းတွေက ကြောက်စရာ ကောင်းနေသေးတယ်။ ဒါဆို စီရော်နယ်ဒိုကို ဒီအသင်းတွေက ဘာကြောင့် မခေါ်ချင်ကြတာလဲဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြန်ပါပြီ။ သေချာတာက စီရော်နယ်ဒိုရဲ့ အောင်မြင်ချင်တဲ့ အတ္တစိတ်ကြောင့်ဆိုတာပါပဲ။ စီရော်နယ်ဒိုဟာ သူကစားပေးတဲ့ အသင်းကို ဆုဖလားအောင်မြင်မှုတွေ ရှေိစချင်တယ်။ ဒီလို အောင်မြင်မှုတွေ ရတဲ့ နေရာမှာလည်း သူက အဓိက ကျတဲ့ သူတစ်ယောက်အဖြစ် ရှိနေချင်ပြန်ပါတယ်။

ဒါ့ကြောင့်ပဲ ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လေဟာက စီရော်နယ်ဒိုဟာ သူ့ အောင်မြင်မှု ရဖို့အတွက်ဆိုရင် မန်ယူနိုက်တက်ရဲ့ အခါးသီးဆုံး ပြိုင်ဘက် လီဗာပူးလ်ကိုတောင် ပြောင်းကစားမယ့် သူလို့ မှတ်ချက်ပေးခဲ့သေးတာပါ။ ဒီအတ္တတွေဟာ ငယ်ရွယ်နေတဲ့ အချိန်တုန်းက ပြဿနာ မရှိတော့ပေမဲ့ အခုလို အသက်(၃၇)နှစ် အရွယ်ကို ရောက်လာတဲ့ အချိန်မှာ သူ့ကိုခေါ်ချင်တဲ့ အသင်းတွေအတွက် ပြဿနာ တစ်ခုလို ဖြစ်လာနေခဲ့တာပဲ ဖြစ်ပါတယ်။

အသင်းတွေဟာ အသက်ရလာတဲ့ စီရော်နယ်ဒိုကို အသင်းမှာ နံပါတ်တစ် ဦးစားပေး ကစားသမားအဖြစ်ထားမယ့် အစား အသင်းရဲ့ ရေရှည်စီမံကိန်းအတွက် ပဲ ကြည့်လာကြတော့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုကို ခေါ်လိုက်မယ်ဆိုရင် အသင်းမှာ ရှိပြီးသား စုဖွဲ့မှုတွေ ပြတ်သွားမှာ အသင်းတွေက စိုးရိမ်ကြတယ်။ စီရော်နယ်ဒိုရဲ့ ခြေစွမ်းဟာထိပ်တန်းအဆင့်မှာ ရှိနေသေးတာ မှန်ပေမဲ့ အတ္တကြီးလွန်းတဲ့ စိတ်ကို အသင်းတွေက မကြိုက်ကြဘူး။ ဒါဟာ စီရော်နယ်ဒိုကို ခေါ်မဲ့အသင်း မရှိရတဲ့ အဓိက အကြောင်းအရင်းလို့တောင်ဆိုရမှာ ဖြစ်ပါတယ်။

အတိအကျ ပြောရမယ်ဆိုရင် စီရော်နယ်ဒိုကို ခေါ်ယူချင်နေတဲ့ အသင်းက လက်ရှိ မန်ယူနိုက်တက်နဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းတို့သာ ရှိနေတာပါ။ ဆိုတော့ နောက်ဆုံး ခေါ်မယ့် သူ မရှိတဲ့ အဆုံး စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်ဆီပဲ ပြန်လာခဲ့ရတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ အသင်းကနေ ကမ်းလှမ်းမယ့် အသင်းရှိရင် ထွက်ခွင့်ပေးပါဆိုတဲ့ တောင်းဆိုမှုထက် ပိုတဲ့ တောင်းဆိုမှုတွေ မန်ယူနိုက်တက်ထံ တောင်းဆိုထားခဲ့ ပြီးပါပြီ။ ဒါကတော့ လက်ရှိ တစ်နှစ် ကျန်ရှိနေသေးတဲ့ စာချုပ်ကို ဖျက်သိမ်းပေးဖို့ပါပဲ။

ဒါတွေဟာ စီရော်နယ်ဒိုတစ်ယောက် အောင်မြင်ချင်လွန်းလှတဲ့ သူ့ရဲ့ အတ္တတွေနောက်ကိုလိုက်မိရာကနေ ဖြစ်ပေါ်လာခဲ့ရတဲ့ အဖြစ်အပျက်တွေပါပဲ။ ဈေးကွက်က ပိတ်ဖို့ လိုပါသေးတယ်။ စီရော်နယ်ဒိုဟာ မန်ချက်စတာ ရပ်ဝန်းကနေ ပြန်ထွက် သွားချင်နေတုန်းပါပဲ။ အတ္တကြီးသူ တစ်ယောက်အတွက် အိုဇာတာတွေဟာ ထင်သလောက်တော့ ကောင်းမနေခဲ့တာ က သေချာပါတယ်။ အတ္တတွေကြောင့် လမ်းပျောက်နေခဲ့ရတဲ့ စီရော်နယ်ဒိုအတွက် အနာဂတ်ဟာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့…။