ပရီးမီးယားလိဂ်ဟာ ကမ္ဘာမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ဖျော်ဖြေမှု အပေးနိုင်ဆုံး လိဂ်တစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ ဒီလိဂ်ဟာ လူကြိုက်အများဆုံး ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်းတိုင်းမှာ ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ ရှိကြပါတယ်။ ဒီ လူကြိုက်များမှုတွေကြောင့် ရုပ်သံထုတ်လွှင်မှုနဲ့ အမျိုးမျိုးသော စပွန်ဆာ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် အသင်းအချို့ကို ကမ္ဘာ့အချမ်းသာဆုံး အသင်းတွေ ဖြစ်လာစေခဲ့ပါတယ်။

ရလဒ်အနေနဲ့ ပုံမှန်အားဖြင့် သူတိူ့ဆီမှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ပေါ်ထွန်းလေ့ ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ အချို့သော ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေ ရှိပါတယ်။ လီဗာပူးရဲ့ ဆာလတ်နဲ့ စပါးရဲ့ ဆွန်ဟောင်မင်တို့ဟာ ၂၀၂၂ ခုနှစ် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။ နောက်ရာသီနှာတော့ ရွှေဖိနပ်ဆု ပြိုင်ပွဲအတွက် ပိုမိုပြင်းထန်လာဖို့ မျှော်မှန်းထားပါတယ်။ ကဲ နောက်ရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် ရေပန်းအစားဆုံး ကစားသမားတွေကို ကြည့်လိုက်ရအောင်ဗျာ။

(၅) ခရစ်စတီယာနိုရော်နယ်ဒို – မန်ချက်စတာယူနိုက်တက်။ ။ ရော်နယ်ဒိုဟာ ၂၀၂၁-၂၂ ခုနှစ် ရာသီမှာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တဲ့ ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမား​တွေထဲက တစ်ယောက်ပါ။ ပေါ်တူဂီ တိုက်စစ်မှူးဟာ သူ့ရဲ့ အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပေမဲ့ သူဟာ အသက် ၃၇ နှစ်ရှိပြီဆိုတာကို နားလည်ပေးရမှာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ ယူနိုက်တက် အသင်းအတွက် ပရီးမီးယားလိဂ် ပွဲ ၃၀ မှာ ၁၈ ဂိုး သွင်းယူပြီး ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ဆဲပါ။

သူဟာ သတင်းတွေအရ ချန်ပီယံလိဂ် ဝင်ခွင့်မရပေမဲ့ ယူနိုက်တက်မှာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ တန်ဟက်က နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်တော့မှာနဲ့အတူ ရော်နယ်ဒိုဟာ အသင်းနဲ့ ကောင်းမွန်တဲ့ ရာသီကြိုပွဲစဥ်တွေအတွက် အချိန်ဖြုန်းသွားမှာပါ။ သူဟာ နောက်လာမဲ့ရာသီမှာ ပိုမိုကောင်းတဲ့ ရာသီကို ပိုင်ဆိုင်နိုင်ပါတယ်။

(၄) ဆွန်ဟောင်မင် – စပါး။ ။ ၂၀၂၁-၂၂ ခုနှစ်မှာ ဟယ်ရီကိန်းက ပုံစံကောင်း ပျောက်ဆုံးနေတာကြောင့် ဆွန်ဟောင်မင်ကတော့ အသင်းကောင်းဖို့အတွက် ​ကြိုးစားခဲ့ရပါတယ်။ ပြီးတော့ သူအကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ တောင်ကိုရီးယား တိုက်စစ်မှူးဟာ ယခုခေတ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ သူဟာ အရမ်းလျင်မြန်ပြီး နောက်ခံလူတွေကို ဖြတ်ကျော်နိုင်တဲ့ ကျွမ်းကျင်မှုလည်း ရှိပါတယ်။

ဆွန်ဟာ ဧရိယာ အတွင်းရော အပြင်မှာပါ ထူးချွန်ပြီး ဂိုးသွင်းဖို့ အခွင့်အရေး ကြုံလာတိုင်း သူ့ရဲ့ ရင့်ကြပ်မှုကို ပြသခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၂၃ဂိုး သွင်းယူပြီး ဖန်တီးမှု ၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီမှာ ဥရောပ ထိပ်သီးလိဂ် ၅ခုတစ်ခွင် ရွှေဖိနပ်ဆုရရှိခဲ့တဲ့ ပထမဆုံးသော အာရှသား ဖြစ်လာခဲ့ပါတယ်။

(၃) မိုဟာမက်ဆာလတ် – လီဗာပူး။ ။ ​ဆာလတ်ဟာ ပြီးခဲ့တဲ့ရာသီ ပထမပိုင်းမှာ အကောင်းဆုံး ပုံစံ ပြသခဲ့ပြီး သူဟာ အပတ်တိုင်းနီးပါး ဂိုးတွေ သွင်းယူခဲ့ပါတယ်။ အဲဒီအချိန်က အီဂျစ်သားကို တားဆီးနိုင်မဲ့ အရာမရှိတော့တဲ့ ပုံပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ပုံစံကောင်းဟာ ဒုတိယရာသီဝက်မှာ အဖျားရှူးသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ ဆွန်ဟောင်မင်နဲ့အတူ ရွှေဖိနပ်ဆုကို ပူးတွဲရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၂၃ဂိုး သွင်းယူပြီး ဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၄ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ရွှေဖိနပ်ဆု ရရှိခဲ့ပေမဲ့ ဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ပါဝင်မလာခဲ့တာပါ။

(၂) ဟယ်ရီကိန်း – စပါး။ ။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ရာသီအစမှာ ပုံစံကောင်း ပျောက်ဆုံးခဲ့တာကို ကြံ့ကြံ့ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်နွေရာသီမှာ စီးတီး အသင်းက ချိတ်ဆက်မှု ပြုလုပ်ခဲ့ပြီးနောက် သူဟာ အသင်းမှာဆက်နေဖို့ ဖိအားပေးခံခဲ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီအစ ၁၁ ပွဲမှာ ၁ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိန်းဟာ သူ့ခေတ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ၂၈ နှစ်အရွယ် ကစားသမားဟာ ရာသီဝက် ရောက်ခါနီးမှ ပုံစံကောင်း ပြသလာခဲ့ပြီး ရာသီကုန်ဆုံးတဲ့အခါ လေးစားစရာ ကိန်းဂဏန်းတွေနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၇ ပွဲမှာ ၁၇ ဂိုး သွင်းယူပြီး ဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

(၁) အာလင်းဟာလန်း – မန်ချက်စတာစီးတီး။ ။ ဟာလန်းက စီးတီးကို ပြောင်းရွှေ့လာတာဟာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ရဲ့ နာမည်အကြီးဆုံး ခေါ်ယူမှုတစ်ခု ဖြစ်နေပုံပါပဲ။ ဒေါ့မွန်တိုက်စစ်မှူးဟာ အသက် ၂၁ နှစ်သာ ရှိနေသေးပေမဲ့ သူ့ကိုယ်သူ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ၂၀၂၀ ဇန်နဝါရီလမှာ ပြောင်းရွှေ့လာခဲ့တာပါ။ အဲဒီအချိန်ကတည်းက သူဟာ ပြိုင်ပွဲစုံ ၈၉ ပွဲ ပါဝင် ကစားခဲ့ပါတယ်။

ဟာလန်းဟာ အဆိုပါ ပွဲစဥ်တွေအတွင်း ၈၆ ဂိုး သွင်းယူပြီး ဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ စီးတီးကလည်း တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ဟာလန်းထက် အခြား ဘယ်တိုက်စစ်မှူးကိုမှ ခေါ်ယူချင်ပုံမရပါဘူး။ သူဟာ ပရီးမီးယားလိဂ်ကို ပြိုင်ဆိုင်မှု ပြင်းထန်စေမှာဖြစ်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာပဲ ရွှေဖိနပ်ဆုကို ရယူနိုင်ချေ ရှိပါတယ်။