ရိုးမားနည်းပြ မော်ရင်ဟိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအပေါ် သူ့ရဲ့ ဝေဖန်မှုတွေ မှန်ကန်ကြောင်း ဒီအချိန်မှာ သက်သေပြနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီပေါ်တူဂီသား နည်းပြကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာခဲ့ရပါတယ်။မော်ရင်ဟိုဟာ ၂၀၁၇-၂၀၁၈ခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်ကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာ ရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပြီး၊ ဒါဟာ သူ့ရဲ့ နည်းပြဘဝမှာ အကောင်းဆုံး အောင်မြင်မှုတွေထဲက တခုဖြစ်တယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ယူနိုက်တက်ကို ဒီအနေအထားထိ ပို့ဆောင် ပေးနိုင်ခဲ့တဲ့ အောင်မြင်မှုဟာ မဖြစ်နိုင်တဲ့ အခြေအနေကနေ လုပ်ပြနိုင်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီအောင်မြင်မှုရဲ့ နောက်ကွယ်မှာ လူတွေ မမြင်နိုင်တဲ့ ပြဿနာတွေ ရှိနေခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ဖူးပါတယ်။

မော်ရင်ဟို ဒီလို ထုတ်ပြောခဲ့ချိန်မှစကာ ယူနိုက်တက်ရဲ့ ပြဿနာတွေ တခုပြီးတခု ပေါ်ထွက်လာခဲ့ပြီး၊ သရဲနီတို့ဟာ အဲရစ်တန်းဟဂ်ရဲ့ ဦးဆောင်မှုနဲ့အတူ ဒီနွေရာသီမှာ နောက်ထပ်တကြိမ် အလုံးစုံ ပြန်လည်တည်ဆောက်မှုကို စတင်ဖို့ ပြင်ဆင်နေပါပြီ။

ယူနိုက်တက်တို့ ရုန်းကန်နေရတာ မြင်တွေ့ရခြင်း အပေါ် မအံ့ဩမိကြောင်းနဲ့ သူ့ရဲ့ ဝေဖန်မှုတွေ မှန်ကန်ကြောင်း သက်သေပြ နိုင်ခဲ့ပေမယ့် သူ့စကားတွေ သွေးထွက်အောင် မှန်နေခြင်းကို မပျော်ရွှင်ဘူးလို့ မော်ရင်ဟိုက အင်တာဗျူး အစီအစဉ် တခုမှာ အခုလို ဖွင့်ဟခဲ့ပါတယ်။

“မန်ချက်စတာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောခဲ့ဖူးတဲ့ စကားတွေ မှန်နေပြီလား မေးလာရင်တော့ ကံမကောင်းစွာပဲ ဟုတ်တယ်လို့ ပြန်ဖြေရမှာပါ။ မှန်ပါတယ် အင်္ဂလန် ဘောလုံးလောကနဲ့ ကျွန်တော့်ကြားက ချိတ်ဆက်မှုဟာ ချဲလ်ဆီးအသင်းပါ။”

“ဘာလို့လဲဆိုတော့ ကျွန်တော်က ချဲလ်ဆီး အသင်းကို ၂ကြိမ်တိုင် ကိုင်တွယ်ခဲ့ပြီး အဲဒီအသင်းမှာ ၆နှစ်ကြာအောင် ရှိခဲ့တာလေ။ အဲဒါကြောင့် လူတွေက ကျွန်တော့်ကို ချဲလ်ဆီး အသင်းရဲ့ အရင်းနှီးဆုံး နည်းပြအဖြစ် မြင်နေကြတာ မထူးဆန်းပါဘူး။”

“ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိတ်သတ်တွေက အရမ်းကောင်းမွန်ပြီး၊ အသင်းမှာလည်း တကယ့် လူကောင်းတွေ အများကြီးနဲ့ ကြုံဆုံခွင့် ရခဲ့တာကြောင့်၊ ကျွန်တော် ပြောခဲ့ဖူးတဲ့ စကားတွေ မှန်နေတာကို မပျော်နိုင်ပါဘူး။”

“ဟုတ်ပါတယ် သူတို့ အခုလို ရုန်းကန်နေရတာကို တကယ် မမြင်ချင်တာပါ။ အဲဒါကြောင့် ကျွန်တော် ပြောခဲ့ဖူးတဲ့ စကားတွေ မှားသွားတာမျိုး ဖြစ်ချင်ပေမယ့်၊ တကယ့် အမှန်တရားတွေ ပြောခဲ့တယ် ဆိုတာကိုလည်း ကျွန်တော်ကိုယ်တိုင် သိနေခဲ့ပါတယ်။”

“ကျွန်တော် တယောက်တည်းရဲ့ အမြင်အရ ယူနိုက်တက်တို့ ပထမဆုံး ပြောင်းလဲဖို့ လိုအပ်တာဟာ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ ဖွဲ့စည်းပုံမျိုး ရှိဖို့ပါ။ ဒါပေမယ့် အဲဒါက ကျွန်တော် ထွက်သွားချိန်ကနေ အခုထိ ဖြစ်မလာသေးပါဘူး။”

“နောက်ပြီး တာဝန်ရှိသူတွေ ကျွန်တော့်ကို ထုတ်ပယ်ခဲ့တာက ယူနိုက်တက်ရဲ့ အခြေအနေတွေ အတွက် အဖြေမဟုတ်ဘူး ဆိုတာကို ကျွန်တော် သိခဲ့ပြီးသားပါ။ အဲဒါကို သိခဲ့ပေမယ့် ကျွန်တော် ဘာမှမတတ်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး။”

“သူတို့ အနေနဲ့ အနာဂတ်မှာ အကောင်းဆုံးတွေ ပိုင်ဆိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ အဲဒါ ကျွန်တော့် စိတ်ရင်းနဲ့ ပြောတဲ့စကားပါ။ နောက်ပြီး သူတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။”လို့ စပါယ်ရှယ်ဝမ်း နည်းပြကြီးက ထုတ်ပြော ခဲ့ပါတယ်။

ယနေ့နံနက် ကစားတဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ဖိုင်နယ်မှာ မော်ရင်ဟိုက ရိုးမား အသင်းကို ယူရိုကွန်ဖရန့်ဖလားကို ရရှိအောင် ဦးဆောင် ပေးခဲ့ပြီးနောက် ဂျီရိုဗာနီ ထရပါတိုနီ ပြီးရင် ဥရောပ အဓိကဖလား (၅)ခုလုံးကို ရရှိတဲ့ ဒုတိယမြောက် နည်းပြဖြစ်လာခဲ့ပါတယ်။

မော်ရင်ဟိုဟာ ယူအီးအက်ဖ်အေဖလား (၁)ကြိမ်၊ ယူရိုပါလိဂ်ဖလား (၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ်နဲ့ လက်ရှိ ယူရိုကွန်ဖရန့်လိဂ် ဖလားတို့ကို (၁)ကြိမ် ဆွတ်ခူး ရရှိထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ထပ် ထူးထူးခြားခြား မှတ်တမ်းတစ်ခုကတော့ မော်ရင်ဟိုဟာပေါ်တို၊ အင်တာမီလန်၊ မန်ချက်စတာ ယူနိုက်တက်၊ ရိုးမား စတဲ့ မတူညီတဲ့ အသင်း(၄)သင်းနဲ့ အတူ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်တွေမှာ ဆုဖလား ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြ လည်း ဖြစ်လာခဲ့ပါတယ်။

မော်ရင်ဟိုကတော့ ဥရောပရဲ့ အင်အားကြီး မဟုတ်တဲ့ အသင်းတသင်းကို ရှိတဲ့ လူစာရင်းနဲ့ ဥရောပအဆင့် ဆုဖလား တလုံး ရရှိအောင် ဦးဆောင်ပေးခဲ့ပြီး စပါယ်ရှယ်ဝမ်း နည်းပြ ဆိုတာ ဘာလဲ အားလုံးကို သက်သေ ပြသွားခဲ့ပြီ ဖြစ်ပါတယ်။