မန်ယူနိုက်တက်တို့အတွက် ဒီရာသီဟာ သမိုင်းတလျှောက် အဆိုးရွားဆုံး မှတ်တမ်းတွေနဲ့ ရာသီ သိမ်းဖို့ ရှိနေတာပါ။ ကွင်းအတွင်း ခြေစွမ်းပိုင်းတွေက ဆိုးရွားနေရုံသာမကပဲ အသင်းဖော်တွေ ကြားထဲမှာပါ အဖုအထစ်တွေ ရှိနေတာဆိုပြီး သတင်းတွေ ထွက်နေတာပါ။

လက်ရှိ သိရသလောက် မန်ယူနိုက်တက်ရဲ့ အဝတ်လဲခန်းမှာ အင်္ဂလန်မှ ဆရာကြီးများ အဖွဲ့၊ ပေါ်တူဂီသားများ အဖွဲ့၊ ဘရားဇီးသားတွေ ကတဖွဲ့ဆိုပြီး အဖွဲ့တွေ ကွဲနေတာလို့ သတင်းတွေက ဆိုပါတယ်။

ဒီကြားထဲ အသင်းရဲ့ အဝတ်လဲခန်းထဲက အခြေအနေတွေကို မီဒီယာတွေကို ရောင်းစားတဲ့ သူတွေကလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မန်ယူနိုက်တက်ရဲ့ အခြေအနေက အဖက်ဖက်ကနေပြီး အလဲလဲ အကွဲကွဲ ဖြစ်နေတာပါ။

ဒီနေ့မှာလည်း နာမည်ကြီး သတင်းစာ တစ်ခုကနေပြီးတော့ မန်ယူနိုက်တက်တို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တစ်ခုမှာ ကစားသမား (၂)ဦး ပြဿနာ အကြီးအကျယ် ဖြစ်ပွားခဲ့ကြတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်တဲ့ မန်ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြီးဆုံးခါနီးလောက်မှာ ကစားသမားနှစ်ဦးက ခိုက်ရန် ဖြစ်ပွားခဲ့ကြတာ ဖြစ်တယ်လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

သတင်းတွေအရ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ကြတဲ့ ကစားသမား(၂)ဦးကို အသင်းဖော်တွေက ဝင်ရောက် ဖျံဖြေရသည်အထိ ကြီးမားခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်ကစားသမား နှစ်ဦးက ပြဿနာ တက်ခဲ့ကြတယ်ဆိုတာကိုတော့ အတိအကျမသိခဲ့ရပါဘူး။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အသင်းသားတွေအားလုံးကို လေ့ကျင့်ခန်း ပြီးဆုံးသည်အထိ မပြုလုပ်စေပဲ အဝတ်စားလဲခန်းဆီ ပြန်စေခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီကစားသမား နှစ်ဦးကြား ဖြစ်ပျက် သွားတဲ့ အခြေအနေဟာ တခြားအသင်းဖော်တွေပါ အံ့အားသင့်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ဘရိုက်တန်ကို (၄)ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်ဟာ မန်ယူနိုက်တက်ရဲ့ ပထမဆုံးလေ့ကျင့်ခန်း အစီအစဉ်လည်း ဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ရသလို အသင်းရဲ့ ရလဒ်တွေ တောက်လျှောက်ဆိုသလို ဆိုးရွားလာခဲ့ပြီးနောက်ပိုင်း ကစားသမားတွေကြား တင်းမာမှုတွေက ပိုပြီးတော့ မြင့်တက်လာတဲ့ အခြေအနေတွေ ဖြစ်လာတဲ့ သဘောမျိုးတွေရှိနေတာပါ။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လက်ရှိမှာတော့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ပါရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမန်ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာမယ့် တန်ဟတ် အနေနဲ့လည်း အသင်းရဲ့ ခြေစွမ်းပိုင်းတိုးတက်အောင် ပြုပြင်ပေးနေရုံနဲ့ မပြီးသေးပဲ အဝတ်စားလဲခန်းအတွင်းက အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ကိုပါ ကြိုးစားရဦးမှာ ဖြစ်တဲ့ အတွက် တော်တော်လေးကို ခေါင်းခဲစရာ အနေအထားတွေကို ကြုံတွေ့လာရ ဦးမှာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့အတွက် ပရီးမီးယားလိဂ် ပွဲစဉ်က လက်ကျန် (၁)ပွဲသာ ကစားရတော့မှာဖြစ်ပါတယ်။ မန်ယူနိုက်တက်တို့ဟာ လက်ရှိမှာ အဆင့် (၆)နေရာမှာ ရပ်တည်လျက်ရှိနေပြီး သူ့နောက်မှာ ဝက်စ်ဟမ်းက တပွဲလျော့ ကစားထားပြီး တစ်မှတ်အကွာနဲ့ အဆင့်(၇)နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

ရာသီသိမ်းပွဲစဉ်အဖြစ် ပဲလေ့ကို မေလ(၂၂)ရက်နေ့မှာ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးတော့ အနိုင်ရခဲ့မယ်ဆိုရင်တောင် ဝက်စ်ဟမ်းရဲ့ ခြေချော်မှုကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

တကယ်လို့ ဝက်စ်ဟမ်းသာ လက်ကျန် (၂)ပွဲလုံးမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် မန်ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ် ဝင်ခွင့်ကိုပါ လွဲချော်သွားဦးမှာ ဖြစ်ပြီး ယူရိုကွန်ဖရန့်လိဂ် ဝင်ခွင့်နဲ့ သာ (၂၀၂၁-၂၂)ဘောလုံးရာသီကို အဆုံးသတ် သွားရဖွယ်ရှိနေတာလည်း ပဲ ဖြစ်ပါတယ်။