လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ဟာ ၂၀၀၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ကမ္ဘာကျော် စူပါစတားတွေ ဖြစ်ကြတဲ့ ခရစ်တီယာနို ရော်နယ်ဒို ၊ ရီကာဒို ကာကာတို့နဲ့အတူ မက်ဒရစ်ထံ စတင် အခြေချခဲ့ပါတယ် ။

ဒီမတိုင်ခင် မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ဥရောပ အဆင့် ထိပ်တန်း ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ရော်နယ်ဒို အဖို့ ရီးရဲလ်မက်ဒရစ်မှာ အထိုင်ကျဖို့ အချိန် သိပ်မယူခဲ့ရပေမယ့် ၊ ထိုစဉ်က အလားအလာကောင်းတဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး အဖြစ် ရောက်လာခဲ့တဲ့ ဘန်ဇီမာ ကတော့ အနည်းငယ် ရုန်းကန်ခဲ့ရပါတယ် ။

အချိန်ကြာလာတာနဲ့ အမျှ ရော်နယ်ဒိုနဲ့ ဘန်ဇီမာ ဟာ အတော်လေး အတွဲညီခဲ့ပြီး ၊ ၂ယောက် အတူ ချန်ပီယံလိဂ် ဖလား ၄ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ရော်နယ်ဒို ကတော့ ရီးရဲလ်မက်ဒရစ်ကို လွန်ခဲ့တဲ့ ၄နှစ်က စွန့်ခွာသွားခဲ့ပေမယ့် ၊ ဘန်ဇီမာကတော့ အခုထက်တိုင် Los Blancos တို့ အတွက် ဆက်ကစားပေးနေပါသေးတယ် ။

မကြာသေးခင်ကမှ ပြီးဆုံးခဲ့တဲ့ ၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီ ဟာ ဘန်ဇီမာ အဖို့ ကစားသမား ဘဝ တလျှောက် အမြင့်မားဆုံး ခြေစွမ်း ရခဲ့တဲ့ နှစ်လို့ သတ်မှတ်ရမှာ ဖြစ်ပြီး ၊ လာလီဂါမှာ ၂၇ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့သလို ၊ ချန်ပီယံလိဂ်မှာလည်း ၁၅ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့ပါတယ် ။

ဒါ့အပြင် ယခင်က ရော်နယ်ဒို တင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဂိုးအများဆုံး မှတ်တမ်း ( ၁၀ဂိုး ) ကိုပါ ဘန်ဇီမာ တယောက် လိုက်မှီခဲ့ပါတယ် ။ Onze Mondial နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဘန်ဇီမာ က ကစားသမား ဘဝ အစောပိုင်း ကာလတွေမှာ ရော်နယ်ဒိုဆီကနေ ဘာတွေ လေ့လာသင်ယူခဲ့လဲ ဆိုတာ အခုလိုပဲ ပြန်ပြောင်း ဖွင့်ဟခဲ့ပါတယ် ။

ဘန်ဇီမာ က ” ကျွန်တော် သူ လုပ်ပြခဲ့တဲ့ အရာတွေကို ကြည့်လိုက်တဲ့အခါတိုင်း ၊ သူ့ရဲ့ လှုပ်ရှားပုံတွေ ၊ နေရာယူပုံတွေကို အဓိက အာရုံစိုက် ကြည့်ဖြစ်ပါတယ် ။ အထူးသဖြင့် သူ့ရဲ့ အလိမ်အခေါက်တွေ ၊ ဘောလုံးပေးပို့ပုံတွေ ၊ အဆုံးသတ်ပိုင်းတွေ ၊ ဘောလုံး ထိန်းသိမ်းပုံတွေ စသဖြင့်ပေါ့ ။ ”

” ကျွန်တော်ဟာ သူနဲ့ ပတ်သက်တဲ့ အရာ မှန်သမျှကို အကုန် ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခဲ့တာပါ ။ ဒါပေမယ့် တချိန်တည်းမှာ သူနဲ့ တူညီတဲ့ မှတ်တမ်းတွေ ကျွန်တော့ဖက်က လုပ်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ကျွန်တော့မှာ တခြားသော အရာ များစွာ ခေါင်းထဲမှာ ကျန်နေပါသေးတယ် ။ ”

” နောက်ထပ် ဆုဖလားများစွာ ကျွန်တော် ဆွတ်ခူးချင်သေးသလို ၊ ချန်ပီယံလိဂ်မှာလည်း ဒီထက် ပိုပြီး အောင်မြင်ချင်ပါသေးတယ် ။ နောက်ပြီး နိုင်ငံအသင်းနဲ့ အတူ ကမ္ဘာ့ဖလားလည်း ရချင်ပါတယ် ။ ဒါတွေ အားလုံးကို ကျွန်တော် အိပ်မက်ထားတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဘန်ဇီမာ က ” ရီးရဲလ်မက်ဒရစ်က ကျွန်တော့ရဲ့ ပထမဆုံး ရာသီ ၊ ပထမဆုံး ၆လဟာ အရမ်း ခက်ခဲခဲ့ပါတယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ မက်ဒရစ်ကို တယောက်တည်း ရောက်လာခဲ့တာ ဖြစ်ပြီး ၊ စပိန် ဘာသာစကားလည်း မပြောတတ်ခဲ့တော့ အရာရာတိုင်းက ရှုပ်ထွေးခဲ့ပါတယ် ။ ”

” ကမ္ဘာသစ် တခုဆီ ရောက်လာသလို ခံစားခဲ့ရပြီး ၊ အသင်းသစ် အပြင် မတူညီတဲ့ ဘောလုံး နည်းစနစ် အသစ်တွေပါ ကျွန်တော် ရရှိခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ ကျွန်တော်ဟာ ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။