နောက်ထပ် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ်ကတော့ နီးကပ်လာပြန်ပါပြီ။ စနေနေ့ ညမှာတော့ လီဗာပူးနဲ့ ရီးရဲမက်ဒရစ် အသင်းတို့က ယှဥ်ပြိုင်သွားမှာပါ။ ယခုရာသီရဲ့ ဖိုင်နယ်ပွဲစဥ်ကိုတော့ ပြင်သစ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပရိတ်သတ်တွေအတွက် အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားမှု အပေးဆုံး ဖိုင်နယ်ပွဲစဥ် ၃ ပွဲကို ကြည့်လိုက်ရအောင်ဗျာ။

(၃) ရီးရဲမက်ဒရစ် VS အက်သလက်တီကိုမက်ဒရစ် ၂၀၁၄။ ။ ၂၀၁၄ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ်ကတော့ လစ္စဘွန်မြို့မှာ ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကိုတို့ရဲ့ မက်ဒရစ် ဒါဘီပွဲစဥ်ပဲ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် အသင်းဟာ ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်ရှိဖို့ ဂျာမန် အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ရှော်ကေး ၊ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကို ကျော်ဖြတ်လာခဲ့ရတာပါ။ အက်သလက်တီကိုကလည်း ဖိုင်နယ်ကို ရောက်ရှိဖို့ အေစီမီလန် ၊ ဘာစီလိုနာ နဲ့ ချဲလ်ဆီး အသင်းတို့ကို အနိုင်ယူခဲ့ပါတယ်။

ဂိုဒင်က ပွဲချိန် ၃၆ မိနစ်မှာ အက်သလက်တီကို အသင်းကို ဦးဆောင်စေခဲ့ပါတယ်။ ဆင်မြူနီကတော့ ခံစစ်ပိုင်းမှာ အခြေချကစားခဲ့ပြီး အက်သလက်တီကို အသင်းကလည်း သူ့ကို ဂုဏ်ယူစေခဲ့ပါတယ်။ ရီးရဲမက်ဒရစ်ဟာ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့ အိမ်နီးချင်း အသင်းရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ အနိုင်ရရှိဖို့ အရမ်းနီးစပ်ခဲ့ပေမဲ့ ဆာဂျီယိုရာမို့စ်ဟာ ၉၃ မိနစ်မှာ ချေပဂိုး သွင်းယူခဲ့ပြီး အချိန်ပိုထိ ဆက်လက် ကစားခဲ့ရပါတယ်။

အက်သလက်တီကို အသင်းဟာ ပုံမှန် ပွဲကစားချိန်မှာ ရှိသမျှ အားအကုန် ထုတ်သုံးခဲ့ပြီး အချိန်ပိုမှာတော့ ရီးရဲမက်ဒရစ် အသင်းက သွင်းဂိုးတွေ ရရှိခဲ့ပါတယ်။ ဘေးလ်ဟာ ၁၁၀ မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့ပြီးနောက် မာဆယ်လိုနဲ့ ရော်နယ်ဒိုတို့က ဆက်လက် သွင်းယူခဲ့ပြီး ၄ဂိုး ၁ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။ ရီးရဲမက်ဒရစ် အသင်းကတော့ သူတို့ရဲ့ မြို့ခံပြိုင်ဘက်ကို အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ လာဒက်စီမာ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။

(၂) ဘိုင်ယန်မြူးနစ် VS ချဲလ်ဆီး ၂၀၁၂။ ။ ဘိုင်ယန်မြူးနစ် အသင်းဟာ သူတို့ရဲ့ အကောင်းဆုံး အနေအထားမှာ ရှိနေခဲ့ပြီး လူအများစုကလည်း ၂၀၁၂ ခုနှစ် ဖလားကို ဘိုင်ယန်မြူးနစ် အသင်းက ရရှိမယ်လို့ ထင်ခဲ့ကြတာပါ။ ဖိုင်နယ် ပွဲစဥ်က မြူးနစ်က အေလီယက် ကွင်းကြီးထဲမှာ ကျင်းပတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းက ဖိုင်နယ်ပွဲစဥ်ကို ရောက်ရှိဖို့ ဘေဆယ် ၊ မာဆေး ၊ ရီးရဲမက်ဒရစ် အသင်းတို့ကို ကြောျဖွတျပွိီး ရောက်ရှိလာပါတယ်။ ချဲလ်ဆီး အသင်းက နာပိုလီ ၊ ဘင်ဖီကာနဲ့ ဘာစီလိုနာ အသင်းတို့ကို ကျော်ဖြတ်လာခဲ့တာပါ။

ချဲလ်ဆီး အသင်းဟာ နူးကမ့်ကို သွားရောက်ခဲ့ရပြီး ဂွာဒီယိုလာရဲ့ ဘာစီလိုနာ အသင်းကို အနိုင်ရရှိကာ ဖိုင်နယ်ကို ရောက်ရှိလာခဲ့တာပါ။ ဒါဟာ ချဲလ်ဆီးအသင်း အနိုင်ရဖို့ အခွင့်အရေး မရှိခဲ့တဲ့ ပွဲစဥ်ပါ။ ဒါပေမဲ့ သူတို့ကတော့ ကံတရားကို အသုံးချပြီး ဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ပွဲစဥ်မှာလည်း တူညီတဲ့ ဇာတ်ကြောင်းပါပဲ။ ချဲလ်ဆီး အသင်းက ကောင်းကောင်းခုခံခဲ့ပြီး ဘိုင်ယန်မြူးနစ်က ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

မူလာက ၈၃ မိနစ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ဦးဆောင်စေခဲ့ပြီး အများစုက ပွဲပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ ၈၈ မိနစ်မှာ မာတာက ထောင့်ကန်ဘောကနေ ဒရော့ဘာရဲ့ ခေါင်းတိုက် သွင်းဂိုးအတွက် ဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး အချိန်ပိုကို ရောက်ခဲ့ပါတယ်။ ရော်ဘင်ရဲ့ ပင်နယ်တီ အဆုံးအဖြတ် လွဲချော်မှုကို ဒရော့ဘာက အကောင်းဆုံး အသုံးချခဲ့ပြီး ချဲလ်ဆီးအသင်းက ပင်နယ်တီမှာ အနိုင်ရရှိခဲ့ပါတယ်။

(၁) အေစီမီလန် VS လီဗာပူး ၂၀၀၅။ ။ ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဥ်ကတော့ အစ္စတန်ဘူမှာ ကျင်းပခဲ့တာဖြစ်ပြီး ဆုဖလားအတွက် အေစီမီလန်နဲ့ လီဗာပူးတို့က ရင်ဆိုင်ခဲ့ကြပါတယ်။ မီလန်ဟာ ဖိုင်နယ်အဆင့်ကို ရောက်ရှိဖို့ ယူနိုက်တက် ၊ အင်တာနဲ့ ပီအက်စ်ဗွီ အသင်းတို့ကို ကျော်ဖြတ်ခဲ့ရပါတယ်။ လီဗာပူး အသင်းကတော့ ဖိုင်နယ်ကို ရောက်ရှိဖို့ လေဗာကူဆင် ၊ ဂျူဗင်တပ်နဲ့ ချဲလ်ဆီး အသင်းတို့ကို ရင်ဆိုင်ခဲ့ရပါတယ်။

အေစီမီလန် အသင်းဟာ ပထမပိုင်းမှာပဲ မယ်လ်ဒီနီနဲ့ ၂ဂိုး သွင်းယူခဲ့တဲ့ ခရက်စ်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်မှ ဖြစ်လာတဲ့ အရာကတော့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အကြီးမားဆုံး ပြန်လာနိုင်မှု တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ ဂျာရတ်က ၅၄ မိနစ်မှာ ချေပဂိုး တစ်ဂိုး ရရှိခဲ့ပါတယ်။ ၅၆ မိနစ်မှာ ဗယ်လ်ဒီမာရှမိုက်ဆာက ဒုတိယချေပဂိုး သွင်းယူခဲ့ပြီး မိနစ် ၆၀ မှာ အလွန်ဆိုက ချေပဂိုး သွင်းယူခဲ့ပါတယ်။

၆ မိနစ်ပြီးဆုံးချိန်မှာတော့ ပြန်လာနိုင်မှုက အဆုံးသတ်သွားခဲ့ပါတယ်။ ပြီးတော့ ပွဲစဥ်ဟာ အနိုင်ရရှိသူကို ရှာဖွေနိုင်ဖို့ အချိန်ပို ရောက်ခဲ့ရပါတယ်။ လီဗာပူး အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီး အစ္စတန်ဘူဟာ သူတို့ ပရိတ်သတ်တွေရဲ့ နှလုံးသားထဲက အထူးနေရာတစ်ခု ဖြစ်ခဲ့ရပါတယ်။ လီဗာပူး အသင်းဟာ လက်မလျော့ခဲ့ပဲ အဆုံးမှာတော့ ဆုရရှိခဲ့ပါတယ်။