လီဗာပူး အသင်းဟာ နီကိုဝီလီယံကို နော့တင်ဟမ်ဖောရက်စ် အသင်းထံ ပေါင် ၁၇ သန်း ပတ်၀န်းကျင်နဲ့ ရောင်းချရန် သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။ ဖောရက်စ်နည်းပြ စတီဗီကူးပါးဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ သူ့ရဲ့ အသင်းအတွက် Wing back နေရာတွေကို အဓိက အားဖြည့်သွားရန် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကူးပါးဟာ ညာတောင်ပံ အတွက် ဝီလီယံကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပြီး ဘယ်တောင်ပံအတွက် ဘိုင်ယန်မြူးနစ်ရဲ့ အိုမာရစ်ချက်ကို ဆက်လက် ပစ်မှတ်ထားသွားမှာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဝီလီယံဟာ wing back နေရာမှာကော ညာနောက်ခံလူ အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ၃-၅-၂ နဲ့ ကစားတဲ့ ဖောရက်စ်မှာ ဆိုရင်တော့ wing-back နေရာမှာ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ညာနောက်ခံလူ နေရာအတွက် အလက်ဇန်းဒါးအာနိုးရဲ့ ကာဗာ အဖြစ် အဘာဒင်းမှာ ကယ်ဗင်ရမ်ဆေးကို ခေါ်ယူထားခဲ့ပြီး ဖြစ်တာကြောင့် ဝီလီယံကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဝီလီယံဟာ လီဗာပူးကို Under-9s level ကတည်းက ရောက်လာခဲ့သူ ဖြစ်ပြီး လာမည့် နို၀င်ဘာမှာ ကျင်းပသွားမယ့် ကာတာကမ္ဘာ့ဖလားမှာ ဝေးလ်အတွက် ရွေးချယ်ခံရဖို့အတွက် ဆိုရင် အသင်းတစ်သင်းမှာ ပုံမှန် နေရာရဖို့ လိုအပ်တာကြောင့် ဒီနွေရာသီမှာ အသင်းပြောင်းဖို့ လိုအပ်တယ် ဆိုတာ သဘောပေါက်ထားပြီး ဖြစ်ပါတယ်။ ဝေးလ်လက်ရွေးစင်ဟာ လီဗာပူး အတွက် ၁၃ ပွဲ ကစားထားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီ၀က်က ဖူဟမ်းကို အငှားထွက်ကစားခဲ့ပါတယ်။

ဝီလီယံဟာ ဖူဟမ် အတွက် ၁၄ ပွဲမှာ ၂ ဂိုး သွင်းပေးနိုင်ခဲ့ပြီး လန်ဒန်ကလပ်ကို ပရီးမီးယားလိဂ် ပြန်ရောက်လာအောင် ကူညီပေးခဲ့ပါတယ်။ ဖောရက်ဟာ ဘယ်ခြမ်းခံစစ် အတွက် ဟယ်ဒါဖီးရဲ့ ဟယ်ရီတော့ဖိုလိုကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ၎င်းဟာ ချန်ပီယံရှစ် ကလပ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာကြောင့် ပေါင် ၂ သန်းခွဲ ၀န်းကျင်သာ ကုန်ကျနိုင်ပါတယ်။

ကူးပါးဟာ ဒီနွေရာသီမှာ ယူနီယံဘာလင်ရဲ့ တိုင်ဝိုအဝိုနီယီ ၊ ထရိုရက်စ်ရဲ့ နောက်ခံလူ ဘီယာကွန်နီ နဲ့ မိန့်ဇ်ရဲ့ နီယာခါတီ တို့အပြင် မန်ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန် ကိုလည်း တစ်ရာသီ အငှား ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် ဝုဖ် ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ မော်ဂန်ဂစ်ဝိုက် ကိုလည်း ခေါ်ယူရန် ဆက်လက် ပစ်မှတ် ထားနေပါတယ်။

တစ်ဖက်မှာလည်း လီဗာပူး ကစားသမားဟောင်း ဖြစ်သူ စတန်ကော်လီမိုးက မိုဟာမက်ဆာလား အနေနဲ့ ဒီနွေရာသီမှာ လီဗာပူးတို့ အသစ် ခေါ်ယူထားတဲ့ ကစားသမား ဖြစ်သူ ဖေဘီယိုကာဗယ်ဟိုကို ရေရှည်မှာ သူ့ရဲ့ နေရာကို ဆက်ခံသွားမယ့်သူ အဖြစ် အနီးကပ် စောင့်ရှောက်ကာ သင်ကြားပေးရန် တိုက်တွန်းသွားခဲ့ပါတယ်။ ကာဗယ်ဟိုဟာ ပြီးခဲ့တဲ့ ရာသီက ဖူဟမ်ကို ပရီးမီးယားလိဂ် တန်းတက်လာဖို့ အတွက် အဓိက ကူညီပေးထားခဲ့သူ ဖြစ်ပြီး ဇန်နဝါရီမှာ အပြောင်းအရွေ့ ပျက်ပြယ်ခဲ့ပေမယ့်လည်း နွေရာသီမှာ လီဗာပူးကို ပြောင်းလာနိုင်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ လက်ရှိမှာ အသင်းရဲ့ ရာသီကြိုလေ့ကျင့်မှု အစီအစဉ်ကို ပူးပေါင်းလျက်ရှိနေပြီး ကျန်တဲ့ ကလပ်ကြယ်ပွင့်တွေဟာ အရှေ့အာရှကို ထွက်ခွာမယ့် ခရီးစဉ် မတိုင်မီ ကလပ်နဲ့ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။ ဆာလားဟာ ပြီးခဲ့တဲ့ အပတ်က လီဗာပူးနဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုကာ ကလပ်မှာ အနာဂတ် ရင်းနှီးမြှပ်နှံလိုက်သူ ဖြစ်ပြီး လီဗာပူး တိုက်စစ်မှုးဟောင်း ကော်လီမိုးက အီဂျစ်စတား အနေနဲ့ ကာဗယ်ဟိုကို အနီးကပ် သင်ကြားပေးရန် တိုက်တွန်း သွားခဲ့ပါတယ်။

ကော်လီမိုးက “လီဗာပူး အနေနဲ့ ကာဗယ်ဟိုကို လာမည့် ၃ နှစ်မှာ မိုဆာလားရဲ့ နေရာကို အစားထိုး ဆက်ခံပေးနိုင်မယ့်သူ ဖြစ်လာအောင် ရှင်းလင်း ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခု ချပေးနိုင်တဲ့ အခွင့်အရေးကောင်းကို ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကာဗယ်ဟိုဟာ လာမည့် ၃ နှစ်တာ ကာလအတွင်း ဆာလားလို ဆရာတစ်ဦး ထံကနေ အများကြီး လေ့လာသင်ယူနိုင်တော့မှာ ဖြစ်လို့ပါပဲ။ ကာဗယ်ဟိုဟာ အသက် ၁၉ နှစ်သာ ရှိသေးတာကြောင့် ပရီးမီးယားလိဂ်မှာ ပုံစံကောင်း ရနေတဲ့ အသင်းတစ်သင်း ဆီကို တစ်ရာသီ အငှားချတဲ့ ဗျူဟာ ကလည်း ကောင်းမွန်နိုင်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဟာ သူ့ကို အငှားချမှာ မဟုတ်ဘဲ အသင်းမှာ ဆက်ထားထားမယ်လို့ ဆိုထားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ အကောင်းဆုံး နည်းလမ်း ကတော့ ဆာလားကို ကာဗယ်ဟိုထံ အပ်နှံကာ တပည့်တစ်ဦးလို သင်ကြားခိုင်းဖို့ပဲ ဖြစ်ပါတယ်။ ဆာလားဟာ သူ့ကစားသမားဘ၀ရဲ့ အကောင်းဆုံး အချိန်ကို ရောက်နေတဲ့ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ကာ သူဟာ ဘယ်သူ့ကိုမှ ကြောက်ရွံ့တဲ့သူ မဟုတ်ပါဘူး။ ဒါ့ကြောင့် လီဗာပူးအနေနဲ့ လူငယ် ကစားသမားတွေကို ဦးဆောင်ကာ သင်ကြားပေးရန် ဆာလားကို တာ၀န်ပေးသင့်ပါတယ်။

ဒါလိုဆိုရင် လီဗာပူး အနေနဲ့ မျိုးဆက်ပြတ်မသွားဘဲ ယနေ့ခေတ် လီဗာပူးလိုမျိုး ထိပ်တန်းအဆင့်မှာ အကြာကြီး ရပ်တည်သွားနိုင်မှာပါ။ အသင်းကို ဒီလိုပဲ တည်ဆောက်ရတာပါပဲ။ ဆာလား အနေနဲ့ ကာဗယ်ဟိုကို မကူညီပေးစရာ အကြောင်း မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကာဗယ်ဟိုဟာ ဆာလား လက်သစ် အော်တို ဖြစ်လာမယ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆာလားရဲ့ ညွှန်ကြားမှုအောက်မှာ ရှိနေခဲ့မယ်ဆိုရင် သူဟာ ဆာလားရဲ့ level နားကို ရောက်လာဖို့ အတွက် အခွင့်အရေး ပိုမို ရှိနေပါတယ်။” လို့ ပြောသွားပါတယ်။

ဆာလားဟာ လီဗာပူး သမိုင်းမှာ လစာအမြင့်ဆုံးရတဲ့ ကစားသမား ဖြစ်လာခဲ့ပြီး တစ်ပတ်ကို ပေါင် ၃ သိန်းခွဲ ရရှိမှာ ဖြစ်ပါတယ်။ ဆာလားဟာ လွန်ခဲ့တဲ့ ၂၀၁၇ က ရိုးမားကနေ ပြောင်းလာခဲ့သူ ဖြစ်ပြီး လက်ရှိမှာ လီဗာပူးရဲ့ ဂန္တ၀င် ဖြစ်နေခဲ့ပြီး ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကစားသမားဟာ အခုဆိုရင် ကလပ်သမိုင်းမှာ ၉ ယောက်မြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပြီး အို၀င် ဒဲလ်ဂလစ်ခ်ျ နဲ့ ဖောင်လာ တို့လို ကစားသမားတွေကို မကြာခင် ကျော်ဖြတ်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။