အစောပိုင်း ကာလတွေမှာ တောင်ပံ ကစားသမားတွေဟာ ပြိုင်ဘက်ရဲ့ ခံစစ်ကို နေရာလွတ်တွေ ဖြစ်စေဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ သူတို့ဟာ လျင်မြန်မှု ၊ သွက်လက်မှုနဲ့ ဖြတ်တင်ဘောတွေမှာ အရမ်းကောင်းမွန်ဖို့ လိုပါတယ်။ ညာတောင်ပံ သို့မဟုတ် ဘယ်တောင်ပံ ကစားသမားတွေဟာ ကွဲပြားကြပြီး ၂၀၂၂ ခုနှစ်မှာ ပိုမို ခက်ခဲတဲ့ နေရာဆိုတာ ငြင်းစရာမရှိပါဘူး။

အမြဲပြောင်းလဲနေတတ်တဲ့ နည်းနစ်ပိုင်းတွေ ကျေးဇူးကြောင့် တောင်ပံကစားသမားတွေဟာ တာဝန်တွေ ပိုမိုများပြားလာခဲ့ပါတယ်။ သူတို့ဟာ အခွင့်အရေးတွေ ဖန်တီးရုံသာမက သွင်းဂိုးတွေပါ သွင်းယူပေးရတာပါ။ ပြီးတော့ full back တွေအတွက် ကစားပေးရပြီး အသင်းရဲ့ ဖိအားပေးမှုတွေမှာ အများကြီး ပါဝင် ပတ်သတ်ရပါတယ်။ ဒီနေ့မှာတော့ လက်ရှိ တန်ကြေးအမြင့်ဆုံး ညာတောင်ပံ ကစားသမားတွေကို ကြည့်လိုက်ရအောင်ဗျာ။

(၅) ကင်စလေကိုးမန်း – ဘိုင်ယန်မြူးနစ် (ယူရို သန်း ၆၀)။ ။ ဂနာဘရီက သူ့ရဲ့ ညာတောင်ပံမှာ ခြေစွမ်းပြတာနဲ့အတူ ဘိုင်ယန်မြူးနစ်ရဲ့ ကိုးမန်းဟာ သူမျှော်လင့်သလို ညာတောင်ပံမှာ ပွဲထွက်ခွင့် သိပ်မရခဲ့ပါဘူး။ သူဟာ ကြံ့ခိုင်မှု ပြသနာတွေနဲ့ ရုန်းကန်နေရတာကြောင့် သူ့ရဲ့ အကောင်းဆုံး အနေအထားကို မရောက်ခဲ့ပါဘူး။ ၂၀၂၁-၂၂ ခုနှစ်မှာ ကိုးမန်းဟာ ဘယ်တောင်ပံ ကစားသမား အဖြစ်သာ အသုံးပြုခြင်းခံခဲ့ရပါတယ်။

ပြင်သစ်သားဟာ ဘယ်တောင်ပံ ကစားသမား အဖြစ် ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ညာတောင်ပံ အဖြစ်နဲ့ ၄ ဂိုး သွင်းယူထားပါတယ်။ ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းကာ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ ယူရို သန်း ၆၀ ဆန်ကြေးရှိတဲ့ ကိုးမန်းဟာ ၂၀၂၇ ဇွန်လမှ စာချုပ်သက်တမ်း ကုန်မှာပါ။ ဒါပေမဲ့ သူသာ အသင်းအတွက် ပိုပြီး အသုံးမပြုနိုင်ဘူးဆိုရင် ဘိုင်ယန်က သူ့ကို ရေရှည်စာချုပ် ချုပ်ဆိုဖို့ ပယ်ဖျက်သွားနိုင်ပါတယ်။

(၄) ရိုဒရီဂို – ရီးရဲမက်ဒရစ် (ယူရို သန်း ၆၀)။ ။ မက်ဒရစ် ညာတောင်ပံ ကစားသမား ရိုဒရီဂိုဟာ ၂၀၂၁-၂၂ ခုနှစ် သူ့ရဲ့ အကောင်းဆုံး ရာသီကို ဖြတ်သန်းခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘရာဇီးသားဟာ ပွဲထွက်စာရင်းမှာ သိပ်မပါဝင်ရပေမဲ့ သူကွင်းထဲကို ဝင်ရောက်လာချိန်တိုင်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရိုဒရီဂိုဟာ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၉ဂိုး သွင်းပြီး ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ကာ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ အ​ကောင်သဆုံး စွမ်းဆောင်ရည်ကတော့ စီးတီး အသင်းနဲ့ ချန်ပီးယံလိဂ် ဒုတိယအကျော့ ပွဲစဥ်မှာဖြစ်ပါတယ်။ မိနစ် ၆၀ မှာ စတင် ဝင်ရောက်လာပြီး ရိုဒရီဂိုဟာ နာကျင်အချိန်ပိုမှာ ၂ ဂိုး သွင်းယူပြီး အချိန်ပို ကစားစေခဲ့ပါတယ်။ အဆိုပါ အချိန်ပိုမှာပဲ ဘန်ဇီမာက ပင်နယ်တီ သွင်းယူခဲ့ပြီး စီးတီးအသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့ပါတယ်။ ရိုဒရီဂိုဟာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသခဲ့ပြီး ဥရောပမှာ အကောင်းဆုံး လူစားဝင် ကစားသမား ဖြစ်လာခဲ့ပါတယ်။

(၃) ဆာ့ဂျ်ဂနာဘရီ – ဘိုင်ယန်မြူးနစ် (ယူရို ၆၅ သန်း)။ ။ ဘိုင်ယန် ညာတောင်ပံ ကစားသမား ဂနာဘရီက ကမ္ဘာ့ အမြန်ဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာ အရမ်းကောင်းတဲ့ လျင်မြန်မှု ရှိရုံသာမက သူ့ရဲ့ အရှိန်ဟာ နောက်ခံလူတွေ ထိန်းနိုင်ဖို့ ခက်ခဲစေပါတယ်။ ဂနာဘရီဟာ ပုံမှန် သွင်းဂိုးတွေ ရှာဖွေပေးနိုင်သလို အသင်သဖော်တွေအတွက် ဖန်တီးမှုတွေလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ယူရို ၆၅ သန်း တန်ကြေးရှိတဲ့ ဂနာဘရီဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၁၇ ဂိုး သွင်းယူပြီး ဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ထားပါတယ်။ ဒီ ၁၇ ဂိုးရဲ့ ၁၄ ဂိုးဟာ ဘွန်ဒက်စ်လီဂါမှာ ရရှိခဲ့တာဖြစ်ပြီး ဘိုင်ယန်ရဲ့ ၁၀ ကြိမ်မြောက်ဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ ဂနာဘရီဟာ နောက်ရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သူဟာ ပြောင်းရွှေ့နိုင်ချေ ရှိပါတယ်။

(၂) ဖက်ဒရီကိုခီရေဆာ – ဂျူဗင်တပ် (ယူရို ၆၅ သန်း)။ ။ တူရင်မှာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်အတွင်း သူ့ရဲ့ လုပ်အားနှုန်း ၊ ဖြတ်တင်ပေးပို့မှု စွမ်းရည် ၊ အတိုးအလှုပ် ၊ အရေးပါတဲ့ သွင်းဂိုးတွေနဲ့အတူ ပရတ်သတ်တွေကို အထင်ကြီးစေခဲ့ပါတယ်။ ၂၀၂၁-၂၂ ခုနှစ်မှာ ခီရေဆာဟာ စီးရီးအေ ပွဲ ၃၀ ကစားထားပြီး ၈ ဂိုး သွင်းကာ ဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကြွက်သား ဒဏ်ရာကို စတင်ကြံ့ကြံ့ခံနေရပြီး ဒါကပဲ သူ့ကို စီးရီးအေ ၅ပွဲနဲ့ လွဲချော်စေခဲ့ပါတယ်။

ပြန်လည်ကောင်းမွန်လာပြီး သူဟာ ၂ ပွဲ ပါဝင်ကစားခဲ့ပေမဲ့ မကြာခင်မှာပဲ ACL ဒဏ်ရာ ရရှိခဲ့တာကြောင့် တစ်ရာသီလုံး အနားယူခဲ့ရပါတယ်။ ခီရေဆာဟာ အီတလီ ကလပ်အတွပ် ပြိုင်ပွဲစုံ ၁၈ ပွဲသာ ကစားခဲ့ရပြီး ၄ ဂိုး သွင်းပြီး ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ ယူရို ၆၅ သန်း တန်ကြေးရှိတဲ့ ခီရေဆာဟာ နောက်ရာသီ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာတဲ့အခါ သူ့ရဲ့ တန်ကြေးနဲ့ ကိုက်ညီတဲ့ ခြေစွမ်း ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်။

(၁) မိုဟာမက်ဆာလတ် – လီဗာပူး (ယူရို သန်း ၉၀)။ ။ လီဗာပူး ကစားသမား ဆာလတ်ဟာ အစုအဖွဲ့နဲ့ရော တစ်ကိုယ်တော်ရောပါ ခြေစွမ်းပြခဲ့ပြီး ၂၀၂၁-၂၂ ခုနှစ် ရာသီကို အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ညာတောင်ပံ ကစားသမားဟာ လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို အနည်းငယ်နဲ့သာ လွဲချော်ခဲ့ရပါတယ်။ ဆာလတ်ဟာ အသင်းကို ဦးဆောင်ပြီး သွင်းဂိုး သွင်းယူကာ ဖန်တီးမှုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ ၂၃ ဂိုး သွင်းယူပြီး ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ကာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ။ ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် သူ့ထက် တစ်ရာသီအတွင်း ဖန်တီးမှုရော သွင်းဂိုးပါ အများဆုံး ရရှိထားတာဟာ ဟယ်ရီကိန်းပဲရှိပါတယ်။ ချန်ပီယံလိဂ်မှာလည်း ၈ ဂိုးသွင်းပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ဆာလတ်ရဲ့ လက်ရှိ စာချုပ်ဟာ တစ်နှစ်သာ ကျန်တော့တာပါ။ သူသာ ရေရှည်စာချုပ်ချုပ်ဆိုမယ်ဆိုရင် သူ့ရဲ့ တန်ကြေးဟာ ယူရို သန်း ၉၀ နဲ့အထက် ရှိမယ်လို့ ထင်ပါတယ်။