ဗဟိုခံစစ်ရဲ့ အခန်းကဏ္ဍဟာ လွန်ခဲ့တဲ့ နှစ်တွေက ပြောင်းလဲသွားခဲ့ပါတယ်။ အရင်ကတော့ သူတို့ဟာ ပြိုင်ဘက်တိုက်စစ်ရဲ့ ထိုးဖောက်မှုကို ကာကွယ်ဖို့ တာဝန်ယူတာပါ။ ယခုမှာတော့ သူတို့မှာ နောက်ထပ် တာဝန်တွေဖြစ်တဲ့ ဘောလုံးကိုင်ပြီး ဖြန့်ဝေရတဲ့ အလုပ်ကိုပါ လုပ်ဆောင်ရပါတယ်။ အရမ်းနည်းပါတဲ့ ဗဟိုနောက်ခံလူတွေကသာ ဒါကို လုပ်ဆောင်နိုင်ကြပါတယ်။ အများစုကတော့ နယ်ပယ် တစ်ခုခုမှာ ကျရှုံးကြပါတယ်။ ကဲ လက်ရှိ ပုံစံကောင်း ပြသနေပြီး ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး ကစားသမား ၅ ယောက်ကို ကြည့်လိုက်ရအောင်ဗျာ။

(၅) ဒေးယော့အူပါမီကာနို (ဘိုင်ယန်မြူးနစ်) – ယူရို ၇၇.၇ သန်း။ ။ ဘိုင်ယန်မြူးနစ် အသင်းဟာ အူပါမီကာနိုကို ၂၀၂၁ နွေရာသီမှာ ယူရို ၄၂.၅ သန်းနဲ့ လိုက်ပ်ဇစ်ကနေ ခေါ်ယူခဲ့ပါတယ်။ ၂၃ နှစ်သားဟာ သူ့ရဲ့ တန်ကြေးနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး ပြသထားနိုင်ပြီး အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ရှိပါတယ်။ ပြင်သစ်နောက်ခံလူဟာ ဘောလုံးကို သက်တောင့်သက်သာ ကစားနိုင်ပြီး ဘောလုံး ဖြန့်ဝေရာမှာလည်း ယုံကြည်လို့ရတဲ့ သူပါ။

လက်ရှိ ယူရို ၇၇.၇ သန်း တန်ကြေးရှိတဲ့ အူပါမီကာနိုဟာ တစ်ဦးချင်း အနေအထားမှာ ရှိန်လောက်ပြီး အမြင့်ဘောတွေမှာလည်း အားသာပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၈ ပွဲ ကစားခဲ့ပြီး တစ်ဂိုး သွင်းယူကာ ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါမှာ ပေးဂိုးမရှိပွဲစဥ် ၈ ပွဲနဲ့ ချန်ပီယံလိဂ်မှာ ၄ ပွဲ ရရှိအောင် စွမ်းဆောင်ထားပါတယ်။ သူဟာ တိုက်စစ်မှာ အသုံးဝင်သလို ခံစစ်ပိုင်းမှာလည်း ဖျက်ထုတ်မှု ၃၃ ကြိမ် ၊ ကြားဖြတ်ရယူမှု ၆၉ ကြိမ်နဲ့ ရှင်းလင်းမှု ၇၅ ကြိမ်အထိ ပြုလုပ်ထားပါတယ်။

(၄) ရော်နယ်အာရူဂျို (ဘာစီလိုနာ) – ယူရို ၈၉.၁ သန်း။ ။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပဲ ကစားသမား အများစုကလည်း ရုန်းကန်ခဲ့ရပါတယ်။ အာရူဂျိုကတော့ ရုန်းကန်နေရတဲ့ ကစားသမားတွေထဲမှာ မပါဝင်ခဲ့ပါဘူး။ သူဟာ ဘာစီလိုနာရဲ့ ခံစစ်ပိုင်းကို တည်ငြိမ်မှုတွေ ယူဆောင်လာပြီး အသင်းကို တိုးတက်အောင် ကူညီပေးခဲ့ပါတယ်။ သူသာ မရှိရင်တော့ ဘာစီလိုနာ အသင်းဟာ အဆင့် ၂ နေရာမှာ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး။

ယူရို ၈၉.၁ သန်း တန်ကြေးရှိ ဥရုဂွေး နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ပွဲ ၃၀ ကစားခဲ့ပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပေးပို့မှု ၁၄၈၅ ကြိမ် ၊ အဓိက ပေးပို့မှု ၆ ကြိမ် နဲ့ ဧရိယာအတွင်း ဖြတ်တင်ပေးပို့မှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ဘာစီလိုနာ အသင်းကို ပေးဂိုးမရှိ ပွဲစဥ် ၉ ပွဲ ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ သူဟာ ဖျက်ထုတ်မှု ၃၃ ကြိမ် ၊ တာဆီးမှု ၂၁ ကြိမ် ၊ ကြားဖြတ်ရယူမှု ၃၇ ကြိမ်နဲ့ ရှင်းလင်းမှု ၇၈ ကြိမ် ပြုလုပ်ထားပါတယ်။

(၃) အီဒါမီလီတာအို (ရီးရဲမက်ဒရစ်) – ယူရို ၉၀.၃ သန်း။ ။ ၂၀၂၁-၂၂ ခုနှစ် ရာသီမတိုင်ခင် ရာမို့စ်နဲ့ ဗာရန်းတို့ ၂ ယောက်လုံး ထွက်ခွာခဲ့တာကြောင့် မက်ဒရစ်ကတော့ သူတို့ရဲ့နေရာမှာ အစားထိုးဖို့ လိုအပ်ခဲ့ပါတယ်။ အလာဘာနဲ့ မီလီတာအိုတို့ဟာ ပြီးခဲ့တဲ့ရာသီ အောင်မြင်မှုတွေနဲ့ မလွဲချော်စေခဲ့ပါဘူး။ ဘရာဇီး နောက်ခံလူဟာ မက်ဒရစ်ရဲ့ တိုးတက်မှု အရှိဆုံး ကစားသမားပါ။ သူဟာ ခံစစ်မှာ တံတိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အန္တရာယ်ရှိတဲ့ ပေးပို့မှုတွေကို တာဆီးနိုင်သလို တိုက်စစ်ကိုလည်း ဘောလုံး သယ်ဆောင်သွားနိုင်သူပါ။

မီလီတာအိုသာ သူ့ရဲ့ပုံစံအတိုင်း စွမ်းဆောင်ရည် မပြသနိုင်ခဲ့ရင် မက်ဒရစ်ဟာ လာလီဂါရော ချန်ပီယံလိဂ် ဖလားပါ ရယူနိုင်မှာ မဟုတ်ပါဘူး။ ယူရို ၉၀.၃ သန်း တန်ကြေးရှိတဲ့ ဘရာဇီးသားဟာ လာလီဂါ ၃၄ ပွဲ ကစားပြီး ၁ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ မီလီတာအိုဟာ ဖျက်ထုတ်မှု ၇၀ ကြိမ်် ၊ ရှင်းလင်းမှု ၁၂၅ ကြိမ် ပြုလုပ်ခဲ့ပြီး မက်ဒရစ်ကို လာလီဂါမှာ ပေးဂိုးမရှိ ၁၃ ပွဲ ရရှိအောင် စွမ်းဆောင်ထားပါတယ်။ သူဟာ ပေးပို့မှု ၁၇၇၉ ကြိမ် ၊ အဓိက ပေးပို့မှု ၁၁ ကြိမ်နဲ့ ဧရိယာအတွင်း ပေးပို့မှု ၁၄၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

(၂) ဂျော့စ်ကိုဂဗာဒီယို (လိုက်ပ်ဇစ်) – ယူရို ၉၉.၈ သန်း။ ။ ဂဗာဒီယိုဟာ ဒီစာရင်းမှာ ဥရောပရဲ့ ထိပ်သီးမဟုတ်တဲ့ အသင်းက ပါဝင်လာတဲ့ တစ်ဦးတည်းသော နောက်ခံလူပါ။ ဒါပေမဲ့ လိုက်ပ်ဇစ် နောက်ခံလူသာ ဒီစွမ်းဆောင်ရည်မျိုးကို ထိန်းထားမယ်ဆိုရင် မကြာခင်မှာ အသင်းကြီးတွေကို ရောက်နိုင်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ သူ့ရဲ့ အထင်ကြီးလောက်စရာ ပေးပို့မှု ၊ အင်တိုက်အားတိုက် ကစားမှု ၊ လိုအပ်တဲ့ ပုံစံနဲ့ ကစားနိုင်မှု ၊ အဝေးပေးပို့နိုင်မှု တို့နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ ပုံစံကောင်း ပြသနေခဲ့ပါတယ်။

ခရိုအေးရှား လူငယ် နောက်ခံလူဟာ ဂိုးပေါက်ရှေ့မှာ တိုက်ရိုက် ဂိုးပါဝင် ပတ်သတ်မှု သိပ်မရှိပေမဲ့ သူ့ရဲ့ တိုက်စစ်ထောက်ပံ့ပေးနိုင်တဲ့ ကစားပုံဟာ လိုက်ပ်ဇစ်​ရဲ့ တိုက်စစ်ပိုင်းမှာ အဓိက ကျပါတယ်။ ယူရို ၉၉.၈ သန်းတန်ကြေးရှိတဲ့ ဂဗာဒီယိုဟာ လိုက်ပ်ဇစ်အတွက် ဘွန်ဒက်စ်လီဂါ ၂၉ ပွဲ ကစားထားပြီး ဖန်တီးမှုနဲ့ သွင်းဂိုး ၂ကြိမ်စီ ပြုလုပ်ထားကာ ပေးဂိုးမရှိပွဲစဥ် ၈ ပွဲ ရှိအောင် စွမ်းဆောင်ထားပါတယ်။ သူဟာ ပေးပို့မှုတွေမှာ အရမ်းကောင်းပြီး ခံစစ်ပိုင်းမှာလည်း ဖျက်ထုတ်မှု ၃၃ ကြိမ် ၊ ကြားဖြတ်ရယူမှု ၈၉ ကြိမ်နဲ့ ရှင်းလင်းမှု အကြိမ် ၈၀ ပြုလုပ်ထားပါတယ်။

(၁) ရူဘန်ဒီးယက် (မန်စီးတီး) – ယူရို ၁၀၉.၆ သန်း။ ။ စီးတီး အသင်းဟာ ၂၀၂၀ နွေရာသီမှာ ဒီးယက်ကို ယူရို ၆၈ သန်းနဲ့ ဘင်ဖီကာ အသင်းကနေ ခေါ်ယူခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ အမှားတစ်ခုတောင် မပြုလုပ်ခဲ့ပါဘူး။ စီးတီးအသင်းရဲ့ ခံစစ်မှာ တည်ငြိမ်မှုတွေ ယူဆောင်လာပြီး ဂွာဒီယိုလာရဲ့ အသင်းကို ခံစစ်ပိုင်း ကောင်းမွန်တဲ့ အသင်းဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ ၂၀၂၀-၂၁ ခုနှစ် ပရီးမီးယားလိဂ် ဖလား ကိုင်မြောက်ချိန်က ပေးဂိုး ၃၂ ဂိုးသာ ​ရှိခဲ့ပါတယ်။

ယူရို ၁၀၉.၆ သန်း တန်ကြေးရှိတဲ့ ဒီးယက်ဟာ ဘောလုံး ဖြန့်ဝေမှု ၊ တစ်ဦးချင်း ကောင်းမွန်မှု ၊ လိုအပ်လာရင် ဖိအားပေး ကစားနိုင်မှုတို့ ပြုလုပ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ သူက ပေးပို့မှု ၂၂၆၇ ကြိမ် ၊ အခွင့်အရေး ၄ ကြိမ် ၊ ဖန်တီးမှု ၄ ကြိမ်နဲ့ ၂ ဂိုး သွင်းယူထားပါတယ်။ နောက်ခံလူဟာ ဘောလုံး ပြန်လည်ရယူမှု ၁၀၈ ကြိမ် ၊ တစ်ဦးချင်း တွေ့ဆုံမှု ၈၈ ကြိမ် ၊ ကြားဖြတ်ရယူမှု ၂၃ ကြိမ်နဲ့ ပေးဂိုးမရှိ ၁၂ ပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။