၂၀၂၂ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ နာမည်ကျော် ဘောလုံးသမားတွေ အသင်းပြောင်းရွှေ့တာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီးပါပြီ။ ဥရောပ အင်အားကြီး အသင်းတော်တော်များများကလည်း သူတို့ရဲ့ အသင်း တောင့်တင်းလာစေဖို့ ဆောင်ရွက်နေတာပါ။ သူတို့ထဲက အချို့ကတော့ နွေရာသီ အပြောင်းအရွှေ့ကာလ အစောပိုင်းမှာ ကတည်းက သူတို့ရဲ့ ထိပ်သီး ပစ်မှတ်တွေကို ခေါ်ယူထားနိုင်ခဲ့ပါပြီ။

ဒီပြောင်းရွှေ့မှုတွေကို ကောင်းသလား ၊ ဆိုးသလား ခွဲခြားမယ်ဆိုရင်တော့ မိုက်မဲရာကျပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့ရဲ့ အသင်းသစ်နဲ့ မကစားရသေးတာကြောင့်ပါ။ ဒါပေမဲ့ ထိပ်သီးအသင်းနဲ့ ထိပ်သီး ကစားသမားတွေကြား ပူးပေါင်းနိုင်မှု အလားအလာကို တွေးကြည့်ဖို့က မခက်ပါဘူး။ ကဲ လက်ရှိအချိန်အထိ နွေရာသီ အပြောင်းအရွှေ့ရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေကို ကြည့်လိုက်ရအောင်ဗျာ။

(၅) ဖီလစ်ပီကော်တင်ညို အက်စ်တွန်ဗီလာ။ ။ အက်စ်တွန်ဗီလာ အသင်းကတော့ ကော်တင်ညိုရဲ့ အငှားသဘောတူညီမှုကို မေလမှာ ပေါင် ၁၇ သန်း ထပ်မံ တိုးမြှင့်ပြီး အပြီးသတ် ခေါ်ယူလိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ကိုတော့ ကော်တင်ညို ဒုတိယ ရာသီဝက်မှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသပြီးနောက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ သူဟာ ၅ ဂိုး သွင်းယူပြီး ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့ပါတယ်။

ဘရာဇီး ကွင်းလယ် ကစားသမားဟာ ရာသီတစ်ဝက်လောက်အထိ ရုန်းကန်နေရတဲ့ အသင်းကို ရောက်ရှိလာပြီးနောက် အကျိုးရလဒ်တွေကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူဟာ ဘာစီလိုနာရဲ့ ပထမရာသီဝက်မှာ ပွဲထွက်ခွင့် မရရှိခဲ့ပါဘူး။ ကော်တင်ညိုဟာ အက်စ်တွန်ဗီလာ အသင်းနဲ့ ရာသီကြိုမှာ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ ဒါ့ကြောင့် ကော်တင်ညိုဟာ လက်ရှိအချိန်ထိ ခေါ်ယူမှုတွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့ ယုံကြည်ပါတယ်။

(၄) အိုင်ဗန်ပါရီဆစ် စပါး။ ။ ပါရီဆစ်ဟာ အင်တာမီလန်နဲ့ သဘောတူညီမှုအသစ် မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် သူဟာ ယခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တဲ့ နာမည်ကြီး ကစားသမား တစ်ဦးပါ။ ယခုမှာတော့ သူဟာ စပါးမှာ သူ့ရဲ့ အရင် နည်းပြဟောင်းနဲ့ ပြန်လည်ပေါင်းစည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပါရီဆစ်ဟာ ၂၀၂၀-၂၁ ခုနှစ် စီးရီးအေဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ အီတလီသား နည်းပြရဲ့လက်အောက်မှာ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။


(၃) အော်ရီလီယန်ချူဝါမန်နီ ရီးရဲမက်ဒရစ်။ ။ ယုံကြည်ရတဲ့ ဖာဘရီဇီယိုရိုမာနိုက ဒီ သဘောတူညီမှုအတွက် ကျွန်တော်တို့ လာပြီဗျာ လို့ လက္ခဏာပြခဲ့ပါတယ်။ မိုနာကို အသင်းဟာ သတင်းတွေအရ ပြင်သစ် ကွင်းလယ်ခံစစ် ကစားသမားကို ယူရို သန်း ၈၀နဲ့ ထပ်ဆောင်းအပိုငွေနဲ့ ရောင်းချဖို့ သဘောတူညီလိုက်ကြောင်း သိရပါတယ်။ ကွင်းလယ်လူဟာ ဆန်တီယာဂိုဘာနေဗျူးကို ပြောင်းရွှေ့ချင်နေပြီး အခြားသော အသင်းတွေကို စိတ်မဝင်စားဘူးလို့ သိရပါတယ်။

ရိုမာနိုရဲ့ ပြောဆိုချက်အရ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့ကလည်း သူ့ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါပေမဲ့ ၂၂ နှစ်သားကတော့ မက်ဒရစ်ကိုသာ ပြောင်းရွှေ့ချင်ခဲ့တာပါ။ မက်ဒရစ်ဟာ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဥ်ပြီးနောက် ပြင်သစ်သားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ မက်ဒရစ်နဲ့ မိုနာကိုတို့ဟာ ဇွန်လ ၇ ရက်နေ့မှာ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး သဘောတူညီမှုကတော့ အဆင်ပြေပြေ ပြီးဆုံးခဲ့ပါတယ်။

(၂) အန်တိုနီယိုရူဒီဂါ ရီးရဲမက်ဒရစ်။ ။ ဥရောပ ဆုဖလားရှင် ရီးရဲမက်ဒရစ်ကတော့ ယခု နွေရာသီ အပြောင်းအရွှေ့မှာ အစီအစဥ်တွေ ပြုလုပ်နေတာပါ။ သူတို့ဟာ အန်တိုနီယိုရူဒီဂါကို ခေါ်ယူပြီး သူတို့ရဲ့ အထင်ကြီးလောက်စရာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းထားနိုင်ခဲ့ပါတယ်။ ရူဒီဂါဟာ ပြီးခဲ့တဲ့ ၂ရာသီလောက်ကတည်းက သူ့ကိုယ်သူ အကောင်းဆုံး ဗဟိုခံစစ် ကစားသမားအဖြစ် ရပ်တည်ထားခဲ့တာပါ။

ချဲလ်ဆီး အသင်းကတော့ သူ့ကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ပါဘူး။ ယခုမှာတော့ သူဟာ ရီးရဲမက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားတာပါ။ ရူဒီဂါဟာ မက်ဒရစ်အတွက် ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ သူဟာ အန်စလော့တီရဲ့ အသင်းမှာ စတင်ဖို့အတွက် အလာဘာ ၊ မီလီတာအိုနဲ့ နာချိုတို့လို ကစားသမားတွေနဲ့ ပူးပေါင်းတော့မှာပါ။

(၁) အာလင်းဟာလန်း မန်ချက်စတာစီးတီး။ ။ စီးတီး အသင်းဟာ တိုက်စစ်မှူးမပါလဲ ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့ သတိထားမိပြီးသားပါ။ ဒါဟာ သူတို့ရဲ့ တစ်ခုတည်းသော အားနည်းချက်ပါ။ ဒါပေမဲ့ စီးတီး အသင်းကတော့ အကောင်းဆုံး လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူပြီး ဒီပြသနာရဲ့ အကောင်းဆုံး အဖြေကို တွေ့ခဲ့ပြီထင်ပါတယ်။ သူတို့ဟာ ဟာချုပ် ပေါင် ၆၇.၅ သန်း တန်ကြေးရှိတဲ့ ဖျက်သိမ်းကြေးကို ပေးချေခဲ့ပြီး အခြားသော ဥရောပ အသင်းကြီးတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဟာလန်းဟာ အသက် ၂၁ နှစ်သာ ရှိနေသေးပြီး လက်ရှိအချိန်ထိ သူ့ရဲ့ ကစားသမားဘဝ တစ်လျောက် သူကစားခဲ့တဲ့ ပုံစံကတော့ ကောင်းကင်ကြီးကသာ သူ့ရဲ့ အကန့်အသတ် ဖြစ်ပါလိမ့်မယ်။ သူဟာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၈၉ ပွဲမှာ ၈၆ ဂိုး သွင်းယူကာ ဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ပေးပြီးတဲ့နောက် အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ ဟာလန်း စီးတီး အသင်းကို ပြောင်းရွှေ့တာဟာ လက်ရှိအချိန်ထိ နွေရာသီ အပြောင်းအရွှေ့တွေထဲမှာ အကောင်းဆုံးပါပဲ။