ကစားသမားတစ်ယောက် အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုတဲ့အခါ အဆိုပါ ကစားသမားဟာ အသင်းမှာ ရှိနေဖို့ နှစ်ရှည် သဘောတူညီမှု ပြုလုပ်ရပါတယ်။ ကစားသမားက အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေချိန် အခြားအသင်းက သူ့ကို ခေါ်ယူဖို့ ဆန္ဒရှိတယ်ဆိုရင် အသင်း ၂ သင်းက ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးကြရပါတယ်။ အသင်း ၂ သင်းက သဘောတူညီမှု ရရှိတဲ့အချိန် ခေါ်ယူမဲ့ အသင်းက ကစားသမားနဲ့ တိုက်ရိုက် ဆွေးနွေးခွင့်ရှိပါတယ်။

ကစားသမား တစ်ယောက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရင်တော့ အလွတ်အေးဂျင့်ဖြစ်လာမှာပါ။ ဒါဟာ ခေါ်ယူမဲ့ အသင်းအတွက်တော့ အိပ်မက်တစ်ခုပါပဲ။ စိတ်ဝင်စားနေတဲ့ အသင်းဟာ ပြေုင့းရွှေ့ကြေးမှာ သန်းပေါင်းများစွာ ချွေတာနိုင်ပါတယ်။ ဘောလုံးလောကမှာ နာမည်ကြီး အလွတ်ပြောင်းရွှေ့မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ကစားသမားဟာ ခြေစွမ်းပြသနေပေမဲ့ သူတို့ရဲ့ စာချုပ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ကုန်ဆုံးသွားတာမျိုးပါ။ ကဲ ၂၁ ရာစုရဲ့ တန်ဖိုးအရှိဆုံး အလွတ်ပြောင်းရွှေ့မှု ၅ ခုနဲ့ ယင်းအချိန်က ထိုကကစားသမားတွေရဲ့ ခန့်မှန်းတန်ကြေးကို ကြည့်လိုက်ရအောင်ဗျာ။

(၅) ပေါပေါ့ဘာ ယူရို ၄၈ သန်း (ယူနိုက်တက်မှ ဂျူဗင်တပ် ၂၀၂၂)။ ။ ပေါ့ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ယောက်အဖြစ် သတ်မှတ်ထားခံရသူပါ။ ကံမကောင်းစွာပဲ ယူနိုက်တက်မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ ကစားသမား ဘဝတစ်လျောက် ယူနိုက်တက်ကနေ ၂ ကြိမ်တိတိ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပြီး ၂ ကြိမ်လုံး ဂျူဗင်တပ်ကို ပြောင်းရွှေ့ခဲ့တာပါ။ ပြင်သစ်သားဟာ ပထမအကြိမ် တူရင်အတွက် ကစားပေးချိန်က ၁၇၈ ပွဲမှာ ၃၄ ဂိုးသွင်းယူပြီး ဖန်တီးမှု အကြိမ် ၄၀ ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ အထင်ကြီးစရာ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်က ၂၀၁၆ မှာ သူ့ကို ယူရို ၁၀၅ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ၂၀၁၆ နဲ့ ၂၀၂၂ ခုနှစ်ကြား ပြင်သစ်သားဟာ ပုံစံကောင်း အနည်းငယ် ပြသနိုင်ခဲ့ပေမဲ့ သူ့ရဲ့တန်ကြေးနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး မရှိခဲ့ပါဘူး။ စာချုပ် သက်တမ်း ထပ်မံတိုးမြှင့်မှု မရှိခဲ့တဲ့နောက် လက်ရှိ ယူရို ၄၈ သန်း တန်ကြေးရှိတဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

(၄) ရော့ဘတ်လီဝန်ဒေါ့စကီး ယူရို သန်း ၅၀ (ဒေါ့မွန်မှ ဘိုင်ယန် ၂၀၁၄)။ ။ ကလော့ရဲ့ လက်အောက်မှာ လီဝန်ဒေါ့စကီးဟာ ဒေါ့မွန်နဲ့အတူ သူ့ရဲ့ ပုံစံကောင်းကို ရှာတွေ့ခဲ့ပါတယ်။ ၂၀၁၀ မှာ ပေါ့ဇ်နန်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာတဲ့ လီဝန်ဒေါ့စကီးဟာ သူ့ရဲ့ ပထမဆုံး ၂ရာသီမှာပဲ ဘွန်ဒက်က်စ်လီဂါ ဖလား ၂ ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ၂ ရာသီအတွင်း သူဟာ လိဂ် ၆၇ ပွဲမှာ ဂိုး ၃၀ သွင်းယူပြီး ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ဒေါ့မွန်မှာ နောက် ၂ ရာသီ ဆက်လက်ရှိနေခဲ့ပြီး ပြိုင်ပွဲစုံ ၁၀၃ ပွဲမှာ ၇၁ ဂိုး သွင်းယူခဲ့ပါတယ်။

သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် သူဟာ ဘိုင််ယန်အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပိုလန်သားဟာ အဆိုပါအချိန်က ယူရို သန်း ၅၀ တန်ကြေးရှိပါတယ်။ ဘိုင်ယန်မှာ သူဟာ ဂိုးတွေ ပိုမိုသွင်းယူခဲ့ပြီး ပြိုင်ပွဲစုံ ၃၇၅ ပွဲမှာ ၃၄၄ ဂိုး သွင်းယူခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ အသင်းကို ဘွန်ဒက်စ်လီဂါ ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ ပိုလန်သားရဲ့ ဘိုင်ယန်နဲ့စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဘာစီလိုနာက စိတ်ဝင်စားနေပါတယ်။

(၃) ဒေးဗစ်အလာဘာ ယူရို ၅၅ သန်း (ဘိုင်ယန်မှ မက်ဒရစ် ၂၀၂၁)။ ။ အလာဘာဟာ ဘိုင်ယန် ယူ ၁၉ အသင်းကို ဝိန်းရီဇာ့ အသင်းကနေ ရောက်ရှိလာခဲ့ပါတယ်။ နောက်ထပ် ၁၃ နှစ်အကြာမှာ သူဟာ ဘိုင်ယန်ရဲ့ အားထားရတဲ့ နောက်ခံလူ ဖြစ်လာခဲ့ပါတယ်။ ပြိုင်ဘက်တွေ ခေါင်းရှုပ်စေတဲ့ ဘယ်အစွန် ကစားသမားကနေ ပြိုင်ဘက် တိုက်စစ်မှူးတွေကို တားဆီးတဲ့ ဗဟိုနောက်ခံလူ ဖြစ်လာတဲ့ အလာဘာဟာ ဘိုင်ယန်မှာ ပုံစံကောင်း ပြနိုင်ခဲ့ပါတယ်။ သူဟာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။

အလာဘာဟာ ၂၀၀၉ ကနေ ၂၀၂၁ ခုနှစ်အတွင်း ဘိုင်ယန်အတွက် ၄၃၁ ပွဲ ကစားခဲ့ပြီး ၃၃ ဂိုး သွင်းယူကာ ဖန်တီးမှု ၅၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ဘိုင်ယန်ကို ဘွန်ဒက်စ်လီဂါဖလား ၁၀ ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန် သူဟာ မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူ့ရဲ့ ပွဲဦးထွက်ရာသီမှာပဲ ရာမို့စ်ရဲ့နေရာကို ဝင်ရောက်ကစားခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

(၂) ဒွန်နာရမ်မာ ယူရို သန်း ၆၀ (အေစီမီလန်မှ ပီအက်စ်ဂျီ ၂၀၂၁)။ ။ ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိပ်သီးကစားသမား အချို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒွန်နာရမ်မာကလည်း အဆိုပါ ကစားသမားတွေထဲကတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရာသီ ယူရို သန်း ၆၀ တန်ကြေးရှိတဲ့ ၂၃ နှစ်အရွယ် ဂိုးသမားဟာ အေစီမီလန်ကနေ ပြောင်းရွှေ့လာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီကို မပြောင်းရွှေ့ခင် အေစီမီလန်အတွက် ၂၅၁ ပွဲ ကစားပေးခဲ့ပါတယ်။

သူဟာ ၂၆၅ ဂိုး ခွင့်ပြုပေးခဲ့ရပြီး ၈၈ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားခဲ့ပါတယ်။ အီတလီသား ဂိုးသမားဟာ ပီအက်စ်ဂျီမှာ စိတ်ပျက်စရာ ရာသီကို ဖြတ်သန်းခဲ့ပါတယ်။ သူဟာ မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာလည်း အမှားလုပ်ခဲ့ပါသေးတယ်။ ပီအက်စ်ဂျီဟာ သူ့အပေါ် ယုံကြည်မှု အပြည့်ရှိနေသေးပြီး ကျွန်တော်တို့အားလုံး သူမကြာခင် ပုံမှန်လက်စွမ်းပြနိုင်ဖို့ မျှော်လင့်ပါတယ်။

(၁) လီယွန်နယ်မက်ဆီ ယူရို သန်း ၈၀ (ဘာစီလိုနာမှ ပီအက်စ်ဂျီ ၂၀၂၁)။ ။ မက်ဆီနဲ့ ဘာစီလိုနာတို့ ၂၀၂၁ ခုနှစ်မှာ လမ်းခွဲလိုက်ကြောင်း ကြေညာချိန် ဘောလုံး လောကတစ်ခုလုံး အံ့သြခဲ့ရပါတယ်။ ကတ်တလန်မှာ ၁၇ ရာသီလုံး ဖြတ်သန်းခဲ့ပြီးနောက် မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အာဂျင်တီးနားသားဟာ ဘာသီလိုနာတုန်းကလိုတော့ လွှမ်းမိုးမှု မရှိတော့ပါဘူး။ မက်ဆီဟာ ဘာစီလိုနာမှာ ရွှေဘောလုံး ၆ ကြိမ် ရရှိခဲ့ပြီး ရွှေဖိနပ်ဆု ၅ ကြိမ်ရရှိကာ ဥရောပရဲ့ အကောင်းကစားသမားဆု ၃ ကြိမ် ရရှိခဲ့ပါတယ်။
