ရိုနယ်ဒိုနဲ့ မက်ဆီတို့ဟာ ၎င်းတို့ ကစားသမားဘဝတလျှောက် ဂိုးပေါင်းများစွာကို သွင်းယူထား သူတွေပါ။ သူတို့ဟာ တစ်ဦးချင်း အရည်အသွေးနဲ့ ကစားပွဲကို ထိန်းချုပ်နိုင်သလို သူတို့ရဲ့ အသင်းအတွက် အနိုင်သုံးမှတ်ကိုလည်း ရရှိအောင် ကြိုးစား စွမ်းဆောင် ပေးနိုင်သူတွေ ဖြစ်ပါတယ်။ ဒီစူပါစတားတွေဟာ အသင်းအတွက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးရင်း ဟက်ထရစ်သွင်းဂိုး များစွာကို သွင်းယူထားပါတယ်။ ဒီကစားသမား နှစ်ယောက်လိုပဲ တခြား တိုက်စစ်မှူးတွေဟာလည်း ဟက်ထရစ်သွင်းဂိုးများကို သွင်းယူထားပါတယ်။ ရိုနယ်ဒို၊ မက်ဆီတို့နဲ့ အတူ လက်ရှိအချိန်အထိ ကစားနေသေးတဲ့ ဟက်ထရစ်သွင်းဂိုး အများဆုံး ကစားသမား ငါးယောက်ကိုတော့ အခုလိုပဲ ဖော်ပြလိုက်ပါတယ်။

#၅ ဇလာတန် အီဗရာဟီမိုဗစ် (၂၀)။ ။ အီဗရာဟီမိုဗစ်ဟာ သူရဲ့ ကစားသမား ဘဝ တလျှောက် ဥရောပ ထိပ်တန်းကလပ်တော်တော်များများမှာ ကစားခဲ့သူပါ။ ဆွီဒင်တိုက်စစ်မှူးဟာ သူကစားခဲ့တဲ့ ကလပ်တော်တော်များများနဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ နိုင်ငံတကာအဆင့်မှာဆို မိုဗစ်ဟာ ဆွီဒင်အသင်းအတွက် ဟက်ထရစ်လေးကြိမ် သွင်းယူထားပါတယ်။ ဂျူဗင်တပ်အသင်းမှာ ကစားစဥ်က သွင်းယူခဲ့တဲ့ ဟက်ထရစ်ဟာ သူ့ရဲ့ ပထမဆုံး ကလပ်အသင်း ဟက်ထရစ် ဖြစ်ပါတယ်။

အံ့သြစရာအချက်ကတော့ သူဟာ အေဂျက်၊ ဘာစီလိုနာ နဲ့ အင်တာမီလန်မှာ ကစားခဲ့စဥ်က ဟက်ထရစ် မသွင်းယူ ခဲ့နိုင်ပါဘူး။ အဲ့နောက် အေစီမီလန်နဲ့ မန်ယူအသင်း အတွက် ဟက်ထရစ် တစ်ကြိမ်စီ သွင်းယူနိုင်ခဲ့ပါတယ်။ ဟက်ထရစ် အကြိမ်ရေအများဆုံး သွင်းယူခဲ့တာကတော့ ပီအက်စ်ဂျီမှာ ကစားခဲ့စဥ်က ဖြစ်ပြီး ဟက်ထရစ် ၁၀ ကြိမ်ထိ သွင်းယူခဲ့ပါတယ်။ အယ်လ်အေ ဂလက်စီ အသင်းမှာလည်း ကစားခဲ့ပြီး ဟက်ထရစ် သုံးကြိမ်သွင်းယူကာ ဟက်ထရစ်သွင်းဂိုး အကြိမ်ရေ ၂၀ ထိ ရှိလာခဲ့ပါတယ်။

#၄ လူးဝစ် ဆွာရက်ဇ် (၂၉)။ ။ သူ့ရဲ့ ကစားသမား ဘဝဟာ အငြင်းပွားမှုတွေနဲ့ ပြည့်နှက်နေပေမဲ့ သူ့မျိုးဆက်မှာ ဆွာရက်ဇ်ဟာ ဂိုးသွင်းအများဆုံး ကစားသမား တွေထဲက တစ်ယောက်ပါ။ သူရဲ့ နေရာယူတတ်မှု၊ အံ့သြဖွယ်ရာ နည်းစနစ်တွေနဲ့ သေချာတဲ့ အဆုံးသတ်ပိုင်းတွေကြောင့် ဥရုကွေး ကစားသမားဟာ သူ့ရဲ့ ကစားသမား ဘဝတလျှောက် ဂိုးများစွာ သွင်းယူနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ အဆင့်မှာဆို ဆွာရက်ဇ်ဟာ နိုင်ငံအသင်းအတွက် ဟက်ထရစ် နှစ်ကြိမ် သွင်းယူထားပါတယ်။

သူဟာ အေဂျက် အသင်းမှာ ဟက်ထရစ် ၉ ကြိမ်သွင်းယူခဲ့ပြီး အောင်မြင်မှု စတင် ရရှိလာခဲ့သူပါ။ အဲ့ဒီနောက် လီဗာပူးလ်အသင်းကို ပြောင်းရွေ့ခဲ့ပြီး လီဗာပူးလ်အသင်းမှာ ဟက်ထရစ် ၆ ကြိမ် သွင်းယူနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ရဲ့ အကောင်းဆုံး အချိန်ကတော့ ဘာစီလိုနာ အသင်းကို ရောက်ရှိခဲ့ချိန် ဖြစ်ပြီး အသင်းအတွက် ဟက်ထရစ် ၁၂ ကြိမ်အထိ သွင်းယူခဲ့တာပါ။ သူဟာ အက်သလက်တီကို မက်ဒရစ် အတွက်လည်း ဟက်ထရစ် ၁ ကြိမ် သွင်းယူထားတာကြောင့် ဟက်ထရစ် ၂၉ ကြိမ်အထိ ရှိလာခဲ့ပါပြီ။

#၃ ရော်ဘတ် လီဝန်ဒေါစကီး (၃၀)။ ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ လီဝန်ဒေါစကီးထက် ဂိုးပိုမို သွင်းယူထားနိုင်တဲ့ တိုက်စစ်မှုး အနည်းငယ်သာ ရှိခဲ့ပါတယျ။ ပိုလန် အသင်းခေါင်းဆောင်ဟာ ပင်နယ်တီ ဧရိယာထဲမှာ မယုံကြည်နိုင်လောက်အောင် ခြေစွမ်း ပြပြီး အဆုံးသတ်ပိုင်း သေချာတဲ့ တိုက်စစ်မှုး တစ်ယောက်လည်း ဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဒေါ့မွန်အသင်းမှာ ကစားစဥ်က ဟက်ထရစ် လေးကြိမ်အထိ သွင်းယူနိုင် ခဲ့သူပါ။

ယင်းနောက် ဘိုင်ယန်​မြူးနစ် အသင်းကို ရောက်ရှိလာပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဟက်ထရစ် ၂၀ ကြိမ်သွင်းယူခဲ့ပြီး ၄ ကြိမ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ သူ့နိုင်ငံအသင်းအတွက် ဟက်ထရစ် ၆ ကြိမ် သွင်းယူထားပြီး စုစုပေါင်း ဟက်ထရစ် အကြိမ်ရေ ၃၀ အထိ သွင်းယူထား နိုင်သူပါ။

# ၂ လီယွန်နယ် မက်ဆီ ( ၅၆)။ ။ မက်ဆီရဲ့ ကြီးကျယ်မှုဟာ စကားလုံးနဲ့ကို ဖော်ပြလို့ မရနိုင်ပါဘူး။ အာဂျင်တီနား စူပါစတားရဲ့ ကစားပုံကို ကြည့်ရတာဟာ အရသာ ရှိလှပြီး သူဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး။ မက်ဆီဟာ ဘာစီလိုနာမှာ ကစားစဥ်က ဂန္တဝင် မှတ်တမ်းများစွာကို ရေးထိုးနိုင်ခဲ့ပြီး အသင်းရဲ့ အောင်မြင်မှုမှာလည်း အဓိက အကျဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

သူဟာ ဘာစီလိုနာအသင်းမှာ ကစားစဥ်က ဟက်ထရစ် ၄၈ ကြိမ် အထိ သွင်းယူနိုင်ခဲ့တာပါ။ ထိုထဲက ၈ ကြိမ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းယူခဲ့တာ ဖြစ်ပြီး ၃၆ ကြိမ်ဟာ လာလီဂါမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ဟက်ထရစ် ၈ ကြိမ်သွင်းယူထားပြီး စုစုပေါင်း ဟက်ထရစ် ၅၆ ကြိမ် သွင်းယူထားပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ ပြီးခဲဲ့တဲ့နွေရာသီက ပီအက်စ်ဂျီကို ရောက်ရှိလာပြီး အသင်း အတွက် ဟက်ထရစ် တစ်ကြိမ်မှ မသွင်းယူ ထားရသေးပါဘူး။

# ၁ ခရစ္စတီယာနို ရိုနယ်ဒို (၆၀)။ ။ ရိုနယ်ဒိုဟာ သူ့ကစားသမားဘဝ တလျှောက် ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့ပြီး ခြေစွမ်းတည်ငြိမ်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ သူ့လို ခြေစွမ်းမျိုးကို ပြသနိုင်သူ ကစားသမား အနည်းငယ်သာ ရှိပါတယ်။ သူ့ရဲ့ အရှုံးမပေးလိုတဲ့ စိတ်ဟာ ပေါ်တူဂီသားကို ကွင်းအတွင်းမှာ များစွာ အကူအညီ ဖြစ်စေပါတယ်။ ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ နိုင်ငံလက်ရွေးစင် အသင်းအတွက် ဟက်ထရစ် ၁၀ ကြိမ် သွင်းယူထားပါတယ်။ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားစဥ်က ဟက်ထရစ် ၄၄ ကြိမ် သွင်းယူထားပြီး ၃၄ ကြိမ်ဟာ လာလီဂါ ပွဲစဥ်မှာ ဖြစ်ပါတယ်။

သူဟာ ဂျူဗင်တပ်နဲ့ မန်ယူအသင်းအတွက် ဟက်ထရစ် ၃ ကြိမ်စီ သွင်းယူထားပြီး စုစုပေါင်း ဟက်ထရစ် ၆၀ ကြိမ်ထိ သွင်းယူထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ လက်ရှိဘောလုံး လောကရဲ့ ဟက်ထရစ် သွင်းဂိုးအကြိမ်ရေ အများဆုံး ကစားသမား ဖြစ်ပါတယ်။ မကြာသေးမီက နောဝှစ်ချ်နဲ့ ပွဲစဥ်မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဟာ အသက် ၃၇ နှစ် ရှိပြီ ဖြစ်ပေမဲ့ စွမ်းဆောင်ရည် မကျသေးဘူးဆိုတာ သက်သေ ပြသနိုင်ခဲ့တဲ့ ဟက်ထရစ် သွင်းဂိုးလည်း ဖြစ်ပါတယ်။