ယူနိုက်တက် နောက်ခံလူ ဒီယေဂိုဒါးလော့က အသင်းအတွက် စိတ်ပျက်စရာ အကောင်းဆုံး ဘောလုံးရာသီမှာ ရော်နယ်လ်ဒို ရှိနေခြင်းဟာ အပြုသဘောဆောင်တဲ့ အရာတွေထဲက တစ်ခုဖြစ်ကြောင်း အပြင်၊ နည်းပြသစ် အဲရစ်တန်းဟဂ်နဲ့ လက်တွဲဖို့ မျှော်လင့်နေတယ်လို့ ပြောလိုက်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီရာသီအစမှာ အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့ချိန် ကတည်းက ပြိုင်ပွဲအရပ်ရပ် ၃၆ပွဲမှာ ၂၃ဂိုးသွင်းယူကာ ၃ဂိုးဖန်တီး ပေးထားပြီး၊ ယူနိုက်တက်တို့ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သွင်းဂိုး၉ဂိုးထဲမှာ သူ့ရဲ့သွင်းဂိုး၈ဂိုး ပါဝင်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ နည်းပြဟောင်း အိုလီဂန်နာ ဆိုးလ်ရှားနဲ့ ယာယီနည်းပြ ရာ့ဖ်ရန်းဂနစ်ခ်တို့ လက်အောက်မှာ စိတ်ပျက်စရာ ဘောလုံးရာသီ တစ်ခုကို ကြုံတွေ့ခဲ့ရပြီး၊ သရဲနီတို့ဟာလည်း ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၆မှာသာ ရပ်တည်နေပါတယ်။

ဒါ့အပြင် သူတို့ အသင်းဟာ ဆုဖလားတွေ ရယူနိုင်ခြင်း မရှိတာလည်း ၅နှစ်အထိ ကြာမြင့်ခဲ့ပါပြီ။ ဒီရာသီမှာ ယူနိုက်တက်တို့ ရုန်းကန်နေရပေမယ့် အသင်းအတွက် ရော်နယ်လ်ဒိုရဲ့ သက်ရောက်မှုတွေက ကြီးမားခဲ့တယ်လို့ သူ့ရဲ့ ကလပ်နဲ့ လက်ရွေးစင် အသင်းဖော် ဒါးလော့က အခုလို ချီးကျူးခဲ့ပါတယ်။

“ယူနိုက်တက်မှာ ရော်နယ်လ်ဒို ရှိနေတာ အရမ်းကောင်းပါတယ်။ ဒါက ကျွန်တော့် အတွက် အကူအညီ ဖြစ်တာကြောင့် ပြောတဲ့စကားမျိုး မဟုတ်ပါဘူး။ ဟုတ်ပါတယ် သူရှိနေခြင်းဟာ ဒီရာသီမှာ အသင်းအတွက် အပြုသဘောဆောင်တဲ့ အရာတွေထဲက အကောင်းဆုံးအရာ တစ်ခုပါ။”

“ရော်နယ်လ်ဒိုနဲ့ တွဲကစားခွင့်ရတာက အလုပ်အပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ သဘောထား၊ ပရော်ဖက်ရှင်နယ်ဆန်မှု၊ သူ့ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေကို အနီးကပ် သင်ယူခွင့် ရရှိစေပြီး၊ ဒါတွေက ကျွန်တော်ရဲ့ ကစားသမား ဘဝအတွက် အထောက်အကူ ဖြစ်စေပါတယ်။”

“သူရှိနေတဲ့အသင်းက ထူးခြားတဲ့ ကိန်းဂဏန်း အချက်အလက်တွေ ပိုင်ဆိုင်နေမှာ ဖြစ်တာကြောင့် သူ့ကို ဒီအသင်းမှာ ပိုင်ဆိုင်ခွင့်ရတာက အရမ်း ကျေနပ်စရာ ကောင်းတယ်ဆိုတာ သိသာ ထင်ရှားပါတယ်။ ဟုတ်ပါတယ် သူက အသင်းဖော် တစ်ယောက် အနေနဲ့ အရမ်း ဖော်ရွေတတ်တဲ့သူပါ။ နောက်ပြီး သူ့အပေါ် ယုံကြည်မှုရှိတဲ့ လူတွေကို သူ့ဘက်က ယုံကြည်မှု အပြည့်အဝ ပြန်ပေးတတ်ပါတယ်။”

“ယူနိုက်တက်နဲ့ ပတ်သက်တဲ့လူတိုင်းဟာ သူ့ကို ဒီအသင်းမှာ အကြာကြီး ရှိနေစေချင်ပြီး၊ အသင်းဖော်တိုင်းကလည်း သူနဲ့ တွဲကစားရတာကို သဘောကျပါတယ်။ အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ရော်နယ်လ်ဒို ရှိနေခြင်းက သက်ရောက်မှု ကြီးမားပြီး၊ အမြဲတမ်း အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေ ရှိလာစေပါတယ်။”

ဆက်လက်ပြီး ဒါးလော့က နည်းပြသစ် အဲရစ်တန်းဟဂ် ရောက်ရှိလာခြင်းဟာ အသင်းရဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို အဆုံးသတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒတ်ခ်ျလူမျိုး နည်းပြရဲ့ နည်းစနစ်တွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားဖို့ စိတ်လှုပ်ရှားမိကြောင်း အခုလို ထပ်ပြောခဲ့ပါတယ်။

“အဲရစ်တန်းဟဂ်က နည်းပြကောင်း တစ်ယောက် ဖြစ်တယ်ဆိုတာ သိရဖို့ အများကြီး လေ့လာနေစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူက အေဂျက်စ် အသင်းနဲ့ ထူးခြားတဲ့ အရာတွေ အများကြီး လုပ်ပြထားခဲ့သူ ဖြစ်နေတယ်လေ။”

“သူ့ရဲ့ နည်းစနစ်တွေနဲ့ သူကိုင်တွယ်တဲ့ အသင်းတွေရဲ့ ဘောလုံး ကစားဟန်တွေက အရမ်း ဆွဲဆောင်မှု ရှိခဲ့ပါတယ်။ ယူနိုက်တက် ပရိတ်သတ်တိုင်းနဲ့ အသင်းရဲ့ ကစားသမားတွေ အားလုံးက ဒီလို မန်နေဂျာ တစ်ယောက် ရောက်လာတာကို စိတ်လှုပ်ရှား နေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ကျွန်တော်တို့ရဲ့ နည်းပြသစ် ဘယ်သူ ဖြစ်မလဲဆိုတာ လာမယ့်ရာသီ မတိုင်ခင် သိရတဲ့အတွက် အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ရာသီကုန် အားလပ်ရက်တွေမှာ နည်းပြသစ် ဘယ်သူလဲ ဆိုတာကို တွေးနေစရာ မလိုတော့ဘူးလေ။”

” သူနဲ့အတူ ရာသီသစ်မှာ မှန်ကန်တဲ့ အတွေးအမြင်တွေနဲ့ အတူလက်တွဲ လုပ်ဆောင်နိုင်ဖို့ အခုကတည်းက စိတ်လှုပ်ရှားနေပါပြီ။” လို့ဒါးလော့က ထုတ်ပြော သွားခဲ့ပါတယ်။