ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ကန်ဆယ်လို၊ ပီပီ၊ ဒါနီလို ပါရဲရားနဲ့ ရာဖေးလ် ဂွါရဲရိုးတို့ကို ခင်းကျင်းပြီး ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ရူဘင် နာဗက်စ်၊ ဝီလီယမ် ကာဗာလ်ယို၊ ဘာနာဒို ဆေးလ်ဗားတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဒီယိုဂို ဂျိုတာနဲ့ ဂွန်ဆာလို ဂေးဒက်စ်တို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ချက်ပြည်ထောင်စုအသင်းကတော့ ဂိုးသမား စတာနက်ခ်၊ ခံစစ်မှာ မက်တီယူး၊ ဘရာဘက်ခ်၊ ဒေးဗစ် ဇီမာတို့ကို အထိုင်ချလာခဲ့သလို ကွင်းလယ် မှာတော့ ဆိုးချက်၊ ဆာဒီလက်ခ်၊ ဟေဗယ်လ်နဲ့ ဆိုဖာလ်တို့ကို အသုံးပြုလာခဲ့ပြီး တိုက်စစ်မှာတော့ ဟလိုဂျက်ခ်၊ ကွတ်ချ်တာနဲ့ လင်ဂါတို့ကို ပွဲထွက်စေခဲ့တာပါ။

အိမ်ရှင် ပေါ်တူဂီတို့အနေနဲ့ ဧည့်သည် ချက်တွေရဲ့ ခံစစ်ထိုင်ပြီး ပိတ်ကစားတဲ့ ကစားကွက်မှာ အခွင့်အရေးတွေ ဖော်ဆောင်ဖို့ ထင်တာထက် ခက်ခဲနေခဲ့တာကို တွေ့ခဲ့ရပြီး ဧရိယာအပြင်ကပဲ အမြင့်ဘောတွေနဲ့ ထိုးဖောက်နေရသလို ရော်နယ်လ်ဒိုကလည်း သိပ်ပြီး မလန်းတာကြောင့် တစ်ဖက် ခံစစ်ကို ကျော်ဖြတ်ဖို့ ခက်နေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ပေါ်တူဂီတို့ ချက်ရဲ့ မာကျောတဲ့ ခံစစ်ကို စတင်ချိုးဖျက်နိုင်ခဲ့ကြပြီး နောက်တန်းအမှားကနေ ဘောလုံးပြန်ရသွားတဲ့ ဂေးဒက်စ်က နောက်ကို ပြန်ယူပြီးမှ ပြေးတက်လာတဲ့ ကန်ဆယ်လိုရဲ့ ပြေးလမ်းထဲ ထည့်ပေးခဲ့ရာမှာ မန်စီးတီးနောက်ခံလူက မနားတမ်း ဆွဲပြေးပြီး ထောင့်ကျဉ်းအနေအထားက အပြင်းကန်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ငါးမိနစ်အကြာ ပွဲချိန် ၃၈ မိနစ်မှာ ပေါ်တူဂီတို့ပဲ နောက်တစ်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချက်ဘယ်ခြမ်းခံစစ်ရဲ့ မပါးနပ်မှုကို အခွင့်ကောင်းယူပြီး ဘာနာဒို ဆေးလ်ဗားက လူကြားထဲက ထိုးပေးခဲ့တာကို ပထမဂိုးဖန်တီးရှင် ဂေးဒက်စ်ကပဲ ထောင့်ပိတ်ဖို့ ကြိုးစားတဲ့ ဂိုးသမားရဲ့ အဝေးတိုင်ဘက်ကို အနိမ့်ဘော အသာချိုးကန်နိုင်ခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး ၂ မိနစ်မှာ လူစားသုံးယောက်လဲလာခဲ့တဲ့ ချက်တို့ ပေါ်တူဂီနောက်တန်းရဲ့ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ဂိုးပြန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အချိတ်အဆက် မမိတာကြောင့် အိမ်ရှင်တွေ ကံကောင်းခဲ့ရသလို ဧည့်သည်တွေကတော့ ဂိုးပေါက်တည့်အောင်ကန်နိုင်ဖို့ ခက်နေခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာ ဂေးဒက်စ်ရဲ့ ဒုတိယဂိုး ရသွားနိုင်တဲ့ ဧရိယာထဲက အနီးကပ်အခွင့်အရေးကို ချက်နောက်တန်းက ခပ်ကြမ်းကြမ်းဖျက်ပြီး တားဆီးသွားခဲ့ပေမယ့် ဒိုင်လူကြီးကတော့ ပင်နယ်တီပေးဖို့ ငြင်းဆန်သွားခဲ့တာကြောင့် ဂိုးရဖို့ ခက်နေတဲ့ ရော်နယ်လ်ဒိုအတွက်တော့ အခွင့်အရေးကြီးနဲ့ လွဲခဲ့ရချိန်မှာ ချက်တို့ကတော့ ညာခြမ်းကောင်တာတွေကနေ မကြာခဏ ဖောက်ထွက်နိုင်ခဲ့ပေမယ့် ဂိုးဘေးကိုပဲ ကန်နေခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပေါ်တူဂီဘက်က ဘရူနို ဖာနန်ဒက်စ်နဲ့ ရာဖေးလ် လီယာအိုတို့လို ကစားသမားတွေကို ထပ်မံထည့်သွင်းခဲ့ပေမယ့် ဂိုးထပ်ရခြင်းတော့ မရှိခဲ့သလို ချက်တို့ကလည်း တစ်ပွဲလုံးမှာ ဂိုးပေါက်တစ်ကြိမ်သာ တည့်ခဲ့တာကြောင့် ပွဲအပြီးမှာ အိမ်ရှင် ဆီလီဆာအိုတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပထမပိုင်းကအတိုင်းပဲ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီနေ့ပွဲ ရလဒ်ကြောင့် ပေါ်တူဂီတို့အနေနဲ့ နေးရှင်းလိဂ်(A) အုပ်စု(၂)မှာ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ၊ ရမှတ် ၇ မှတ်နဲ့ ပထမနေရာကနေ အနီးကပ် ပြိုင်ဘက်ဖြစ်တဲ့ စပိန်အသင်းကို ၂ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ပြီး အုပ်စုကနေ နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် ခြေတစ်လှမ်းကို စတင်လှမ်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။