လီဗာပူးလ်ရဲ့ ဂန္ဓဝင်ကစားသမားကြီး ဂျွန်ဘားနက်စ်ဟာ မန်ယူနိုက်တက်ရဲ့ တိုက်စစ်မှူးကြီး စီရော်နယ်ဒိုအပေါ် ဝေဖန်မှုတွေပြုလုပ်သွားခဲ့ပြီး ဒီရာသီ မန်ယူနိုက်တက်ရဲ့ ကျရှုံးမှုမှာ စီရော်နယ်ဒိုကို အဓိက ခေါင်းစဉ်တပ် ဝေဖန်သွားခဲ့ပါတယ်။

နာမည်ကြီး သတင်းစာတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ အသက်(၅၈)နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ လီဗာပူးလ် ဂန္ဓဝင်ကြီးက စီရော်နယ်ဒို အပေါ်ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဘားနက်စ်အနေနဲ့ မန်ယူနိုက်တက် ကစားသမားကြီး စီရော်နယ်ဒိုဟာ အသင်းရဲ့ ဟန်ချက်ညီမှုတွေကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ သူတစ်ယောက်အဖြစ် ထင်နေခဲ့တာလည်း ဖြစ်ပါတယ်။ စီရော်နယ်ဒိုသာ မရှိရင် ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်နဲ့ ဆန်ချိုတို့က ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်လာမယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘားနက်စ်က ” သူက အခြားကစားသမားတွေ အတွက် အနှောက်အယှက် ဖြစ်စေပါတယ်၊ မားကပ်စ်၊ ဘရူနိုနဲ့ ဂျေဒန်တို့ဟာ စီရော်နယ်ဒိုသာမရှိရင် ဒီရာသီဟာ သူတို့အတွက် ပိုကောင်းတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာ ပါလိမ့်မယ်၊

ဒါပေမဲ့ မန်ယူနိုက်တက်က စီရော်နယ်ဒိုကို ခေါ်ယူခဲ့ပါတယ်၊ ဒါက သူတို့အတွက်တော့ အမှားကြီးတစ်ခုပါပဲ ” လို့ပြောကြားသွားခဲ့တာပါ။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တဲ့ သူပါ။

စီရော်နယ်ဒိုတစ်ယောက် မန်ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိလာမှုကို အသင်းပရိသတ်တွေနဲ့ ဂန္ဓဝင်ကစားသမားကြီးတွေကတော့ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ အသက်(၃၇)နှစ်ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၉)ပွဲ အထိပါဝင်ကစားပေးခဲ့ပါတယ်။

အဆိုပါ (၃၉)ပွဲမှာ သွင်းဂိုး (၂၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ် တို့ကို ပြုလုပ်ပေးထားနိုင်ခဲ့ပြီး မန်ယူနိုက်တက်အတွက် အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ် (၁၃)ကြိမ် ရရှိထားခဲ့တဲ့ မန်ယူနိုက်တက်အတွက်တော့ စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ (၅)နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရသလို အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ အဆိုးရွားဆုံး ဘောလုံးရာသီတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။

ရမှတ် (၅၈)မှတ်သာ ရရှိခဲ့ပြီး၊ (၁၉၉၀)နောက်ပိုင်း အမှတ်အနည်းဆုံး ဘောလုံးရာသီတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပေးဂိုးက (၅၇) ဂိုးအထိရှိခဲ့ပြီး အသင်းသမိုင်းမှာ ပေးဂိုးအများဆုံး ဘောလုံးရာသီတစ်ခု ပါ ဖြစ်လာခဲ့ပါတယ်။

ဒီလိုမျိုး စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီးတဲ့ နောက်မှာတော့ မန်ယူနိုက်တက် ကစားသမားတွေဟာ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားကို ပယ်ဖျက်ပေးဖို့အသင်းထံ တောင်းဆိုခဲ့တာကြောင့် အခမ်းအနားကို တာဝန်ရှိသူတွေက ဖျက်သိမ်းပေးခဲ့ရပါတယ်။

ဘားနက်စ် အနေနဲ့ စီရော်နယ်ဒိုကို အခုလိုမျိုး ဝေဖန်သွားခဲ့ပေမဲ့လည်း လာမယ့်ဘောလုံးရာသီမှာတော့ စီရော်နယ်ဒိုဟာ နည်းပြသစ်တန်ဟတ်လက်အောက်မှာ အဓိက ကစားသမားတစ်ယောက်အဖြစ် ပါဝင်လာဖို့ရှိနေပါတယ်။

တန်ဟတ်ကိုယ်တိုင်က အသင်းရဲ့ ပြိုလဲနေတဲ့ အဝတ်စားလဲခန်းထဲက စည်းလုံးမှုတွေကို စီရော်နယ်ဒိုလို အသင်းရဲ့ အောင်မြင်ချိန်မှာကတည်းက ရှိနေခဲ့တဲ့ ဂန္ဓဝင် ကစားသမားကြီးနဲ့ ထိန်းသိမ်းဖို့ ကြိုးစားလာဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် စီရော်နယ်ဒိုဟာ ဒီရာသီမှာ အသင်းကို အကြိမ်ကြိမ် ကယ်တင်ပေးထားခဲ့တဲ့ သူဖြစ်ပြီး အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့တာတောင် စီရော်နယ်ဒိုကတော့ မန်ယူနိုက်တက်အတွက် တိုက်ပွဲဝင်ဖို့ လာမယ့်ရာသီမှာ ဆက်ရှိဖို့ သေချာနေခဲ့တာ ဖြစ်ပါတယ်။