နှစ်ဦးကြားမှာ သမိုင်းကြောင်းတွေအများကြီးရှိခဲ့ပေမဲ့ ဒီနွေရာသီမှာ သူ့ကိုခေါ်ဖို့ အက်သ်လေတီကိုမက်ဒရစ်မန်နေဂျာ ဒီယေဂိုဆီမြွန်နီကိုတိုက်တွန်းဖို့ ရော်နယ်လ်ဒိုကကြိုးစားနေကြောင်း စပိန်ကလာတဲ့ သတင်းရင်းမြစ်များအရသိရပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်တို့က အဆင့် ၆ နဲ့အဆုံးသတ်ခဲ့ပြီးနောက် ယူရိုပါလိဂ်မှာပဲယှဉ်ပြိုင်ရတော့မှာဖြစ်လို့ သူ့ရဲ့လက်ကျန်ကစားသမားဘဝကို ချန်ပီယံလိဂ်မှာပဲကစားချင်တဲ့ရော်နယ်လ်ဒိုက အိုးထရက်ဖို့ဒ်ထွက်ခွာချင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ မန်နေဂျာသစ်အဲရစ်တန်ဟဂ်ကတော့ သူ့ကို ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။

ရော်နယ်လ်ဒိုနဲ့ အက်သ်လေတီကိုမက်ဒရစ်တို့ သတင်းသံထွက်လာတာဟာ အကြောင်းရင်းများစွာကြောင့် အံ့သြဖို့ကောင်းနေတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ရီးယဲမက်ဒရစ်တို့ရဲ့ဒါဘီပြိုင်ဘက်အတွက် သူတို့အသင်းကို ဂိုးအများဆုံးသွင်းထားတဲ့စံချိန်ရှင်ပါ။ ဒါပေမဲ့ သူနဲ့ဆီမြွန်နီကြားက အချစ်-အမုန်း ဆက်ဆံရေးကလည်း ထပ်တူညီအရေးပါပုံရတာဖြစ်နိုင်ပါတယ်။ သူတို့နှစ်ဦးကြားက အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ ပြန်ကြည့်ရအောင်ပါ။

ဆီမြွန်နီရဲ့ GOAT သုံးသပ်ချက်။ ။ ရော်နယ်လ်ဒိုနဲ့ မက်ဆီရဲ့ နှစ်ကာလရှည်ပြိုင်ဆိုင်မှုကို ဘောလုံးဖန်တိုင်း မသိသူမရှိပါဘူး။ ထာဝရအကောင်းဆုံး GOAT က ဘယ်သူလဲဆိုတဲ့အပေါ် ဝေဖန်သုံးသပ်သူများက အမြဲတမ်းနှစ်ခြမ်းကွဲလျက်ရှိနေဆဲဖြစ်ပြီး ဘယ်သောအခါမှ အဖြေတခုခုနဲ့ အထိုင်မကျမယ့် ဒီဘိတ်တခုပါပဲ။ ဒီအငြင်းပွားဖွယ်ဒီဘိတ်အပေါ်မှာ သူ့ရဲ့ထင်မြင်ယူဆချက်ကို ၂၀၁၈ မှာ ဆီမြွန်နီကပေးခဲ့ပြီး အံ့အားသင့်စရာကောင်းစွာပဲ သူ့နိုင်ငံသားမက်ဆီဘက်မှာ ရှိမနေခဲ့ပါဘူး။

ကမ္ဘာ့ဖလားမှာ ဒုတိယနဲ့အဆုံးသတ်ခဲ့တဲ့ ခရိုအေးရှားတို့က အာဂျင်တီးနားတို့ကို ၃-၀ နဲ့အနိုင်ယူခဲ့ပြီးနောက် လက်ထောက်နည်းပြ ဂျာမန်သားဘားဂို့စ်ဆီမှာ သူ့ရဲ့အတွေးကိုပြောပြခဲ့ပါတယ်။ “မက်ဆီက အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ သူကဘာလို့အရမ်းကောင်းလဲဆိုတော့ သာမန်ထက်ထူးကဲကောင်းမွန်တဲ့ကစားသမားတွေနဲ့ သူကအဖော်သဟဲပြုထားတာကြောင့်ပါ။ ဒါပေမဲ့ ပုံမှန်အသင်းတသင်းအတွက် မက်ဆီနဲ့ ရော်နယ်လ်ဒိုကြားမှာ ခင်ဗျားမဖြစ်မနေရွေးရမယ်ဆိုရင် ခင်ဗျားဘယ်သူ့ကိုရွေးမလဲ၊ ကဲ။”

လို့ သူကပြောခဲ့တာပါ။ အဲဒီအချိန်မှာ ရော်နယ်လ်ဒိုက သူ့နိုင်ငံပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ဖလားရအောင်ဦးဆောင်ပေးခဲ့ပြီး နိုင်ငံအသင်းဖလားအောင်မြင်မှုရရှိထားတာဖြစ်ပါတယ်။ မက်ဆီကတော့ မနှစ်ကဇွန်လကမှာ အာဂျင်တီးနားတို့နဲ့အတူ ကိုပါအမေရိကဖလားကို ပထမဆုံးအကြိမ်ကိုင်မြောက်ဖူးခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မက်ဆီလည်း နိုင်ငံအသင်းဖလားရသွားပြီဖြစ်လို့ ဆီမြွန်နီရဲ့ထင်မြင်ယူဆချက်လည်း အခုတော့ ပြောင်းလဲကောင်းပြောင်းလဲနေနိုင်ပါတယ်။

ဒါပေမဲ့ ရော်နယ်လ်ဒိုကို သူဘယ်လောက်မြင့်မြင့်မားမားသတ်မှတ်ထားသလဲဆိုတာကိုတော့ သိသာစေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီတုန်းက ၁၀ ဂိုးနဲ့အထက်သွင်းတဲ့ အက်သ်လေတီကိုကစားသမား ၃ ယောက်တည်းရှိခဲ့ပြီး ဘယ်သူမှ ၁၅ ဂိုးကိုမကျော်ခဲ့ပါဘူး။ ဒါ့ကြောင့် ဂိုးတွေကိုတော့ သေချာပေါက်အာမခံပေးနိုင်တဲ့ ရော်နယ်လ်ဒိုရဲ့တကိုယ်တည်စွမ်းရည်ကိုလည်း ဆီမြွန်နီအသုံးချနိုင်မှာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ၂၀၁၈ တုန်းက ရီးယဲကနေထွက်ခွာပြီး ဂျူဗင်တပ်စ်ကိုပြောင်းရွှေ့ခဲ့ပါတယ်၊ ဒါပေမဲ့ အက်သ်လေတီကိုနဲ့သူ့ကြားက ပြိုင်ဆိုင်မှုက အဲဒီမှာရပ်တန့်မသွားခဲ့ပါဘူး။

အဲဒီနှစ်ရဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့မှာ ဆီမြွန်နီရဲ့အသင်းက ဂျူဗင်တပ်စ်တို့ကို ၂-၀ နဲ့ အနိုင်ယူခဲ့ပြီး ဆီမြွန်နီက သူ့ပေါင်ခြံခွကြားကိုကိုင်ကာကော့ကော့ပြီး အောင်ပွဲခံခဲ့တာ နံမယ်ကြီးခဲ့ပါတယ်။ “ကျနော်တို့မှာ သတ္တိ (ဘော) ရှိတယ်၊ ဘောတွေအများကြီးရှိတယ်ဆိုတဲ့ အဓိပ်ပါယျပါ။ တလလုံးမကစားထားရတဲ့ ဒီယေဂိုကော်စတာနဲ့ ကိုကီတို့ကို ပွဲထုတ်သုံးဖို့က (သတ္တိ) ဘောတွေအများကြီးလိုအပ်တာပါ။”

လို့ သူ့ရဲ့အောငျပှဲခံပုံအဓိပ်ပါယျကို ဆီမြွန်နီကရှင်းပြခဲ့ပါတယ်။ ဆီမြွန်နီရဲ့ဒီလုပ်ပေါက်ကို ရော်နယ်လ်ဒိုက မမေ့ခဲ့ပါဘူး။ ဒုတိယအကျော့မှာတော့ ရော်နယ်လ်ဒိုက ဟက်ထရစ်သွင်းချပြီး ဂျူဗင်တပ်စ်တို့ကို ကွာတားဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ တတိယဂိုးဝင်သွားတဲ့နောက် ရော်နယ်လ်ဒိုက ဆီမြွန်နီရဲ့အောင်ပွဲခံပုံကို ပုံတူကူးယူပြီး သူ့ပေါင်ခွကြားကိုကိုင်ကာ ကော့ကော့ပြီး အောင်ပွဲခံပြခဲ့ပါတယ်။ ဆီမြွန်နီကို ရော်နယ်လ်ဒို အခုလိုလှော်တာ အဲဒါက ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

၂၀၁၄ တုန်းက အက်သ်လေတီကိုမက်ဒရစ်ကို ရီးယဲတို့ ၄-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ နောက်ဆုံးဂိုးကို ရော်နယ်လ်ဒိုသွင်းခဲ့တာပါ။ နောက် ၂ နှစ်ကြာတဲ့အခါ ဒီပြိုင်ပွဲ ဒီအဆင့်မှာပဲ ဒီနှစ်သင်းပြန်ဆုံကြတဲ့အခါ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရတဲ့ပင်နယ်တီကို ရော်နယ်လ်ဒိုကပဲသွင်းခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် သူတို့နှစ်ဦးကြားကပြိုင်ဆိုင်မှုကို နှစ်ဦးလုံးမေ့ပစ်ဖို့ကလည်း ဘောတွေ အများကြီးလိုအပ်ကောင်းလိုအပ်မှာဖြစ်ပါတယ်။

ဘုံနှစ်သက်သဘောကျလေးစားခြင်း။ ။ ဒီလို အပြုအမူတွေကိုအသာထားလို့ တကယ်တမ်းအရေးကြီးတာကတော့ သူတို့နှစ်ဦးက တဦးနဲ့တဦး ဘယ်လိုသဘောထားကြသလဲဆိုတာပါ။ ရော်နယ်လ်ဒိုကို ဆီမြွန်နီက မြင့်မြင့်မားမားသဘောထားတယ်ဆိုတာတော့ သိကြပြီးဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကလည်း သူနဲ့ ခံစားချက်အတူပဲဆိုတာကိုသိရရင် ဆီမြွန်နီလည်း စိတ်သက်သာရာရမှာပါ။ “သူ့မှာ သတ္တိတွေအများကြီးရှိတယ်ဗျ။ ဒီလိုလူစားမျိုးကို ကျနော်သဘောကျတယ်။” လို့ အမေဇုန်နဲ့အစီအစဉ်မှာ ဆီမြွန်နီနဲ့ပတ်သတ်ပြီး ရော်နယ်လ်ဒိုကပြောခဲ့ပါတယ်။

အခုနောက်ဆုံးနဲ့ အဓိကအကျဆုံးမေးခွန်းကတော့ ရော်နယ်လ်ဒိုနဲ့ရီးယဲကြားက ဆက်နွှယ်မှုကိုမေ့ပစ်ဖို့ ဆီမြွန်နီမှာ လုံလောက်တဲ့သတ္တိရှိလား၊ ဆန်တီယာဂိုဘာနေဗျူးနဲ့ အိုးထရက်ဖို့ဒ်မှာရှိတဲ့ သူ့ရဲ့အမွေအနှစ်ကို ပျက်ပြားသွားဖို့ ရော်နယ်လ်ဒိုတကယ်လုပ်နိုင်လား ဆိုတာပါပဲ။ ဒါကတော့ သူ့ကစားသမားဘဝရဲ့ အကြီးမားဆုံးဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်ပါတယ်။