ဒါဘီ ကောင်တီ အသင်းရဲ့ နည်းပြ ဖြစ်သူ ဝိန်းရွန်းနီ က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းတွေ ထွက်လာခဲ့တဲ့ သူ့ရဲ့ လူငယ် ကြယ်ပွင့် ကစားသမားလေး မယ်လ်ကွန် အက်ဘီယိုဝေ ဟာ တောက်ပတဲ့ အနာဂတ်် တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

အီတလီ ရဲ့ နာမည်ကျော် သတင်းထောက် တစ်ဦး ဖြစ်တဲ့ ဖေဘရီဇီယို ရိုမာနို ကတော့ အသက် 18 နှစ်သာ ရှိနေသေးတဲ့ ကစားသမားလေးကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ် ပဲလေ့စ် အသင်းက ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ ဖော်ပြခဲ့ပါသေးတယ် ။

ဝိန်းရွန်းနီဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ရွေးချယ်စရာတွေ မရှိတော့တဲ့ အချိန်မှာ လူငယ် ကစားသမားတွေကို ထုတ်သုံးရဖို့ အကြောင်းဖန်သွားခဲ့ပြီး မယ်လ်ကွန် ကို ပွဲကစားခွင့်တွေပေးဆောင်ခဲ့ချိန်မှာ ကစားသမား ဖြစ်သူက တောက်ပတဲ့ အရည်အသွေးတွေ ပြသသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ရမှတ် 21 မှတ် အထိ အနှုတ်ခံခဲ့ရပြီးနောက် ချန်ပီယံရှစ် ပြိုင်ပွဲမှ တန်းဆင်းသွားခဲ့ရတဲ့ ဒါဘီ ကောင်တီ အသင်းဟာ ပိုင်ရှင်သစ် ဘယ်သူ ဖြစ်လာမလဲဆိုတာကို မျှော်နေချိန်မှာ ကစားသမားတွေရဲ့ အနာဂတ်ဟာ မတည်မငြိမ် ဖြစ်နေခဲ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ မယ်လ်ကွန် အက်ဘီယိုဝေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဒါဘီ ကောင်တီ အသင်းအတွက် 16 ပွဲ အထိ ကစားပေးခဲ့ပြီး ကိုယ်တိုင် တစ်ဂိုး သွင်းယူ ၊ နှစ်ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပြီး အလားအလာ ကောင်းမွန်တဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ကြောင်း ပြသသွားနိုင်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက်တို့ သူ့ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပါပြီ ။ ယူနိုက်တက် ဂန္တဝင် ဝိန်းရွန်းနီ ကိုယ်တိုင်က ဒါဘီကောင်တီတို့ ကိုဗင်ထရီစီးတီး အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်အပြီးမှာ လူငယ်ကစားသမားလေးတွေကို ချီးကျူးရင်းနဲ့ မယ်လ်ကွန် ကို အမွှမ်းတင်ခဲ့ဖူးပါသေးတယ် ။

” သူဟာ ပွဲချိန် တစ်လျှောက်လုံး အရမ်း အရမ်းကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် ။ ဒီ​နေ့ကွင်းထဲမှာတော့ သူဟာ အကောင်းဆုံး ကစားသမားပါပဲ ။ ဒါကစားသမား တစ်ဦးဆီက ကွင်းထဲမှာ မိနစ် 90 လုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြနိုင်ခဲ့တာကို ကျွန်တော် ပထမဆုံး အကြိမ် မြင်ဖူးခြင်းပါပဲ ”

” သူ ဒီလို ချီးကျူးခံရဖို့ ထိုက်တန်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အရမ်းကို အလုပ်တွေ ကြိုးစားလို့ ပါပဲ ။ သူ့ရဲ့ အရည်အသွေးတွေက အံ့ဖွယ်ပါ ။ သူ့ attitude က ကောင်းလွန်းပါတယ် ။ သူဟာ ကြိုးစား သင်ယူလိုသူ ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ် ”

” သူဟာ အရည်အသွေး စုံလင်စွာ ပိုင်ဆိုင်ထားတဲ့ တိုက်စစ််ကစားသမား တစ်ဦးပါ ။ သူက ရဲရင့်တယ် ၊ ဘောလုံးကိုင် ကစားနိုင်သလို ပြိုင်ဖက်ကိုလည်း ကျော်ဖြတ်ရဲသူ ၊ ဘောလုံးလုရဲသူ ၊ အမှားတွေလည်း လုပ်ရဲသူပါပဲ ။ သူက သေချာပေါက် တောက်ပတဲ့ အနာဂတ် တစ်ခု ပိုင်ဆိုင်ပါလိမ့်မယ် ” လို့ ရွန်းနီ က ဟောကိန်းထုတ်ခဲ့တာပဲ ဖြစ်ပါတယ် ။