ဂျူဗင်တပ်စ် ဂိုးသမား ဆက်ဇီနီက သူ့ရဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ချီးကျူးလိုက်ပြီး၊ ဒီပေါ်တူဂီ စူပါစတားနဲ့ အတူတွဲ ကစားခဲ့ရတာက သူ့ကို ပိုကောင်းတဲ့ ကစားသမား တယောက် ဖြစ်လာစေဖို့ လှုံ့ဆော်ပေးတယ်လို့ ပြောလိုက်ပါတယ်။

ပေါ်တူဂီ ကြယ်ပွင့် ရော်နယ်လ်ဒိုဟာ ၂၀၁၈ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် တူရင်မှာ ဘောလုံးရာသီ၃ခုကြာ ကစားခဲ့ပါတယ်။ သူဟာ ဂျူဗင်တပ်စ် အသင်းအတွက် ၁၃၄ပွဲကစားကာ ၁၀၁ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့သူပါ။

ဒါ့အပြင် ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လည် မပြောင်းရွှေ့မီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ် အသင်းနဲ့အတူ စကူဒတ်တို ချန်ပီယံဆု ၁ကြိမ်နဲ့ ကိုပါအီတာလီယာ ချန်ပီယံဆု ၁ကြိမ်ရယူ နိုင်ခဲ့ပါတယ်။

တူရင်မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဂျူဗင်တပ်စ် ဂိုးသမား ဆက်ဇီနီက သူ့ရဲ့ အသင်းဖော် အဆိုပါ ဘလွန်းဒီအော် ၅ကြိမ်ရ ကစားသမားနဲ့ အတူတွဲ ကစားခဲ့ရတဲ့ အခြေအနေကို အင်တာဗျူး အစီအစဉ် တခုမှာ အခုလို ဖွင့်ဟသွားခဲ့ပါတယ်။

“ရော်နယ်လ်ဒိုက ကွင်းထဲမှာတင် မဟုတ်ပဲ ကွင်းပြပမှာလည်း ထူးချွန်တဲ့ ဘောလုံးသမား တယောက်ပါ။ ဒီကမ္ဘာပေါ်မှာ သူ့လို အဆင့်မျိုး ရောက်နေတဲ့ ဘောလုံးသမား ရှိ၊မရှိ ကျွန်တော် သေချာမသိပါဘူး။”

“ဂျူဗင်တပ်စ် အသင်းကို သူ.ရောက်လာတုန်းက နာမည်ကြီးတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို့ မမြင်မိပဲ အသင်းဖော် တယောက် အနေနဲ့ပဲ သဘောထားခဲ့တာပါ။ ဒါပေမယ့် သူနဲ့အတူ တွဲကစားရချိန်မှာတော့ ကျွန်တော့်မှာမရှိတဲ့ အရာတွေကို ရှိလာဖို့ ကြိုးစားဖြစ်ခဲ့ပါတယ်။”

“ကွင်းထဲမှာ သူရှိနေမယ်ဆိုရင် ပွဲစဖို့ ဒိုင်လူကြီး ခရာမမှုတ်ခင် အချိန်မှာတောင် ကျွန်တော်တို့ အသင်းက ၁၀ဂိုးနဲ့ အနိုင်ရနေသလို ခံစားမိပါတယ်။ ဒီလို ခံစားမှုမျိုး အခြား အသင်းဖော် တွေဆီကနေ ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။ အဲဒီခံစားချက်က တကယ်ကို အထင်ကြီးစရာပါပဲ။”

ဆက်ဇီနီဟာ အာဆင်နယ် အသင်းမှာ ခက်ခဲတဲ့ ကစားသမား ဘဝကို ဖြတ်သန်းခဲ့ရပြီး၊ နောက်ဆုံးမှာ အမ်းမရိတ်ကနေ အပြီးတိုင် ထွက်ခွာကာ ၂၀၁၇ခုနှစ်မှာ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ် အသင်းထံ ရောက်ရှိလာခဲ့ပါတယ်။

သူဟာ ဂျူဗင်တပ်စ် အသင်းထံ မရောက်ရှိခင် အာဆင်နယ် အသင်း ကစားသမား ဘဝမှာ အိုးလေဒီတို့ရဲ့ စီးရီးအေ ပြိုင်ဘက် ရိုးမား အသင်းထံ ဘောလုံးရာသီ ၂ခုကြာ အငှါးစာချုပ်နဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။

အဆိုပါ ပိုလန် လက်ရွေးစင် ဂိုးသမားဟာ တူရင်မြေမှာ အောင်မြင်မှုများစွာ ရရှိထားသူပါ။ သူဟာ လက်ရှိ အချိန်ထိ ဂျူဗင်တပ်စ် အသင်းအတွက် ၁၁၇ပွဲကစား ပေးထားပြီး၊ အသင်းရဲ့ အထင်ကရ ဂိုးသမားကြီး ဘူဖွန် နှစ်အတော်ကြာ သိမ်းပိုက်ခဲ့တဲ့ ပထမဂိုးသမား နေရာကို ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆက်ဇီနီဟာ ဂျူဗင်တပ်စ် အသင်းနဲ့အတူ စကူဒတ်တို ချန်ပီယံဆု ၃ကြိမ်ရယူ ထားနိုင်ပါတယ်။ ဂျူဗင်တပ်စ် အသင်းနဲ့ သူ့ရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၅ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး၊ အသက်၃၂နှစ်အရွယ် ဒီဂိုးသမားက တူရင်မှာပဲ ဆက်နေချင်တယ်လို့ အခုလို ပြောထားပါတယ်။

“ဟုတ်ပါတယ် ကျွန်တော့်ရဲ့ လက်ရှိ စာချုပ်သက်တမ်းက ၃နှစ်တောင် ကျန်နေသေးတာပါ။ တကယ်လို့ အသင်းက ကျွန်တော့်ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း စာချုပ်သက်တမ်း အပြီးသတ်တဲ့အထိ ဒီမှာ ဆက်ရှိနေချင်ပါတယ်။”

“နှစ်စဉ်နှစ်တိုင်း အပြောင်းအရွှေ့ စျေးကွက်မှာ ကောလဟာလတွေ ရှိနေတတ်ပြီး လက်ရှိမှာ ဂျူဗင်တပ်စ် အသင်း ခေါ်ယူချင်တဲ့ ကစားသမားသစ်တွေ ရောက်မလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော် ဒီအသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ ဆက်နေသွားချင်ပြီး၊ အဲဒါပြီးရင်တော့ ကျွန်တော့်အိမ်ရှိနေတဲ့ စပိန်ကို ပြောင်းရွှေ့တာမျိုး ဖြစ်နိုင်ပါတယ်။”