မန်ယူနိုက်တက် ရဲ့နည်းပြ သစ်ဖြစ်လာတဲ့ တန်ဟတ်ဟာ အသင်းတာဝန်ရှိသူတွေ အနေနဲ့ လက်ရှိ နွေရာသီ အပြောင်း အရွှေ့ ဈေးကွက်ထဲမှာ ကစားသမား (၅)ဦး အထိ ခေါ်ယူပေးဖို့ မျှော်လင့်လျက် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ရုပ်ပျက်ဆင်းပျက်နဲ့ ကျရှုံးခဲ့ရတဲ့ မန်ယူနိုက်တက်တို့ဟာ လာမယ့် (၂၀၂၂-၂၃)ဘောလုံးရာသီမှာတော့ အသင်းကို အဓိက ကျတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းရဲ့ အဆိုအရ တန်ဟတ်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခေါ်ယူချင်တဲ့ ကစားသမားစာရင်းကို မန်ယူနိုက်တက် တာဝန်ရှိသူတွေထံ တင်ပြထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

တန်ဟတ်အလိုရှိနေတဲ့ ကစားသမား စာရင်းမှာ အဲရစ်ဆန်၊ တင်ဘာ၊ အန်တိုနီနဲ့ ဒီဂျောင်တို့က ထိပ်ဆုံးနေရာကနေ ပါဝင်လျက် ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ မန်ယူနိုက်တက်တို့ဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ကီဒီဂျောင်ကို ခေါ်ယူဖို့ အဓိက ဦးစားပေး လုပ်ဆောင်လျက် ရှိနေတာ ဖြစ်ပါတယ်။ အသက် (၂၅)နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ ဒီဂျောင်ကို လက်ရှိ နွေဈေးကွက်ထဲမှာပဲ ဘာစီလိုနာတို့က ရောင်းထုတ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက်ရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကိုတော့ ဘာစီလိုနာတို့ဟာ ငြင်းပယ်ထားခဲ့ပြီး၊ ဒီဂျောင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၈၅)သန်းလောက်အထိ ဘာစီလိုနာတို့က အလိုရှိနေတာလည်းပဲ ဖြစ်ပါတယ်။

တန်ဟတ်အတွက် မန်ယူနိုက်တက်ကို ပြုပြင်တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဦးစားပေးစာရင်းမှာ ခံစစ်ပိုင်းကလည်း အဓိက နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပေးဂိုး (၅၇)ဂိုး အထိပေးခဲ့ရတဲ့ ခံစစ်ပိုင်းက တော်တော်လေး ယိုယွင်းနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အေဂျက်အသင်းရဲ့ အသက်(၂၁) အရွယ်နောက်ခံလူ တင်ဘာကို ခေါ်ယူဖို့ မန်ယူနိုက်တက်တို့ဟာ ချိတ်ဆက်မှုတွေ ပြုလုပ်လျက်ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်သာလန်နည်းပြ ဗန်ဂါးရဲ့ ပြောစကားကြောင့် တင်ဘာ အနေနဲ့ အေဂျက်က ထွက်ဖို့ ရာခိုင်နှုန်းက နည်းပါးလျက် ရှိနေတာပါ။

နယ်သာလန်နည်းပြ ဗန်ဂါးက ပွဲထွက် မရရင် လာမယ့် ကာတာကမ္ဘာ့ဖလားမှာ နယ်သာလန်အသင်းမှာ ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပြီး ဗန်ဂါရဲ့ ပြောစကားကြောင့်ပဲ မန်ယူနိုက်တက်ကို ပြောင်းချင်တဲ့ တင်ဘာရဲ့ စိတ်တွေဟာ ပြောင်းလဲ သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက်တို့ရဲ့ နောက်ခံနေရာအတွက် အဝယ်စာရင်းမှာ ဗီလာရီးရဲလ်နောက်ခံလူ ပေါတောရက်စ်နဲ့ ဘရာဂါ နောက်ခံလူ ဒေးဗစ်ကာမို တို့လည်း ရှိနေပါတယ်။ ကွင်းလယ်နေရာအတွက် ဒီဂျောင်အပြင် ဘရက်ဖို့ဒ် ကွင်းလယ်လူ အဲရစ်ဆင်ကိုလည်း မန်ယူနိုက်တက်တို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အသက်(၃၀) အရွယ်ရှိနေပြီ ဖြစ်တဲ့ အဲရစ်ဆင်ကို မန်ယူနိုက်တက်တို့က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမဲ့ ကစားသမားရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ကြည့်သွားရဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ မန်ယူနိုက်တက်တို့ဟာ တိုက်စစ်ပိုင်းအတွက် အေဂျက်တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်တို့ အနေနဲ့ လိုချင်နေတဲ့ ကစားသမားတွေ များပြားလျက်ရှိနေပေမဲ့လည်း လက်ရှိ အချိန်ထိတော့ ဘယ် ကစားသမားကိုမှ ခေါ်ယူနိုင်ခဲ့ ခြင်းမရှိသေးပါဘူး။

တန်ဟတ် အနေနဲ့ မန်ယူနိုက်တက်တာ ဝန်ရှိသူတွေထံက ကစားသမား (၅)ဦး အထိ ခေါ်ယူပေးဖို့ မျှော်လင့်နေတာကလည်း Crush ဆီက စာပြန်တာကို စောင့်ရသလို အခြေအနေမျိုး ဆိုက်နေမှာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် တန်ဟတ်ဟာ လက်ရှိ အချိန်အထိ ကစားသမားတစ်ဦးမှ ခေါ်ယူပေးနိုင်ခြင်း မရှိတဲ့ အသင်းတာဝန်ရှိသူတွေ အပေါ် စိတ်ပျက်စ ပြုနေပြီလို့တောင် သိရပါတယ်။

ဆိုတော့ ပြတ်သားတဲ့တန်ဟတ်နဲ့ ဝေ ဝါးတဲ့ မန်ယူနိုက်တက် တာဝန်ရှိသူတွေ ဘယ်လိုတွေ နှစ်ပါးသွားပြီး ရာသီသစ်မှာ ဘယ်လိုတွေ ကပွဲ ဆင်ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပြီပဲ ဖြစ်ပါတယ်။