မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာတဲ့ နည်းပြသစ်အဲရစ်တန်ဟက်ဟာ အိုးထရက်ဖို့ဒ်ကိုရောက်ရှိလာအောင် သူ့ကိုအက်ဒ်ဝင်ဗန်ဒါးဆားဘယ်လိုကူညီခဲ့တယ်ဆိုတာ ဖွင့်ဟလာပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနှစ်ရာသီမှာအဆိုးရွားဆုံးအနေအထားနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လာမယ့်ရာသီမှာတော့ အသက် ၅၂နှစ်အရွယ်နည်းပြတန်ဟက်က နည်းပြသစ်အဖြစ်တာဝန်ယူမှာပါ။

အိုင်းယက်စ်အသင်းမှာ ၅နှစ်တာကာလအတွင်း ပြည်တွင်းအမှတ်ပေးချန်ပီယံ ၃ကြိမ်အပါအဝင် တခြားအောင်မြင်မှုတွေကိုပါရယူနိုင်ခဲ့တဲ့နောက် နည်းပြအဲရစ်တန်ဟက်ဟာ ယူနိုက်တက်မှာအလုံးစုံပြုပြင်ရမယ်ဆိုတာသိသိလျက်နဲ့ ပြောင်းရွှေ့လာပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညကရာသီပိတ်ပွဲစဉ်မှာတောင် ဒီရာသီရဲ့ ၁၂ပွဲမြောက်ရှုံးပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်ကိုရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲကိုတက်ရောက်ကြည့်ရှုခဲ့တဲ့နည်းပြတန်ဟက်လဲ အသင်းအနေအထားကိုသိသွားလောက်ပါပြီ။

နောက်တစ်နေ့မှာတော့နည်းပြတန်ဟက်ဟာ အသင်းသစ်ယူနိုက်တက်နဲ့ပထမဆုံးအင်တာဗျူးပြုလုပ်ခဲ့ပြီး အသင်းပြောင်းဖို့ဆုံးဖြတ်ချက်အပေါ်မှာ ဗန်ဒါးဆားကဘယ်လောက်ထိလွှမ်းမိုးခဲ့လဲလို့မေးမြန်းခံခဲ့ရပါတယ်။

နည်းပြတန်ဟက်က’ ကျွန်တော်တို့ဒီအကြောင်းကို ဆွေးနွေးဖြစ်ကြတယ်။ အမှန်တော့ ကျွန်တော်အိုင်းယက်စ်ကနေထွက်ပြီး ယူနိုက်တက်ကိုပြောင်းတော့မယ်ဆိုတာ သူ့ကိုပထမဆုံးပြောခဲ့တာပါ’

‘သူ့ရဲ့စိတ်ထဲမှာ ယူနိုက်တက်နဲ့ပတ်သက်တဲ့ခံစားချက်တွေရှိနေဦးမယ်လို့ ကျွန်တော်ထင်တယ်။ သူကပရိသတ်တစ်ဦးလဲဖြစ်နိုင်တယ်။ အကြီးစားပရိသတ်လို့ပြောမလား။ အထူးသဖြင့်အိုင်းယက်စ်မှာပေါ့’

‘ဒါပေမယ့်အခုချိန်မှာ သူကအိုင်းယက်စ်ကို အကောင်းဆုံးဦးဆောင်ရမယ့်သူလေ။ ကျွန်တော်တို့ယူနိုက်တက်နဲ့ အိုင်းယက်စ်တို့ထိပ်တိုက်မတွေ့ခင်အထိတော့ သူကျွန်တော့်ကိုရော ယူနိုက်တက်ကိုရော အားပေးနေမယ်ထင်ပါတယ်’ လို့ပြောခဲ့တာပါ။

နယ်သာလန်လက်ရွေးစင်ဂိုးသမားဟောင်းဟာ ယူနိုက်တက်အတွက် ၂၆၆ပွဲပါဝင်ကစားပေးခဲ့ကာ ချန်ပီယံလိဂ်ဖလားကိုပါရယူပေးနိုင်ခဲ့ပြီး လက်ရှိမှာတော့ အိုင်းယက်စ်အသင်းရဲ့အလုပ်အမှုဆောင်အဖြစ် တာဝန်ယူလုပ်ကိုင်နေပါတယ်။