မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင် နူးနက်ဇ်အနေနဲ့ ဒီနှစ်နွေရာသီမှာ စပိန်ကို ပြောင်းရွှေ့ဖို့အတွက် စိတ်အားထက်သန်နေတာကြောင့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေကို အပြောင်းအလဲဖြစ်စေနိုင်ကြောင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာသစ် အဲရစ် တန်ဟာ့ဂ်အနေနဲ့ ဥရုဂွေးသား တိုက်စစ်မှူးကို ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့နေရာမှာ နှစ်ရှည်အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးလို့ ရှုမြင်ထားတာကြောင့် အဓိကဦးစားပေးပစ်မှတ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ဘင်ဖီကာအသင်းအတွက် ၄၁ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကလပ်ကတော့ သူတို့ရဲ့ တိုက်စစ်မှူးကို ဆက်ထိန်းထားနိုင်ဖို့အတွက် ခက်ခဲတော့မယ်ဆိုတာကို သတိပြုမိနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘင်ဖီကာအသင်းအနေနဲ့ နူးနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၅ သန်းကျော် သတ်မှတ်ထားပြီး ယူနိုက်တက်ဘက်ကလည်း အဆိုပါပမာဏကို ပေးချေဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့သလို နောက်နှစ်တွေမှ သူ့ကိုခေါ်ချင်ရင် လက်ရှိပေးရမယ့်ဈေးထက် ၂ ဆကျော်ပေးရတော့မယ်ဆိုတဲ့ ခံစားချက်ရှိနေပုံပါပဲ။

ဒါပေမယ့်လည်း Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ နူးနက်ဇ်အနေနဲ့ စပိန်ကို ပြောင်းရွှေ့ဖို့အတွက် ကြိုက်နှစ်သက်မှု မြင့်တက်လာခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ဖို့ အခွင့်အရေးက တစ်နေ့ထက်တစ်နေ နည်းပါးလာကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ကာရင်မ် ဘန်ဇီးမားအတွက် ရေရှည်အစားထိုးနိုင်မယ့် တိုက်စစ်မှူးကို ရှာဖွေနေတာဖြစ်ပြီး ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက် ပျက်ကွက်ခဲ့ပြီးနောက် အခြားအပြောင်းအရွှေ့တွေအတွက် သုံးစွဲစရာ ငွေကြေးအင်အားအခိုင်အမာရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကလည်း တိုက်စစ်မှူးသစ်တစ်ဦး‌ ခေါ်ယူဖို့အတွက် စိုင်းပြင်းနေပြီး သူတို့ရဲ့ အဓိကပစ်မှတ်ကစားသမားကတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်ပေါ်နေတဲ့ တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးပဲ ဖြစ်ပါတယ်။

နူးနက်ဇ်ရဲ့ စပိန်မြေမှာ ကစားချင်တဲ့ ဆန္ဒကတော့ ချန်ပီယံလိဂ်ကစားခွင့် အခိုင်အမာရချင်တာအပြင် အသင်းကြီးဂုဏ်ရှိတဲ့အသင်းတွေမှာ ကစားလိုနေတာဖြစ်နိုင်တယ်လို့ပဲ ဆိုရမှာပါ။

လီဗာပူးလ်အသင်းကလည်း နူးနက်ဇ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပြီး ဥရုဂွေးသားကို အင်္ဂလန်ကို ခေါ်ယူနိုင်စေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရထားသည့်တိုင် တိုက်စစ်ကစားသမားများပြားလှတဲ့အသင်းမှာ ပွဲကစားခွင့် အာမခံချက်မရှိတာကြောင့် မပြောင်းရွှေ့လိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။