ပရီးမီးယားလိဂ်ရဲ့ စိတ်ပျက်စရာအကောင်းဆုံး နေရာအလိုက်၁၁ဦးလူစာရင်းကို ပွဲစဉ်၃၈အပြီး ရာသီပိတ်သိမ်းချိန်မှာ အားကစားမီဒီယာESPNက ရွေးချယ်ထုတ်ပြန်လိုက်ပါတယ်။ မနေ့က နေရာအလိုက်အကောင်းဆုံး၁၁ဦးကို တင်ဆက်ခဲ့ပြီးဖြစ်လို့ ဒီနေ့တော့ အဆိုးရွားဆုံး၁၁ဦးအကြောင်းနဲ့ ဘာကြောင့် ESPNကရွေးချယ်ရသလဲဆိုတဲ့အကြောင်းပြချက်တို့ကို ဘာသာပြန်ပေးလိုက်ရပါတယ်။

ဂိုးသမားနေရာမှာတော့ ချယ်လ်ဆီးတို့ရဲ့ ကီပါ အာရီဇာဘယ်လ်လာဂါကိုရွေးချယ်ထားပြီး ဒီရာသီ အက်ဒ်ဝက်ဒ် မန်ဒီရဲ့အောက် နံပတ်၂နေရာမှာသာ ရှိနေခဲ့သူ ကမ္ဘာ့ဈေးအကြီးဆုံးစပိန်ဂိုးသမားဟာ ခရာဘောင်းဖိုင်နယ်မှာ ပယ်နယ်တီဖမ်းဖို့လူစားဝင်ခဲ့ပြီးနောက် တလုံးမျှမဖမ်းနိုင်ခဲ့ပဲ သူကန်သွင်းရမဲ့အလှည့်မှာ မိုးပေါ်ထောင်ကန်ကာ လီဗာပူးတို့ထံဖလားရောက်ရှိသွားစေခဲ့သူဖြစ်ပါတယ်။

နောက်တန်းမှာတော့ ညာအစွန်မှာ မန်ယူနိုက်တက်ရဲ့ ဝမ်ဘစ္စကာကိုရွေးချယ်ထားပြီး ပေါင်သန်း၅၀တန်ကစားသမားဟာ မီလန်ကပြန်လာတဲ့ ဒီအိုဂိုဒါးလ်လော့ကို သူ့နေရာအပ်လိုက်ရတဲ့အထိ ခြေစွမ်းကောင်းပျောက်ဆုံးခဲ့သူဖြစ်တာကြောင့်လို့ဆိုပါတယ်။

ဗဟိုခံစစ်နေရာမှာ ဟာရီမက်ဂွိုင်းယားကို ESPNကရွေးချယ်ထားပြီး အင်္ဂလန်နောက်ခံလူ ယူနိုက်တက်စကစ်ပါအကြောင်းကိုတော့ ထူးထွေပြီးရှင်းပြစရာမလိုအပ်လောက်အောင်ဖြစ်နေခဲ့ပြီး အဓိကသူ့ရဲ့ယုံကြည်မှုပျောက်ဆုံးခဲ့ရခြင်းက ယူရို၂၀၂၀ဖိုင်နယ်မှာ အီတလီကိုရှုံးနိမ့်ခဲ့ခြင်းကစတင်ခဲ့တာလို့ သုံးသပ်သွားခဲ့ပါတယ်။

ရာဖေးလ် ဗာရာနီကတော့ မက်ဂွိုင်းယားနဲ့အတွဲအဖက်အဖြစ် ယူနိုက်တက်ဗဟိုခံစစ်မှာကစားနေသူဖြစ်ပြီး သူ့ကိုရွေးချယ်ရခြင်းကတော့ ဒဏ်ရာပြသနာတွေနဲ့လုံးလည်လိုက်နေခဲ့လို့ကအဓိကဖြစ်တယ်လို့ဆိုပါတယ်။

ယူရိုသန်း၄၀တန်ကစားသမားဟာ ပရီးမီးယားလိဂ်ပွဲစဉ်ထက်ဝက်နီးပါးကိုလွဲချော်ထားခဲ့ပြီး သူကစားခဲ့တဲ့ ၂၂ပွဲမှာ ကစားချိန်၁၈၀၀မိနစ်ဝန်းကျင်သာရှိထားခဲ့တာကြောင့် ယူနိုက်တက်တို့ကို တန်းဆင်းသွားခဲ့တဲ့ဘန်လေတို့ထက် ပေးဂိုးများစေခဲ့တာဖြစ်ပါတယ်။

ဂျူနီယာဖီယာပိုကတော့ လိဒ်ယူနိုက်တက်ကို ဂုဏ်သတင်းကြီးစွာနဲ့လာရောက်ပူးပေါင်းခဲ့တဲ့ ဘာစီလိုနာဘယ်နောက်ခံလူဟောင်းဖြစ်ပြီး တချိန်က ဘာကာနဲ့လီဗာပူးတို့သူ့ကိုဘက်တစ်ကနေ အပြိုင်လုခဲ့ကြတာဖြစ်ပါတယ်။

ဘာကာမှာ ပျောက်ဆုံးပြီးတဲ့နောက် ဘီယေဆာကို ယူရို၅သန်းအရှုံးခံပြီး ၁၅သန်းနဲ့ နူးကမ့်ကလက်လွှတ်ပေးခဲ့ပေမဲ့ သူ့ရဲ့ခြေစွမ်းဟာပုံမှန်အဆင့်ကိုပြန်ရောက်မလာသေးကြောင်းကို လိဒ်တို့ရဲ့ပေးဂိုး၇၉ဂိုးကသက်သေပြနေပါတယ်။

ကွင်းလယ်မှာတော့ ကိုယ်ပျောက်လူသားလို့ မန်ယူပရိတ်သတ်တွေခေါ်နေကြတဲ့ ပေါလ်ပေါ့ဘာရှိနေပြီး သူ့ရဲ့တရာသီလုံး ဒဏ်ရာရနေခဲ့ခြင်းက မန်ချက်စတာမှာထက် ဒူဘိုင်းမှာအနေများနေခြင်းက သက်သေပြနေပါတယ်။

အန်ဂိုလိုကန်တီကိုတော့ ပေါ့ဘာနဲ့အတူ ဗဟိုကွင်းလယ်မှာရွေးချယ်ထားပြီး သူကလဲ ယခုနှစ်ရာသီမှာ ဒဏ်ရာနဲ့နပမ်းလုံးနေခဲ့ရသူဖြစ်ပါတယ်။ ချယ်လ်ဆီးတို့ရဲ့ အဟုန်လျော့ကျခဲ့ခြင်းက ကန်တီမပါဝင်နိုင်ခဲ့လို့ ဖြစ်ကြောင်းကို နည်းပြသောမတ်စ်တူချယ်လ်က မကြာသေးမီကတင် ဝန်ခံထားခဲ့ပါသေးတယ်။

ပလေးမိတ်ကာအဖြစ်တော့ ဘရူနိုဖာနန်ဒက်စ်ကို ESPNကရွေးချယ်ထားပြီး ခရစ်စတီယာနိုရော်နယ်ဒိုရောက်ရှိလာခြင်းဟာ ပေါ်တူဂီသားကို တော်တော်လေးရိုက်ခက်မှုပြင်းထန်ခဲ့တယ်လို့ မီးမောင်းထိုးပြခဲ့ပါတယ်။

မနှစ်ကရာသီမှာ အသင်းရဲ့အဓိကမောင်းနှင်အားဖြစ်ခဲ့သူ ဘရူနိုဟာ ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ၁၀ဂိုးသာရရှိခဲ့ပြီး ၆ဂိုးသာဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀-၂၁ရာသီတုန်းက စံချိန်ဖြစ်တဲ့ ၂၈ဂိုးသွင်း၊၁၇ဂိုးဖန်တီးပေးခဲ့တဲ့ မှတ်တမ်းအောက်များစွာကွာခြားနေခဲ့တာလဲဖြစ်ပါတယ်။

တိုက်စစ်မှာတော့ မားကက်စ်ရပ်ရှ်ဖို့ဒ်ကိုရွေးချယ်ထားပြီး သူ့အတွက် စိတ်ပျက်ရခြင်းက ကစားသမားကိုယ်တိုင်ရဲ့ကွင်းထဲက အမူအရာတွေနဲ့ မျက်နှာသွင်ပြင်ကိုကြည့်ရင်ကို သိနိုင်နေပြီဖြစ်တယ်လို့ဆိုထားပြီး သူ့အတွက်လိုအပ်နေတာက သူ့ကိုယုံကြည်မှုအပြည့်အဝပြန်ပေးမဲ့ မန်နေဂျာတဦးဖြစ်တယ်လို့ဆိုထားပါတယ်။

ဗဟိုတိုက်စစ်မှာတော့ လူကာကူကိုရွေးချယ်ထားပြီး အင်တာမီလန်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သူ ဘယ်လ်ဂျီယံသားရဲ့ တကျော့ပြန် ချယ်လ်ဆီးခရီးစဉ်ဟာမလှပခဲ့ပဲ သူ့အတွက်ပေးချေလိုက်ရတဲ့ ပေါင်၉၇.၅သန်း (ယူရို၁၁၃သန်း)ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ပုံရပါတယ်။ ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ထိချက်၇ချက်နဲ့ တပွဲလုံးဘယ်ရောက်နေမှန်းမသိတဲ့သူ့ရဲ့အနေအထားက မေးခွန်းထုတ်စရာကိုမလိုအောင်ဖြစ်နေခဲ့တာပါ။

ပရီးမီးယားလိဂ်သွင်းဂိုး၈ဂိုးနဲ့ရာသီပိတ်သိမ်းခဲ့တဲ့ ၂၉နှစ်သားက အခွင့်သင့်တိုင်း အင်တာမီလန်ပြန်ချင်ကြောင်းသာ တဖွဖွပြောနေခဲ့သူလဲဖြစ်ပါတယ်။

အလက်ဇန်ဒါ လာကာဇက် ကတော့ အာဆင်နယ်မှာ အူဘာမီယန်းထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်တာဝန်ကိုယူခဲ့ရသူဖြစ်ပြီး လူငယ်ကစားသမားတွေကို လက်တွဲခေါ်ယူရင်း သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့သူဖြစ်ပါတယ်။

လာကာဇက်ဟာ ဒီရာသီမှာ အသင်းလိုက်ကစားခြင်းကနေ သွင်းဂိုးတစ်ဂိုးပဲသွင်းယူထားနိုင်ခဲ့တဲ့တိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့နေရာကို ရာသီနှောင်းပိုင်းမှာ အက်ဒ်ဝက်ဒ် အန်ကီးတီးယားကသိမ်းပိုက်သွားခြင်းခံခဲ့ရသူလဲဖြစ်ပါတယ်။

ဒါကြောင့် ESPNရဲ့ ယခုနှစ်ရာသီပရီးမီးယားလိဂ်နေရာအလိုက် အဆိုးဆုံး၁၁ဦးစာရင်း ကစားကွက်၄-၃-၃မှာ ဂိုး ကီပါ၊ နောက်တန်း ဝမ်ဘစ္စကာ၊မက်ဂွိုင်းယား၊ဗာရာနီ၊ဖီယာပို၊ အလယ်တန်း ပေါ့ဘာ၊ကန်တီ၊ဘရူနို ရှေ့တန်း ရပ်ရှ်ဖို့ဒ်၊လူကာကူ၊လာကာဇက် တို့ပဲဖြစ်ပါတယ်။