ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်တွေထဲက တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေနဲ့ ဆက်နွယ်နေတဲ့ စပွန်ဆာတွေ ၊ ထုတ်လွှင့်မှုတွေကို ဆွဲဆောင်နိုင်ပါတယ်။ ဒါကပဲ ပရီးမီးယားလိဂ် ကလပ်တွေကို ကမ္ဘာတစ်ဝှမ်းက ထိပ်သီး ကစားသမားတွေက စိတ်ဝင်စားတာပါ။ ပရီးမီးယားလိဂ် အသင်းကြီး ၆ သင်းဖြစ်တဲ့ အာဆင်နယ် ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ စီးတီး ၊ ယူနိုက်တက်နဲ့ စပါးတို့က ယခုအပြောင်းအရွှေ့မှာ ပေါင် သန်း ၄၃၀ ကျော် သုံးစွဲထားပါတယ်။ ကဲ ယခု အပြောင်းအရွှေ့ တံခါးမှာ ပရီးမီးယားလိဂ် အသင်းကြီး ၆ သင်းက ပြုလုပ်ခဲ့တဲ့ အကောင်းဆုံး ခေါ်ယူမှုတွေကို တင်ပြပေးလိုက်ပါတယ်။

အာဆင်နယ် – ဂါဘရီရယ်ဂျေဆု။ ။ ဂါဘရီရယ်ဂျေဆုဟာ ယခုနွေရာသီ အစောပိုင်းမှာပဲ မန်ချက်စတာစီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဘရာဇီး လက်ရွေးစင် ကစားသမားဟာ ပရီးမီးယားလိဂ်နဲ့ အသားကျနေတဲ့ တိုက်စစ်မှူးဖြစ်ပြီး နောက်ရာသီ ဂန်းနားတို့ရဲ့ တိုက်စစ်ပိုင်းမှာ ကြီးမားတဲ့ တာဝန်တစ်ခုကို လုပ်ဆောင်ရတော့မှာပါ။

ဂျေဆုဟာ အီတီဟတ်မှာ နေခဲ့စဥ်က ပရီးမီးယားလိဂ် ပွဲပေါင်း ၁၅၉ ပွဲ ကစားခဲ့ပြီး ၅၈ ဂိုး သွင်းယူကာ ဖန်တီးမှု ၃၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ မန်ချက်စတာစီးတီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား ၁၀ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီး – ကာလီဒူကူလီဘာလီ။ ။ ချဲလ်ဆီးဟာခု အပြောင်းအရွှေ့မှာ အကောင်းဆုံး အပြောင်းအရွှေ့ ၂ ရပ်ဖြစ်တဲ့ စတာလင်နဲ့ ကူလီဘာလီတို့ကို​ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူလီဘာလီဟာ ချဲလ်ဆီးရဲ့ ခံစစ်ပိုင်း ပြသနာကို ဖြေရှင်းပေးနိုင်မှာပါ။ ချဲလ်ဆီးဟာ ယခုအပြောင်းအရွှေ့မှာ ရူဒီဂါနဲ့ ခရစ်စတီယန်ဆန်တို့ကို အလွတ်နဲ့ ဆုံးရှုံးခဲ့ရပါတယ်။ ကူလီဘာလီဟာ လာမဲ့ရာသီ ချဲလ်ဆီးရဲ့ ခံစစ်ပိုင်းကို ဦးဆောင်ရမဲ့ တာဝန်တော့ လုပ်ဆောင်ရမှာပါ။

ဆီနီဂေါ လက်ရွေးစင် ကစားသမားဟာ လက်ရှိ ဥရောပမှာ အကောင့းဆုံး နောက်ခံလူတွေထဲက တစ်ယောက်ပါ။ သူဟာ နာပိုလီအတွက် လိဂ်ပွဲ ၂၃၆ ပွဲ ကစားခဲ့ပြီး ၁၃ ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ ၂၀၁၈-၁၉ ခုနှစ် စီးရီးအေ အကောင်းဆုံး ခံစစ် ကစားသမားဆုကို ရရှိခဲ့ပြီး စီးရီးအေ တစ်နှစ်တာ အကောင်ဆုံး အသင်းထဲမှာလည်း ၄နှစ်ဆက် ပါဝင်ခဲ့ပါတယ်။

လီဗာပူး – ဒါဝင်နူနက်။ ။ လီဗာပူးဟာ ယခုရာသီ ဒါဝင်နူနက်ကို ဘင်ဖီကာကနေ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ နူနက်ဟာ ပြီးခဲ့တဲ့ရာသီ ပေါ်တူဂီလိဂ်မှာ ဘင်ဖီကာနဲ့ ပုံစံကောင်း ပြနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီ ၂၈ ပွဲမှာ ၂၆ ဂိုး သွင်းယူ ခဲ့ပါတယ်။ ဥရုဂွေးသားဟာ ပြီးခဲ့တဲ့ရာသီ ၂၀၂၂ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ပြီးတော့ ၂၀၂၁-၂၂ ခုနှစ်ရဲ့ ပရီးမီးယားလီဂါ တစ်နှစ်တာ အကောင်းဆုံး အသင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ ကြိုးကြာနီတို့ဟာ နူနက်ကို မကြာသေးမီကမှ ဘိုင်ယန်ကို ပြောင်းရွှေ့သွားတဲ့ မာနေးရဲ့ အစားထိုးအဖြစ် ခေါ်ယူခဲ့တာပါ။ နူနက်ဟာ ကြိုးကြာနီတို့အတွက် လာမဲ့ရာသီမှာ အဓိက ကစားသမား ဖြစ်သွားဖို့ မျှော်လင့်ပါတယ်။

မန်ချက်စတာစီးတီး – အာလင်းဟာလန်း။ ။ အာလင်းဟာလန်းဟာ သူ့ခေတ်မှာတော့ အရည်အချင်း ပြည့်ဝတဲ့ ကစားသမား တစ်ယောက်ပါ။ သူဟာ ယခုနှစ်မှာ စီးတီးအသင်းကို ဒေါ့မွန်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီ လိဂ် ၂၄ ပွဲမှာ သွင်းဂိုး ၂၂ ဂိုး သွင်းယူခဲ့ပါတယ်။

သူဟာ ၂၀၂၁ ဖီဖာ ကမ္ဘာ့ ၁၁ ယောက် စာရင်းမှာ ပါဝင်ခဲ့သလို ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ဂွာဒီယိုလာကလည်း နော်ဝေး လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို လာမဲ့ ရာသီ အီတီဟတ်မှာ ဆက်လက် ထိန်းထားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

မန်ချက်စတာယူနိုက်တက် – ခရစ်စတီယန်အဲရစ်ဆင်။ ။ ယူနိုက်တက်ဟာ မကြာသေးမီကမှ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ ရောက်ရှိမှုကို ကြေညာခဲ့ပါတယ်။ အဲရစ်ဆင်ဟာ ဘရန်းဖို့နဲ့ ပြီးခဲ့တဲ့ လကမှ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အလွတ်အေးဂျင့် ဖြစ်လာခဲ့ပါတယ်။ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ အသားကျပြီးသား ကွင်းလယ်လူဖြစ်ပါတယ်။

သူဟာ စပါးအသင်းအတွက် လိဂ် ၂၂၆ ပွဲမှာ ၅၁ ဂိုး သွင်းယူပြီး ဖန်တီးမှု ၆၇ ကြိမ် ပြုလုပ်ထားပါတယ်။ ဒိန်းမတ်သားဟာ စပါးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆု ၂ ကြိမ် ရရှိခဲ့ပြီး ၂၀၁၇-၁၈ ခုနှစ် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ ဘရန်းဖို့မှာ ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

စပါး – ရိဗ်ဘစ်ဆူးမား။ ။ ရစ်ချာလစ်ဆင် ၊ ပါရီဆစ်နဲ့ လင်းဂလတ်တို့ရဲ့ ရောက်ရှိမှုကလည်း အရမ်းကောင်းတဲ့ အပြောင်းအရွှေ့ပါပဲ။ ဒါပေမဲ့ ဘစ်ဆူးမားဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်ပြီး နောက်ရာသီစပါးအသင်းရဲ့ အဓိက ကစားသမားဖြစ်လာမှာပါ။

မာလီ လက်ရွေးစင် ကစားသမားဟာ လိုင်လီကနေ ပြောင်းရွှေ့လာပြီးနောက် ဘရိုက်တန်မှာ အထင်ကြီးစရာ ခြေစွမ်းမျိုး ​ပြသခဲ့ပါတယ်။ သူဟာ လိဂ်ပွဲပေါင်း ၁၁၂ ပွဲ ကစားခဲ့ပြီး ၃ ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဘစ်ဆူးမားဟာ ၂၀၂၀-၂၁ ခုနှစ်မှာ ဘရိုက်တန်ရဲ့ တစ်နှစ်တာ အကောင်းဆုံးဆု ရရှိခဲ့ပါတယ်။