မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဝေဖန်မှု အတော်လေး ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ အခုမှာတော့ ယူနိုက်တက် နည်းပြအသစ် တတ်ဟက်က အင်္ဂလန်သားနဲ့ ပြိုင်ဆိုင်ပြီး အားဖြည့်ဖို့အတွက် နောက်ခံလူအသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားကို လက်စတာကနေ ခေါ်ယူဖို့ ပေါင်သန်း ၈၀ (ယူရို ၉၅ သန်း) သုံးစွဲခဲ့ရပါတယ်။ ဒါပေမဲ့ သူကတော့ တန်ကြေးနဲ့ လိုက်ဖက်တဲ့ ခြေစွမ်းမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ယူနိုက်တက်ဟာ ဗဟိုခံစစ်ကို ခေါ်ယူဖို့ ငွေကြေး သုံးစွဲတော့မဲ့ ပုံပါပဲ။ ကဲ တန်ဟက် စိတ်ဝင်စားနေတဲ့ ထိပ်သီး ပစ်မှတ် ၅ ဦးကို ကြည့်လိုက်ရအောင်ဗျာ။

(၅) ပေါတောရက်စ် (ဗီလာရီးရဲလ်)။ ။ ယူနိုက်တက်ဟာ ပေါတောရက်စ်ကို လွန်ခဲ့တဲ့ ၂ရာသီလောက် ကတည်းက စိတ်ဝင်စားနေပြီး ယခုနှစ်မှာလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ပေါတောရက်စ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်ဖြစ်ပြီး ဗီလာရီးရဲကလည်း ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အေးဂျင့်ကလည်း ပြီးခဲ့တဲ့ အပတ်တွေက အင်္ဂလန်ကို လာရောက်ခဲ့ပြီး ဒါဟာ သဘောတူညီမှု ရရှိနိုင်တဲ့ အလားအလာတစ်ခုပါ။ တန်ဟက်ကလည်း အပြောင်းအရွှေ့ကို လက်ခံခဲ့ပြီး သူဟာ ဘယ်ခြေအားပြုတဲ့ စပိန်သားလို ဗဟိုခံစစ် ကစားသမားကို သဘောကျနေပါတယ်။

(၄) မက်သစ်ဒီလိုက် (ဂျူဗင်တပ်စ်) ။ ။ ဒီလိုက်ဟာ ခံစစ်ပိုင်းအတွက် တန်ဟက်ရဲ့ အဓိကရွေးချယ်မှု ဖြစ်ပြီး အေဂျက်မှာတုန်းကလည်း သူနဲ့အတူ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒီလိုက်ဆီကနေ ကြီးမားတဲ့ အရာတွေကို မျှော်လင့်လို့ရပါတယ်။ သူဟာ အသက် ၁၉ နှစ်အရွယ်နဲ့ နယ်သာလန် ချန်ပီယံ အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိရောက်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

သူဟာ ဂျူဗင်တပ်မှာ ၃ ရာသီအတွင်း ပွဲပေါင်း ၁၀၀ ကစားခဲ့ပေမဲ့ သူ တူရင်မြေကို ပြောင်းရွှေ့သွားကတည်းက ဒဏ်ရာတွေက သူ့ရဲ့တိုးတက်မှုကို နှောင့်ယှက်နေခဲ့ပါတယ်။ ဂျူဗင်တပ်ကတော့ သူ့ကို ထိန်းထားချင်ပေမဲ့ အသင်းတစ်သင်းလုံး အင်အားတောင့်တင်းဖို့ ကြီးမားတဲ့ ကမ်းလှမ်းမှုအတွက် သူတို့က ရောင်းချသွားနိုင်ပါတယ်။

(၃) မီလန်စခရီနီယာ (အင်တာမီလန်) ။ ။ စခရီနီယာဟာ အရင်က ယူနိုက်တက်နဲ့ ချိတ်ဆက်မှု ရှိခဲ့ဖူးပြီး သူ့နိုင်ငံရဲ့ ၂၀၁၈ ခုနှစ် အက်ဖ်အေ ဖလားပြိုင်ပွဲမှာ ” မန်ချက်စတာယူနိုက်တက်လား? ကျွန်တော် သူတို့ဆီက ကြားခဲ့ရပြီး ဒါဟာ ကျွန်တော့်ကို ဂုဏ်ယူစေခဲ့ပါတယ်။ ဒါပေမဲ့ အင်တာက ဒါကိုငြင်းလိုက်တဲ့အတွက် ကျွန်တော် ပိုပျော်ခဲ့ရပြီး ဒါဟာ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှု တိုးလာစေပါတယ်။ ”

၄ နှစ်ကြာပြီးတဲ့နောက် အင်တာမီလန် အသင်းဟာ ဆန်စီယိုမှာ အခြား ကစားသမားတွေထက် မိနစ်ပိုကစားထားတဲ့ စခရီနီယာကို ဆက်လက် ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အင်တာမီလန်မှာ ပွဲပေါင်း ၂၀၀ ကျော် ကစားပြီးတဲ့နောက် အခြား အပြောင်းအရွှေ့အတွက် အဆင်သင့် ဖြစ်ပါ့မလား?

(၂) ဂျော့စကိုဂဗာဒီရော (လိုက်ပ်ဇစ်)။ ။ မကြာသေးမီကမှ ဥရောပ ဘောလုံးလောကမှာ သူ့ကိုယ်သူ နာမည်ရရှိအောင် လုပ်ဆောင်ထားနိုင်တဲ့ ဗဟိုနောက်ခံလူ တစ်ယောက်ကတော့ လိုက်ပ်ဇစ်ရဲ့ ဂဗာဒီရောပဲ ဖြစ်ပါတယ်။ သူဟာ ဂျာမန် အသင်းမှာ ၂ နှစ် ရှိနေခဲ့ပေမဲ့ ပထမ ရာသီမှာ ဒိုင်နမိုဇာဂရက်ကို အငှားသွားရောက် ကစားခဲ့ရပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါမှာ အလွယ်တကူ တိုးတက်လာပြီး ဘယ်အစွန်မှာရော ဗဟိုခံစစ်မှာပါ ကစားနိုင်ပါတယ်။

(၁) ဒါးရော့အူပါမီကာနို (ဘိုင်ယန်မြူးနစ်) ။ ။ အူပါမီကာနိုဟာ ကိုယ်ကာယပိုင်းဆိုင်ရာ တောင့်တင်းပြီး လေ့ကျင့်ရေး အစီအစဥ်တွေမှာ လိုက်ပ်ဇစ် အသင်းဖော် တီမိုဝါနာထက် ကျော်ကြားတဲ့ ကစားသမားပါ။ ဒါပေမဲ့ ပြင်သစ်လူငယ် ကစားသမားဟာ မက်ဂွိုင်းယားလို မဟုတ်ပဲ ပုံစံကောင်း ကျဆင်းမှုကိုတော့ ကြံ့ကြံခံခဲ့ရပြီး ၂၀၂၁-၂၂ ခုနှစ် တစ်ရာသီလုံး အရံခုံမှာသာ ထိုင်ခဲ့ရပါတယ်။

အမှန်မှာတော့ ဒေါ့မွန် ကစားသမားဟောင်း နစ်ကလပ်ဆူးက ဘိုင်ယန်ရဲ့ ခံစစ်နေရာမှာ ပုံမှန်ပွဲထွက်နေခဲ့ရတာပါ။ အသက် ၂၃ နှစ် ရှိပြီဖြစ်ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုထားပေမဲ့ အူပါမီကာနိုဟာ ယူနိုက်တက်ကို လာနိုင်ချေ ရှိပါတယ်။ ဒါပေမဲ့ သူဟာ ရာဖေးဗာရန်းရဲ့ နိုင်ငံ အသင်းဖော် ဖြစ်နေပြီးသားပါ။ ဗာရန်းဟာ ကလပ်အဆင့်မှာ အူပါမီကာနိုရဲ့ စွမ်းဆောင်ရည်ကို ဖွင့်ပေးမဲ့ အဓိက သော့ချက်ဖြစ်နိုင်ပါတယ်။