ရီးရဲမက်ဒရစ် အသင်းဟာ ၂၀၂၁-၂၂ ခုနှစ် ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့ပြီး ဘောလုံးရာသီကတော့ ပိတ်သွားပါပြီ။ ယခုမှာတော့ အပြောင်အရွှေ့ အပေါ်မှာသာ အာရုံစိုက်လာကြပြီး သဘောတူညီမှုတွေကတော့ ယခုနွေရာသီမှာ ဖြစ်လာကြမှာပါ။ အလွတ် အေးဂျင့်တွေဖြစ်တဲ့ ဘေးလ် ၊ ပေါ့ဘာ နဲ့ ဒိုင်ဘားလားတို့က အသင်းသစ် ရှာဖွေနေပြီ ဖြစ်ပါတယ်။ ဒီနေ့ရဲ စာရင်းကတော့ နွေရာသီမှာ စာချုပ်ကုန်ဆုံးမဲ့ ကစားသမားတွေအကြောင်း မဟုတ်ပါဘူး။ ဒါဟာ သူတို့ အသင်းတွေနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားတွေအပေါ်မှာ အာရုံစိုက်သွားမှာ ဖြစ်ပေမဲ့ အသင်းကနေ ​စောစောထွက်ခွာဖို့ စောင့်မျှော်နေတဲ့ ကစားသမားတွေပါ။ ကဲ ယခုနွေရာသီမှာ ဂျာစီပြောင်းလဲ ဝတ်ဆင်သွားနိုင်ချေရှိတဲ့ နာမည်ကြီး ကစားသမား ၅ ယောက်ကို ကြည့်လိုက်ရအောင်​ဗျာ။

(၅) ဂါဘရီရယ်ဂျေဆု – မန်စီးတီး။ ။ ဂျေဆုဟာ နည်းပြ ဂွာဒီယိုလာရဲ့ လက်အောက်မှာ ဦးစားပေး ပွဲထွက် ကစားသမားအဖြစ် မရပ်တည်နိုင်ခဲ့ပါဘူး။ ပြီးတော့ ဟာလန်းရဲ့ ရောက်ရှိမှုဟာ သူ့ကို ပိုပြီးခက်ခဲ သွားစေတော့မှာပါ။ ဒါကြောင့် အီတီဟတ်မှာ ၅ နှစ်ကြာခဲ့ပြီးတဲ့နောက် ဂျေဆုဟာ သူပုံမှန် ပွဲထွက်ခွင့် ရရှိမဲ့ အသင်းကို ပြောင်းရွှေ့နိုင်ချေ ရှိပါတယ်။ မီကေးအာတီတာရဲ့ အသင်းဟာ အသင်းက ထွက်ခွာလိုနေတဲ့ ကြယ်ပွင့်ကို ခေါ်ယူချင်ကြောင်း သူတို့ရဲ့ ဆန္ဒကို ဖော်ပြခဲ့ပါတယ်။ အီတလီ သတင်းတွေအရ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်း ပြသနာကို ဖြေရှင်းဖို့ နွေရာသီမှာ ဂျေဆုရဲ့ အပြောင်း အရွှေ့ကို အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ စီးတီးအသင်းကလည်း ဘရာဇီးသားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ လိုချင်းကြောင်း သိရပါတယ်။

(၄) ဆာ့ဂျ်ဂနာဘရီ – ဘိုင်ယန်မြူးနစ်။ ။ ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူဟာ နောက်ခံလူတွေကို အမြန်နှုန်း ၊ ကောင်းမွန်တဲ့ ဘောလုံး အထိန်းအသိမ်းတွေနဲ့ ကျော်ဖြတ်ပြီး သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်သူပါ။ သူဟာ ၂၀၁၇ ခုနှစ် ဝါဒါဘရီမင်ကနေ ပြောင်းရွှေ့လာကတည်းက ဘိုင်ယန်အတွက် ၁၇၁ ပွဲမှာ ၆၄ ဂိုး သွင်းယူပြီး ဖန်တီးမှု အကြိမ် ၄၀ ပြုလုပ်ထားကာ ဆုဖလားပေါင်းများစွာလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လမှ စာချုပ် ကုန်ဆုံးတော့မှာနဲ့အတူ ဘိုင်ယန်အသင်းဟာ သူ့ကို တစ်ပတ်လုပ်ခ ပေါင် ၁၆၄၀၀၀ တန်ကြေးရှိ စာချုပ်ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ သူသာ စာချုပ်ကို လက်မခံရင် ဘိုင်ယန်အသင်းကတော့ သူ့ကို အလွတ်နဲ့ မဆုံးရှုံးစေဖို့ ယခုနွေရာသီမှာ ရောင်းချသွားမှာပါ။ သတင်းတွေအရ ဂျာမန်ကလပ်ဟာ သူ့အတွက် ယူရို သန်း ၄၀ လိုချင်ကြောင်း သိရှိရပါတယ်။ ခရစ်စတီယန်ဖော့က အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားဟောင်းကို စိတ်ဝင်စားနေကြောင်း ပြောဆိုလာပါတယ်။

(၃) ဖရန်ကီဒီဂျောင် – ဘာစီလိုနာ။ ။ ဘာစီလိုနာ အသင်းဟာ ၂၀၁၉ ခုနှစ်က ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ယူရို ၈၆ သန်း သုံးစွဲခဲ့ရပါတယ်။ နယ်သာလန် ကွင်းလယ်လူဟာ နည်းစနစ်ပိုင်း အရည်အသွေးတွေနဲ့ ဖြည့်တင်းခဲ့ပေမဲ့ တည်ငြိမ်တဲ့ ကစားသမား တစ်ယောက်အဖြစ်တော့ မရပ်တည်နိုင်ခဲ့ပါဘူး။ ၂၅ နှစ်ပဲ ရှိသေးတာကို တွေးရမယ်ဆိုရင် ဘာစီလိုနာဟာ သူတို့ရဲ့ အနားဂတ်အတွက် သူ့ကို ကောင်းကောင်း စီစဥ်သင့်ပေမဲ့ သူတို့ရဲ့ ငွေကြေးပြသနာက ဒီအ​ခြေအနေကို ကိုင်တွယ်ဖို့ ခက်ခဲစေခဲ့ပါတယ်။

အီးအက်စ်ပီအန်ရဲ့ သတင်းအရ ဘာစီလိုနာဟာ သူတို့ရဲ့ နွေရာသီ အပြောင်းအရွှေ့အတွက် ငွေကြေးရရှိဖို့ ဒီဂျောင်ကို ရောင်းချသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်ကလည်း ဒီဂျောင်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အတွက် ကံမကောင်းတာက ဒီဂျောင်ဟာ ချန်ပီယံလိဂ် ကစားမဲ့ အသင်းကိုသာ ရွေးချယ်သွားမှာပါ။ ဒါကြောင့် သူနဲ့ အေဂျက်မှာ လက်တွဲဖူးတဲ့ နည်းပြ တန်ဟက်က သူ့ကို ခေါ်ယူနိုင်ဖို့ ဆွဲဆောင်နိုင်လောက်မှာပါ။ ဘာစီလိုနာ အသင်းဟာ ကွင်းလယ်လူအတွက်​ ပြောင်းရွှေ့ကြေး ယူရို ၈၈.၂ သန်း လိုချင်ကြောင်း ဖော်ပြထားပါတယ်။

(၂) ဆာဒီယိုမာနေး – လီဗာပူး။ ။ ကလော့ရဲ့ အသင်းဟာ လက်ရှိ တိုက်စစ်ပိုင်းမှာ ကစားသမားတွေ ပိုနေခဲ့ပေမဲ့ သူတို့ အားလုံးဟာ မာနေးလောက် ဘက်စုံ အသုံးမပြုနိုင်ပါဘူး။ ဆီနီဂေါသားဟာ ၂၀၁၆ ခုနှစ် ဆောက်သမ်တန်ကနေ ပြောင်းရွှေ့လာကတည်းက တိုက်စစ်ပိုင်း ဘယ်နေရာမှာမဆို ကစားနိုင်ခဲ့သူပါ။ သူ့ရဲ့ သက်လုံ ၊ ခံစစ်ပိုင်း လုပ်ဆောက်နှုန်းနဲ့ ဂိုးပါဝင်ပတ်သတ်မှုကတော့ အထင်ကြီးစရာပါ။ သူဟာ ပြိုင်ပွဲစုံ ၂၆၉ ပွဲမှာ ၁၂၀ ဂိုး သွင်းယူပြီး ဖန်တီးမှု ၄၈ ကြိမ် ပြုလုပ်ထားပါတယ်။

မာနေးရဲ့ တည်ရှိမှုဟာ လီဗာပူး အသင်းကို ပရီးမီးယားလိဂ် ဖလား တစ်ကြိမ် ၊ ချန်ပီယံလိဂ် တစ်ကြိမ် ၊ အက်ဖ်အေဖလား တစ်ကြိမ်နဲ့ အခြားသော ဆုတံဆိပ်ပေါင်းများစွာကို ရရှိစေခဲ့ပါတယ်။ မာနေးရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၃ ဇွန်လမှ ကုန်ဆုံးမှာ ဖြစ်ပေမဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ ပြောဆိုချက်အရ သူဟာ အသင်းကနေ ထွက်ခွာဖို့ ရွေးချယ်ထားပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ အင်အားကြီး ဘိုင်ယန်ဟာ သူ့ကိုခေါ်ယူဖို့ ထိပ်ဆုံးက ပါဝက်နေပေမဲ့ သဘောတူညီမှုတော့ မရသေးပါဘူး။

(၁) ရော့ဘတ်လီဝန်ဒေါ့စကီး – ဘိုင်ယန်မြူးနစ်။ ။ ၂၀၁၄ ခုနှစ် ဒေါ့မွန်ကနေ ပြောင်းရွှေ့လာကတည်းက လီဝန်ဒေါ့စကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးပါ။ ပိုလန်သားဟာ သူ့ကိုယ်သူ စံပြ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဒဏ်ရာလည်း ရရှိမှု နည်းပါးပါတယ်။ အရေးအကြီးဆုံးက သူဟာ မှီခိုနိုင်ပြီး ထိပ်တန်း ဂိုးသွင်းရှင်လည်း ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲစုံ ၃၇၄ ပွဲမှာ ၃၄၄ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့ သွင်းဂိုးတွေကြောင့် ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါ ဖလား ၈ ကြိမ် ၊ ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ ဂျာမန်ဖလား ၃ ကြိမ်တို့ကို ရရှိခဲ့ပါတယ်။

ဖီဖာရဲ့ အကောင်းဆုံး ကစားသမား ဆု ၂ ဆုရှင်ဟာ နောက်ရာသီ အေလီယက်ကွင်းကြီးမှာ ရှိမှာမဟုတ်ဘူးလို့ ဖာဘရီဇီယိုရိုမာနိုဆီကနေ တစ်ဆင့် သိရပါတယ်။ လီဝန်ဒေါ်စကီးဟာ လာမဲ့နွေရာသီမှာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ချင်နေတာပါ။ ပိုလန် လက်ရွေးစင် ကစားသမားဟာ ၂၀၂၃ မတိုင်ခင်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမဲ့ ဘိုင်ယန်က နောက်ဆု ပြောတာကိုပဲ စောင့်ရမှာပါ။ ဘိုင်ယန်က သူ့ကို မရောင်းချင်ပေမဲ့ သူတို့ရဲ့ ရပ်တည်မှုကို ပြောင်းလဲမယ်ဆိုရင်တော့ သူတို့က ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ လောက် ခန့်မှန်းထားပါတယ်။