ပရီးမီးယားလိဂ် ထိပ်သီး အသင်း ၆ သင်းကတော့ ယခုနွေရာသီမှာ သူတို့ရဲ့ အဆင့်ကို ထပ်မံမြှင့်တင်ဖို့ စောင့်မျှော်နေတာပါ။ ကိုဗစ် ၁၉ ပြီးတဲ့နောက် ကလပ်အသင်းတွေဟာ အပြောင်းအရွှေ့စျေးကွက်မှာ ငွေကြေး အမြောက်အများ သုံးစွဲမှုကို သတိထားခဲ့ကြရပါတယ်။ ကစားသမား တစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတာဟာ အသင်းတိုင်းအတွက် အရမ်း ဆွဲဆောင်နိုင်တဲ့ အလားအလာ တစ်ခု ဖြစ်ခဲ့ပါတယ်။

ယခုနွေရာသီမှာတော့ အလွတ်အေးဂျင့် စျေးကွက်ကတော့ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ လူသိများနေပါတယ်။ ဒါဟာ သူတို့ အသင်းသစ် ရှာမတွေသေးခင်နဲ့ သူတို့ ကစားသမားဘဝရဲ့ အခန်းကဏ္ဍ အသစ်တွေ မစတင်ခင် အချိန်တစ်ခုသာ ဖြစ်ပါတယ်။ ကဲ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းနဲ့ ကိုက်ညီမဲ့ ကစားသမား ၅ ​ယောက်ကို ကြည့်လိုက်ရအောင်ဗျာ။

(၅) အစ်စ်ကို။ ။ အစ်စ်ကိုဟာ ရီးရဲမက်ဒရစ်မှာ ၉ နှစ်ကြာ ကစားခဲ့ပါတယ်။ သူဟာ များစွာသော အနိမ့်အမြင့် ၊ အတက်အကျတွေကို ခံစားခဲ့ရပြီး လက်ရှိမှာတော့ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ဒီလ အကုန်မှာ အသင်းက ထွက်ခွာတော့မှာပါ။ သူဟာ စပိန် အင်အားကြီး အသင်းနဲ့အတူ လာလီဂါ ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေချိန် သူဟာ ဥရောပရဲ့ အကောင်းဆုံး ဗဟိုကွင်းလယ်လူတွေထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ လွှမ်းမိုးမှုဟာ မကြာသေးမီ နှစ်တွေကပဲ ကျဆင်းလာခဲ့ပြီး သူဟာ ပြီးခဲ့တဲ့ ရာသီ ရီးရဲမက်ဒရစ်မှာ သိပ်ပြီး အသုံးပြုခြင်း မခံခဲ့ရပါဘူး။ အစ်စ်ကိုဟာ လက်ရှိ အသက် ၃၀ ရှိပြီဖြစ်ပေမဲ့ သူဟာ နောက် နှစ်အနည်းငယ်လောက် အကောင်းဆုံး ပုံစံနဲ့ ကစားနိုင်ဦးမှာပါ။ သူဟာ စပါးလို အသင်းအတွက်ဆိုရင် အရမ်းကောင်းတဲ့ ခေါ်ယူမှု ဖြစ်မှာပါ။ ကွန်တီရဲ့ အသင်းကလည်း ကွင်းလယ်မှာ ကစားကွက် ဖန်တီးတဲ့သူ လိုအပ်နေတာပါ။

(၄) ဂါးရတ်ဘေးလ်။ ။ ဘေးလ်ကလည်း ယခုလ အကုန်မှာ ထွက်ခွာတော့မဲ့ နောက်ထပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲမက်ဒရစ် ကစားသမားတစ်ယောက်ပါ။ ၈ရာသီအတွင်း ၂၅၈ ပွဲမှာ ဝေးလ်နိုင်ငံသားဟာ ၁၀၆ ဂိုး သွင်းယူပြီး ဖန်တီးမှု ၆၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ မက်ဒရစ်နဲ့ အတူ လာလီဂါ ၃ကြိမ် နဲ့ ချန်ပီယံလိဂ် ၅ ကြိမ် ရရှိခဲ့ပါတယ်။ ဘေးလ်ဟာ မက်ဒရစ်မှာ ကောင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရာသီ အနည်းငယ် အတွင်းမှာ ဒဏ်ရာပြသနာတွေနဲ့ အငြင်းပွားစရာတွေ ကြုံတွေ့ခဲ့ရပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီ အန်စလော့တီရဲ့ အသင်းအတွက် ပွဲထွက်ခွင့် မရရှိခဲ့ပါဘူး။ သူဟာ မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင် ကစားခဲ့ရပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ အခြားအသင်းတွေ သူ့ကိုခေါ်ယူဖို့ ဆွဲဆောင်နေတဲ့ အချက်ပါ။ ဘေးလ်ဟာ ပရီးမီးယားလိဂ် ထိပ်သီး ၆သင်းက ဘယ်အသင်းအတွက်မဆို ကောင်းမွန်တဲ့ လူစားလဲကစားသမား ဖြစ်နိုင်ပါတယ်။

(၃) ခရစ်စတီယန်အဲရစ်ဆင်။ ။ အဲရစ်ဆင်ဟာ ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ ဘရန်းဖို့အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒိန်းမတ်သားဟာ ဘရန်းဖို့အတွက် ကစားခဲ့စဥ်က သူဟာ ပရီးမီးယားလိဂ်မှာ အကျိုးရှိအောင် စွမ်းဆောင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ သူ ဘရန်းဖို့အတွက် စတင်ပွဲထွက် ကတည်းက အခွင့်အရေး အကြိမ် ၃၀အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲရစ်ဆင်ကို ယူနိုက်တက် အသင်းကရော အသင်းဟောင်း စပါးကပါ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲရစ်ဆင်ကလည်း မကြာခင်မှာ သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ သူက ” ကျွန်တော့်မှာ စဥ်းစားရမဲ့ မတူညီတဲ့ ကမ်းလှမ်းမှုတွေနဲ့ ရွေးချယ်မှုတွေ ရှိပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ဆုံးဖြတ်ချက် ပြုလုပ်သွားမှာပါ။ ကျွန်တော် ချန်ပီယံလိဂ် ကစားရတာ ကြိုက်ပါတယ်။ အဲတာ ဘယ်လောက် ရီစရာကောင်းလဲဆိုတာ သိပေမဲ့ ကျွန်တော့်အတွက် အရေးသိပ်မကြီးပါဘူး။

(၂) ပေါ်လိုဒိုင်ဘားလား။ ။ ဒိုင်ဘားလားဟာ ယခုလအကုန်မှာ အလွတ်အေးဂျင့် ဖြစ်လာမှာပါ။ သူဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဂျူဗင်တပ်ရဲ့ အရေးအပါဆုံး ကစားသမားဖြစ်ခဲ့ပြီး ကစားသမားကတော့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာဂျင်တီးနားသားဟာ အင်တာမီလန်အသင်းနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူဟာ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းအတွက် ကောင်းမွန်တဲ့ အင်အားဖြည့်မှု တစ်ခုဖြစ်မယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

ဒိုင်ဘားလားဟာ စပါးအသင်းရဲ့ ကွင်းလယ်အတွက် ဖန်တီးမှုရှိစေဖို့ လိုအပ်တဲ့ ခေါ်ယူမှု ဖြစ်နိုင်ပါတယ်။ သူဟာ လီဗာပူးအတွက်လည်း ကောင်းမွန်တဲ့ အင်အားဖြည့်မှုတစ်ခု ဖြစ်မှာပါ။ တတ်တို သတင်းဌာနက မာဆေးဆိုဒ်အသင်းဟာ သူ့ကိုခေါ်ယူဖို့ စကားလမ်းကြောင်း ဖွင့်ခဲ့တယ်လို့ ဖော်​ပြခဲ့ပေမဲ့ အဲကတည်းက သတင်းသိပ်မကြားခဲ့ရပါဘူး။

(၁) အိုစမန်ဒမ်ဘီလီ။ ။ ဘာစီလိုနာ ကစားသနား ဒမ်ဘီလီကတော့ ယခုနွေရာသီ အပြီး အသင်းမှာ ဆက်လက်နေလိုခြင်း မရှိတဲ့ပုံပါပဲ။ မွန်ဒိုဒီပို့တီပိုရဲ့ ဖော်ပြချက်အရ ကတ်တလန်အသင်းကလည်း ပြင်သစ်သားရဲ့ စာချုပ်တောင်းဆိုမှုကို မလိုက်လျောနိုင်ခဲ့ပဲ တောင်ပံကစားသမား ကလည်း အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ လန်ဒန်ဘောလုံးသတင်းဌာနကလည်း ချဲလ်ဆီးအသင်းက ဒမ်ဘီလီရဲ့ အလားအလာရှိတဲ့ ပြောင်းရွှေ့မှုအပေါ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ပြင်သစ်သားဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ ၂၁ ပွဲသာ ကစားခဲ့ရပေမဲ့ ဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး ၊ ယူနိုက်တက်တို့လို အသင်းတွေအတွက် ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှု တစ်ခု ဖြစ်မှာပါ။ ၂ သင်းလုံးကလည်း ညာတောင်ပံ ကစားသမားကို လိုအပ်နေတာဖြစ်ပြီး ဒမ်ဘီလီက သင့်တော်တဲ့ ကစားသမားပါ။