ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး လိဂ်တစ်ခုပါ။ အချို့သော ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေက သူတို့ရဲ့ ကစားသမား ဘဝကို အင်္ဂလန်မှာ အသုံးချနေတာပါ။ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေမှာ ကစားရခြင်းဟာ ကြီးမားတဲ့ အခွင့်အရေး တစ်ခုဆိုပေမဲ့ ဒါဟာ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် ကစားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အချို့သော ထိပ်သီး ကစားသမားတွေက နှစ်တိုင်း အကြောင်းပြချက် တစ်ခုခုနဲ့ ထွက်ခွာကြပါတယ်။

ကစားသမား အများစုကတော့ အင်္ဂလန်မြေမှာ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲတာကြောင့် အပြီးသတ် ဒါမှမဟုတ် အငှားသွားရောက် ကစားကြပါတယ်။ ၂၀၂၂-၂၃ ခုနှစ် ပြီးခဲ့တဲ့ ၂ပတ် လောက်က အပြောင်းအရွှေ့ တံခါးအတွင်း နာမည်ကြီး ကစားသမားအချို့ ပရီးမီးယား​လိဂ်ကနေ ထွက်ခွာသွားတာကို တွေ့မြင်ခဲ့ကြပါတယ်။ ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရအောင်ဗျာ။

(၅) လာကာဇက် – အာဆင်နယ်ကနေ လိုင်ယွန်။ ။ လာကာဇက်ဟာ အမ်းမရိတ်မြေမှာ ၅ နှစ်တာ ကာလအတွင်း အာဆင်နယ်အတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ပါတယ်။ သူက ဂိုးတွေအများကြီး မသွင်းယူပေမဲ့ သူ့ရဲ့ ဂိုးပါဝင် ပတ်သတ်မှုက များပါတယ်။ လာကာဇက်ဟာ အော့ဘာမီယန်း အသင်းကထွက်ခွာပြီးနောက် အသင်းရဲ့ အဖိုးမဖြတ်နိုင်တဲ့ ကစားသမားဖြစ်ဖို့ အခွင့်အရေး ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ မျှော်လင့်ချက်ကို မှန်ကန်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ရာသီအကုန်မှာတော့ အာဆင်နယ် အသင်းဟာ သူ့ကို စာချုပ်အသစ် မကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး လိုင်ယွန်ကို အလွတ်နဲ့ ပြောင်းရွှေ့စေခဲ့ပါတယ်။ အာဆင်နယ်ကနေ မထွက်ခွာခင် လာကာဇက်က မြောက်လန်ဒန်အသင်းအတွက် ၁၅၈ ပွဲ ကစားခဲ့ပြီး ၅၄ ဂိုး သွင်းယူခဲ့ပြီး ဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

(၄) ရိုမီလူလူကာကူ – ချဲလ်ဆီးကနေ အင်တာမီလန် (အငှား)။ ။ လူကာကူဟာ ၂၀၁၁ ခုနှစ် ချဲလ်ဆီးမှာ ကစားခဲ့ပြီးနောက် ၂၀၁၂-၁၃ မှာ ဝက်စ်ဘရွန်းမှာ အငှားကစားခဲ့ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ၂၀၁၃ နွေရာသီမှာ ချဲလ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့ပြီး နောက်တစ်ရာသီ အဲဗာတန်မှာ ဆက်လက် အငှားကစားခဲ့ပါတယ်။ အဲဗာတန်မှာ အပြီးသတ်ခေါ်ယူပြီးနောက် ယူနိုက်တက်က ၂၀၁၇ ခုနှစ်မှာ ပေါင် ၇၆.၂၃ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ်မှာ အင်တာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ၂ နှစ်အကြာမှာ ချဲလ်ဆီးကို ပေါင် ၁၀၁.၇ သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ရာသီ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂၆ ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ရာသီအကုန်မှာ ချဲလ်ဆီးအသင်းက သူ့ကို အင်တာကို ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပေမဲ့ အပြီးသတ် ခေါ်ယူခွင့်မပါတဲ့ အငှားစာချုပ်နဲ့သာ စေလွှတ်ခဲ့တာပါ။

(၃) ပေါပေါ့ဘာ – ယူနိုက်တက်ကနေ ဂျူဗင်တပ်။ ။ ဇူလိုင် ၁၁ ရက်နေ့မှာ ပေါ့ဘာဟာ ဂျူဗင်တပ်ကို ဒုတိယအကြိမ် အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ သူဟာ ၂၀၁၁ ခုနှစ်မျာ ဂျူဗင်တပ်ကို ပထမအကြိမ် ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျူဗင်တပ်မှာ အံ့သြလောက်စရာ ခြေစွမ်း ပြသပြီးနောက် ၂၀၁၆ ခုနှစ်မှာ သရဲနီတို့ဟာ ပေါင် ၉၄.၅၀ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

၂၀၁၆နဲ့ ၂၀၂၂ ခုနှစ်ကြား သူဟာ ပွဲပေါင်း ၁၅၄ ပွဲကစားခဲ့ပြီး ၂၉ ဂိုး သွင်းကာ ဖန်တီးမှု ၄၈ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်သားဟာ ၂၀၁၂ ဂျူဗင်တပ်ကို မပြောင်းရွှေ့မီ လိဂ် ၃ ပွဲ ကစားခဲ့ပါသေးတယ်။ ပေါ့ဘာဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား မရခဲ့ဖူးပါဘူး။

(၂) အန်တိုနီယိုရူဒီဂါ – ချဲလ်ဆီးကနေ ရီးရဲမက်ဒရစ်။ ။ ချဲလ်ဆီးဟာ ၂၀၁၇ ခုနှစ်မှာ ရူဒီဂါကို ရိုးမားကနေ ပေါင် ၃၁.၅၀ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ သူဟာ ချဲလ်ဆီးမှာ နေသားကျဖို့ အချိန်အနည်းငယ် ယူခဲ့ရပေမဲ့ အရမ်းကောင်းမွန်လာခဲ့ပါတယ်။ ဂျာမန်သားဟာ ဖျက်ထုတ်မှု ကျွမ်းကျင်ရုံသာမက ဘောလုံး သယ်ယူရာမှာလည်း ကျွမ်းကျင်သူပါ။ သူ့ရဲ့ ပြိုင်ဘက်ဧရိယာထဲကို ဆွဲယူပြေးဝင်မှုဟာ ပရီးမီးယားလိဂ်မှာ ၂ ယောက်မရှိပါဘူး။

ဒါပေမဲ့ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ သူဟာ မက်ဒရစ်ကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးအတွက် လိဂ် ၁၃၃ ပွဲ ကစားပေးခဲ့ပြီး ၉ ဂိုး သွင်းကာ ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ရူဒီဂါဟာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ဖလား မရခဲ့ပေမဲ့ ၂၀၂၀-၂၁ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။

(၁) ဆာဒီယိုမာနေး – လီဗာပူးကနေ ဘိုင်ယန်မြူးနစ်။ ။ မာနေးဟာ ပရီးမီးယားလိဂ်မှာ ၈ နှစ်ကြာ (ဆောက်သမ်တန် ၂ နှစ် ၊ လီဗာပူး ၆ နှစ်) ကစားခဲ့ပါတယ်။ သူဟာ ဆောက်သမ်တန်မှာ ပုံစံကောင်း ပြသနိုင်တဲ့ တိုက်စစ်မှူး ဖြစ်ခဲ့ပေမဲ့ လီ​ဗာပူးမှာ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကို ပေါင် ၂၈.၈၀ သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ မာနေးဟာ မာဆေးဆိုဒ် အသင်းအတွက် လိဂ်ပွဲပေါင်း ၁၉၆ ပွဲ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၉၀ သွင်းယူကာ ဖန်တီးမှု ၂၉ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

သူဟာ ၂၀၁၈-၁၉ ခုနှစ်ရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု တစ်ကြိမ် ရရှိခဲ့ပါသေးတယ်။ မာနေးဟာ လီဗာပူး ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ ၂၀၁၉-၂၀ ခုနှစ်မှာ ၁၈ ဂိုးသွင်းယူပြီး ဖန်တီးမှု ၇ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူဟာ ကြိုးကြာနီတို့ နှစ် ၃၀ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။