ချဲလ်ဆီး အသင်းဟာ ပွဲစဥ်မှာ အသာစီး ရယူနိုင်ခဲ့တဲ့ အသင်း ဖြစ်ပေမဲ့ လက်စတာအသင်းကို နောက်က လိုက်ကစားပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တနင်္လါနေ့မှာ အာဆင်နယ်က နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်သီး ၄ သင်းမှာ ချဲလ်ဆီး အသင်းရဲ့ နေရာကတော့ သေချာခဲ့ပါပြီ။ မက်ဒီဆင်ဟာ ပွဲစပြီး ၁၀ မိနစ်လောက်မှာ မားကို့စ်အလွန်ဆိုနဲ့ ရူဒီဂါတို့ရဲ့ ခံစစ်ညံ့ဖျင်းမှုကနေ လှပသေသပ်တဲ့ ကန်သွင်းချက်နဲ့ ဧည့်သည် အသင်းကို ဦးဆောင်စေခဲ့ပါတယ်။

ရိစ်ဂျိမ်းဟာ ယခုနှစ် ချဲလ်ဆီး အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေခဲ့ပြီး သူ့ရဲ့ ဖန်တီးမှု ၈ ကြိမ်က သက်သေပြနေပါတယ်။ ညာအစွန်ခံစစ် ကစားသမားဟာ လှလှပပ ဖြတ်တင်ပေးလိုက်ပြီး စပိန်သားက မြေမကျကန်ချက်နဲ့ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့အပတ် အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဥ်မှာ ရင်နာခဲ့ရပြီး အဆိုပါ နာကျင်မှုကနေ ပြန်လာနိုင်သင့်ပေမဲ့ ရမှတ် ၃ မှတ်လုံး ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကဲ ဒီပွဲစဥ်ကနေ ပြောစရာ အချက် ၅ ချက်ကို ကြည့်လိုက်ရအောင်ဗျာ။

တိုက်စစ်ပိုင်း ရုန်းကန်နေရမှု။ ။ ဗာဒီကတော့ ဒီပွဲစဥ်ရဲ့ အဓိက ကစားသမားတော့ မဟုတ်ခဲ့ပါဘူး။ လက်စတာ တိုက်စစ်မှူးဟာ ချဲလ်ဆီး ခံစစ်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပဲ အမှန်မှာတော့ သူ့ကို ပံ့ပိုးပေးမဲ့ ဖန်တီးမှုတွေ လိုအပ်နေတာပါ။​ ဗာဒီဟာ ယခုနှစ်မှာ ဒဏ်ရာပြသနာတွေကို ကြံ့ကြံ့ခံနေခဲ့ရပြီး ဒီနေ့ညမှာတော့ သူ့ရဲ့ ပုံစံကောင်း မပြသနိုင်တဲ့ ပွဲစဥ်တွေထဲက တစ်ပွဲကို တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ ဘူကာကူအတွက်လဲ တူညီတဲ့ ဇာတ်ကြောင်းပါပဲ။ သူ့ရဲ့ ထင်ရှားတဲ့ ပါဝင်ပတ်သတ်မှုကတော့ ပွဲချိန် မိနစ် ၆၀ လောက်မှာ လွဲချော်ခဲ့တဲ့ သူ့ရဲ့ ခေါင်းတိုက် သွင်းဂိုးပဲ ဖြစ်ပါတယ်။ အင်တာမီလန် ကစားသမားဟောင်းဟာ ယခုနှစ် အသင်းကို ပြန်လာကတည်းက အိပ်မက်ဆိုးနဲ့ ကြုံတွေ့နေရပြီး ချဲလ်ဆီးတို့ မျှော်လင့်ထားသလောက် ခြေစွမ်းမပြသ နိုင်ခဲ့ပါဘူး။ ဒီပွဲစဥ်မှာ ဗာဒီရော လူကာကူတို့ ၂ ဦးလုံးဟာ ပွဲပြီးဆုံးဖို့ ၁၀ မိနစ် အလိုမှာ သူတို့ရဲ့ နည်းပြက လူစားလဲခဲ့ပါတယ်။

အလွန်ဆိုအတွက် ရှုပ်ထွေးတဲ့ ညတစ်ည။ ။ ချဲလ်ဆီးတို့ဟာ စပိန်သားရဲ့ ကျေးဇူးနဲ့ ပွဲအစက ခွင့်ပြုပေးခဲ့ရတဲ့ သွင်းဂိုးကို ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ သူတို့ ခွင့်ပြုပေးခဲ့ရတဲ့ သွင်းဂိုးမှာ အလွန်ဆိုက ဘောလုံးဟာ ဘေးစည်ကို ထွက်သွားမယ် ဒါမှမဟုတ် ရူဒီဂါက ရရှိသွားမယ်လို့ တွေးခဲ့ပုံပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ပေါ့ဆမှုကြောင့် ဂျူးဘယ်ရီက ဘောလုံးရရှိသွားခဲ့ပါတယ်။ ဂျူးဘယ်ရီရဲ့ ပေးပို့မှုဟာ ရူဒီဂါကို ထိမှန်ကာ လမ်းကြောင်းပြောင်းခဲ့ပြီး ဧရိယာ ထောင့်ကနေ အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တဲ့ မက်ဒီဆင်ရဲ့ ပြေးလမ်းထဲကို ရောက်ရှိသွားခဲ့ပါတယ်။

အလွန်ဆိုဟာ ယခု နွေရာသီမှာ အသင်းက ထွက်ခွာမယ်လို့ ထင်ကြေးပေးခံထားရပြီး ဘာစီလိုနာနဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘယ်အစွန်ခံစစ် ကစားသမားဟာ ချဲလ်ဆီးမှာ ပုံစံကောင်း ပြသထားခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးတွေ သွင်းယူနိုင်သလို အလွန်ဆိုဟာ အမှား ပြုလုပ်တတ်ပါတယ်။ နောက်ခံလူဟာ ရိစ်ဂျိမ်းရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် ဘယ်ခြေ မြေမကျကန်ချက်နဲ့ ရှမိုက်ကယ်ရဲ့ အနီးထောင့်ကို အဆုံးသတ်ခဲ့ပါတယ်။

ဒီရာသီ ပွဲပေါင်း ၆၀ ကျော် ကစားခဲ့ရပြီးဖြစ်တဲ့ ချဲလ်ဆီး။ ။ ယခုနှစ်မှာ လီဗာပူးအသင်းက ပွဲစဥ် အများအပြားကို ကစားထားခဲ့ပြီး ဆုဖလား ၄ လုံး မျှော်လင့်ချက်လမ်းကြောင်းမှာ ကျန်ရှိနေသေးပေမဲ့ ကြာသပတေးနေ့ လက်စတာနဲ့ ပွဲစဥ်ဟာ ယခုနှစ်ရာသီ ချဲလ်ဆီး အသင်းရဲ့ ၆၂ ပွဲမြောက် ဖြစ်ပါတယ်။ တူချယ်ရဲ့ အသင်းဟာ ပြည်တွင်းဖလား ပြိုင်ပွဲ ၂ ခုလုံးမှာ ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။

သူတို့ဟာ ကလပ်ကမ္ဘာ့ဖလားမှာလည်း ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် ပုံစံကောင်းကတော့ ကျဆင်းခဲ့ပါတယ်။ အဆိုပါ အဆင့်မှာ ကစားသမားတွေဟာ ပင်ပန်းနေပုံပါပဲ။ ပူလီဆစ်နဲ့ လူကာကူတို့လို ကစားစမားတွေဟာ သူတို့ရဲ့ ပုံစံကောင်း ရရှိဖို့ ခက်ခဲခဲ့ပြီး ပွဲထွက်စာရင်းမှာ ချန်လှအ်ခံခဲ့ရပါတယ်။ ပူလီဆစ်ဟာ ချဲလ်ဆီး အသင်း ဦးဆောင်နိုင်စေမဲ့ ၈ကိုက်က ကန်သွင်းရမဲ့ အခွင့်အရေး လွဲချော်ခဲ့ပါတယ်။ ၆၃ ပွဲမြောက်ကတော့ တနင်္ဂနွေနေ့ စတန်းဖို့ဘရစ်မှာ တန်းဆင်းရမဲ့ ဝက်ဖို့နဲ့ ရင်ဆိုင်ရမှာပါ။

ဖိုဖာနာရဲ့ ပြန်လည်ကောင်းမွန်မှု။ ။ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ၇ လလောက် လွဲချော်ခဲ့ပြီး သူ့ရဲ့ ၆ ပွဲမြောက် ပွဲဦးထွက်လာခဲ့တဲ့ ဖိုဖာနာဟာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ဆင်မှု အများအပြားနဲ့ ရင်ဆိုင်ရချိန်မှာ ပုံစံကောင်း အနည်းငယ် ပြသခဲ့ပါတယ်။ ဖိုဖာနာဟာ အလုပ်အရှုပ်ဆုံး ညနေကို ဖြတ်သန်းခဲ့ရပြီး မက်ဒီဆင်ရဲ့ အစောပိုင်း သွင်းဂိုးဟာ အိမ်ရှင် အသင်းကို ပြသနာဖြစ်စေခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ ပွဲချိန်အများစုကို လက်စတာရဲ့ ခံစစ်ပိုင်းမှာ အချိန်ကုန်နေခဲ့တာပါ။

ချဲလ်ဆီးဟာ ပွဲစပြီး မိနစ် ၃၀ အတွင်း ကန်သွင်းမှု ၈ ကြိမ်အထိ ရှိခဲ့ပြီး လက်စတာကတော့ တစ်ကြိမ်သာ ရှိခဲ့ပေမဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဘယ််လ်ဂျီယံသားက ပုံစံကောင်း ပျောက်ဆုံးနေပေမဲ့ ခံစစ် ကစားသမားတိုင်းအတွက် လူကာကူကို ထိန်းရတာ မလွယ်ပါဘူး။ အထူးသဖြင့် ငယ်ရွယ်ပြီး အတွေ့အကြုံနုတဲ့ ဖိုဖာနာလို ခံစစ်ကစားသမားအတွက်ပေါ့။ ဒါပေမဲ့ သူဟာ ပေါင် ၉၈ သန်းတန် ကစားသမားကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ အလွန်ဆိုရဲ့ဂိုးဟာ ဖိုဖာနာရဲ့ ပေးဂိုးမရှိ ပွဲစဥ်ကို လုယူသွားခဲ့ပါတယ်။

တော့ဘိုလီရဲ့ တက်ရောက်မှု။ ။ ချဲလ်ဆီးနဲ့ ပတ်သတ်တဲ့ လူတိုင်းအတွက် စိန်ခေါ်မှု ပြည့်နှက်နေတဲ့ လအနည်းငယ် ကြာပြီးတဲ့နောက် အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တော့ဘိုလီက တာဝန်ယူခဲ့တာကြောင့် နေရာတိုင်းမှာ ရှိတဲ့ ချဲလ်ဆီး ပရိတ်သတ်တို့ သက်သာရာရခဲ့ပါတယ်။ ချဲလ်ဆီး အသင်းဟာ လက်စတာ ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်နေချိန် တော့ဘိုလီက အမိုက်စား အမှုဆောင် ခုံကနေ ကြည့်ခဲ့ပါတယ်။ ဘိုလီဦးဆောင်တဲ့ လုပ်ငန်းစုဟာ ပရီးမီးယားလိဂ်ရဲ့ အတည်ပြုချက်ကို စောင့်နေရပြီး ချဲလ်ဆီး ပရိတ်သတ်တွေကလည်း လာမဲ့အနာဂတ်မှာ တော့ဘိုလီက စတန်းဖို့ဘရစ်ကို လာရောက်ဖို့ မျှော်လင့်ထားကြတာပါ။

အေဗရာမိုဗစ်ရဲ့ အုပ်စိုးမှုဟာ ထင်ရှားကျော်ကြားပြီး အစိုးရက စည်းမျဥ်းအရ မတားဆီးခင် အချိန်ထိ ရုရှားလူမျိုး အသင်းပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဟာ ပရိတ်သတ်တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားသူပါ။ အမေရိကန်သားသာ ချဲလ်ဆီး ပရိတ်သတ်တွေနဲ့ အလားတူ ဆက်ဆံရေးမျိုး ထူထောင်နိုင်ရင်တော့ ဒါဟာ အေဗရာမိုဗစ်ကို မတ်လအစောပိုင်းမှာ ဒဏ်ခတ်အရေးယူပြီးကတည်းက ပျောက်ဆုံးနေတဲ့ ခံစားချက်ကောင်းတွေကို ဘိုလီက ပြန်လည် ထူထောင်ခြင်းရဲ့ အစ ဖြစ်နိုင်ပါတယ်။