ဟိုဆေးမော်ရင်ဟိုက သူ့ရဲ့ကစားသမားဟောင်းတဦးဖြစ်ခဲ့ဖူးတဲ့ ဂရတ်သ်ဘေးလ်ကို ရိုးမားကိုအရခေါ်ယူဖို့အတွက် စတင်ချိတ်ဆက်နေပြီလို့ အင်္ဂလိပ်မီဒီယာတွေကယုံကြည်နေကြပြီးသတင်းဖော်ပြလျှက်ရှိပါတယ်။ မကြာသေးမီကတင် ချယ်လ်ဆီးနဲ့မန်ယူနိုက်တက်တို့မှာ အကြိမ်ကြိမ်ခေါ်ယူထားခဲ့ဖူးတဲ့ ကစားသမားဟောင်း နီမန်ဂျာမာတစ်ကို အီတာလျံကလပ်ထံကိုခေါ်ယူထားခဲ့တဲ့မော်ရင်ဟိုက သူ့ရဲ့ဒုတိယမြောက်ရာသီအတွက် အဖိုးနည်းဝန်ပါ ကစားသမားကောင်းတွေကိုစုဆောင်းနေခဲ့တာပါ။

၃၂နှစ်သား ဘေးလ်ဟာလဲ မာတစ်လိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီရဲမက်ဒရစ်ကနေ ထွက်ခွာလာခဲ့ပြီဖြစ်တာကြောင့် ကစားခွင့်အာမခံချက်တခုခုသာပေးမယ်ဆိုရင် ဟိုဆေးအတွက် နီးစပ်နိုင်တဲ့ခေါ်ယူမှုတခုဖြစ်ပါတယ်။ ၂၀၂၀-၂၁ရာသီတုန်းက တော့တင်ဟမ်ဟော့စပါးကိုကိုင်တွယ်နေတဲ့ မော်ရင်ဟိုက မက်ဒရစ်ကနေ ဘေးလ်ကိုအငှားခေါ်ယူခဲ့ဖူးပြီး အဆိုပါအချိန်အတွင်းမှာ ဘေးလ်က ပြိုင်ပွဲစုံ၁၆ဂိုးအထိသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရိုးမားကိုရောက်ပြီးနောက်တိုက်စစ်မှာ ချယ်လ်ဆီးတုန်းက ကစားသမားဟောင်းဖြစ်သူ တင်မီအေဗရာဟမ်ကိုခေါ်ယူထားခဲ့တဲ့မော်ရင်ဟိုအတွက် ဘေးလ်လိုမျိုးဝါရင့်စတားကစားသမားမျိုးက ပြန်လည်တည်ဆောက်နေဆဲကလပ်အတွက်လိုအပ်နေမှာအမှန်ပါပဲ။ ဒါပေမဲ့လဲ ရိုးမားတို့ဟာ ဘေးလ်ကိုစိတ်ဝင်စားနေတဲ့တခုတည်းသောကလပ်တော့မဟုတ်ခဲ့ပဲ တော့တင်ဟမ်ဟော့စပါးရဲ့ဘော့စ်ကွန်တီကလဲ ဝေးလ်စတားကိုအလိုရှိနေပြီး ကလပ်ကိုတတိယအကြိမ်မြောက်ပြန်လာဖို့အတွက် စိတ်ဝင်စားနေပါတယ်။

ဆော်ဒီပိုင်ကလပ် နယူးကာဆယ်၊ ဂျာရတ်နဲ့အတူ ပြန်လည်တည်ဆောက်နေတဲ့ ဗီလာ၊ တန်းတက်လာတဲ့ချန်ပီယံလိဂ်ချန်ပီယံဟောင်း နော်တင်ဟမ်ဖောရက်စ်စတဲ့ကလပ်တွေကလဲ ဘေးလ်ကိုအလိုရှိနေကြတယ်လို့သိရပါတယ်။ ရီရဲမက်ဒရစ်တို့ရဲ့ ဒါဘီပြိုင်ဘက်အသင်းတသင်းဖြစ်တဲ့ ဂီတာဖေးတို့ကလဲ ဘေးလ်ကိုကမ်းလှမ်းထားကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ဒါကဘယ်လိုဖြစ်လာမလဲဆိုတာကတော့မသိရသေးပါဘူး။

ဒါ့အပြင် သူ့ရဲ့ဇာတိမြေကကလပ်ဖြစ်တဲ့ ကားဒစ်ဖ်တို့ကလဲ ဘေးလ်ကိုချန်ပီယံရှစ်ဆီခေါ်ယူဖို့အတွက်ကြိုးပမ်းနေပြီး ကစားသမားကလဲ အရာအားလုံးဖြစ်နိုင်နေတဲ့သဘောမျိုးအခုလိုပြောကြားထားခဲ့တာဖြစ်ပါတယ်။ “ကမ္ဘာ့ဖလားက ကျနော့်အပြောင်းအရွှေ့ပေါ်မှာ လွှမ်းမိုးနေပါတယ်။ ကမ္ဘာ့ဖလားမှာကစားဖို့ဆိုတဲ့ အမြင်တခုပဲရှိနေကြမှာဖြစ်ပြီး ဒါကဘာလို့လဲဆိုတော့ ဘောလုံးလောကရဲ့အဓိကအကျဆုံးပြိုင်ပွဲကြီးတခုမို့လို့ပါပဲ။ ဒီမှာ ကစားသမားတိုင်းပါဝင်ကစားချင်ကြပြီး သူတို့ကိုသူတို့စမ်းသပ်ချင်နေကြပါတယ်။”

“ကျနော်လဲ ကမ္ဘာ့ဖလားမှာသွားကစားနိုင်ဖို့အတွက် ကျနော်တတ်နိုင်သမျှ ကြံံ့ခိုင်မှုရှိနေချင်ပါတယ်။ ကျနေ်ာသာပုံမှန်ဘောလုံးကစားနေရမယ်ဆိုရင် ကျနော့်ရဲ့ဘော်ဒီက ပိုပြီးတော့ဒူပေနာပေခံလာမှာဖြစ်ပြီး ပိုပြီးကြံ့ခိုင်ကောင်းမွန်လာမှာပါ။ ခင်ဗျားအနေနဲ့ အသင်းတသင်းမှာပါလိုက်မပါလိုက်ဖြစ်နေတာက အရမ်းကို ရင်ဆိုင်ရခက်ခဲတဲ့အနေအထားမျိုးပါပဲ။ ကျနော်ပွဲတွေကစားဖို့လိုနေပြီး ဒါဆိုရင် ကျနော်အဲ့ဒီကိုသွားဖို့အတွက် အဆင်သင့်ဖြစ်နေမှာပါ။”

“ကျနော်ပိုက်ဆံအတွက် ဘောလုံးကစားနေတာမဟုတ်ဖူးဆိုတာအထင်အရှားပါပဲ။ ကျနော်ရောက်နေမဲ့ကလပ်ကိုကူညီရင်းနဲ့ ကျနော်ဘောလုံးအမြဲတမ်းကစားချင်ပြီး ဒါမှလဲ ပြိုင်ပွဲအတွက် ကျနော်ကြံ့ခိုင်မှုရရှိမှာဖြစ်ပါတယ်။ ကျနော်သွားမဲ့ဘယ်ကလပ်မဆို ဒါက သူလဲအဆင်ပြေ ကိုယ်လဲအဆင်ပြေ ဝင်းဝင်း ဖြစ်လာမှာပါ ဘာလို့လဲဆိုတော့ ကျနော်က ကစားနေရမယ်။ ကောင်းကောင်းကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ကျနော့်ကိုယ်ကျနော်လဲ ကမ္ဘာ့ဖလားကစားဖို့အတွက် အဆင်သင့်ဖြစ်လာစေမယ်လေ။”

“ကျနော်ဘယ်သူနဲ့မှမပြောထားရသေးပါဘူး။ ကျနော်ဒါကို အများကြီးလဲတွေးမထားရသေးဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ခြေစစ်ပွဲအောင်ပြီးတာ လေးငါးခြောက်ရက်လောက်ပဲရှိသေးတာမို့လို့လေ။ ကျနော့်မှာ နွေရာသီအားလပ်ရက်ရှိသေးတယ်။ ကျနော့်မိန်းမ၊မိသားစု၊အေးဂျင့်တို့နဲ့စကားပြောဖို့အချိန်တွေအများကြီးရှိနေပါသေးတယ်။”

“ဒီလိုမျိုး စကားပြောဆိုဆွေးနွေးမှုတွေဟာ နိုင်ငံတကာပွဲကာလပြီးဆုံးသွားတာနဲ့ရှိလာမှာဖြစ်ပြီး ဘယ်ကိုကျနော်သွားချင်သလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။ ဒါက ၆လလား၊တနှစ်လား၊၂နှစ်လား ဘာစာချုပ်ဖြစ်မလဲဆိုတာအတွက် ကျနော့်မှာ အိုင်ဒီယာမရှိသေးဘူး။ ကျနော့် စားပွဲမှာထိုင်ပြီးတော့ ဘယ်အရာက ကျနော့်ကိုစိတ်လှုပ်ရှားမှုအပေးနိုင်ဆုံးလဲဆိုတာကို ကြည့်ပြီး ကျနော်ဘာလုပ်ချင်သလဲဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။” လို့ပြောကြားထားခဲ့ပါတယ်။