လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ မန်ချက်စတာစီးတီး၊ ချယ်လ်ဆီး သို့မဟုတ် မန်ချက်စတာယူနိုက်တက်ဆီပဲဖြစ်စေ သွားဖို့အတွက် မိုဆာလာက လီဗာပူးတို့ကို တကယ်ပဲစွန့်ခွာနိုင်ပါသလား။ ၂၀၁၇ မှာ ရိုးမားကနေ ပေါင် ၃၇ သန်းနဲ့ လီဗာပူးကိုခေါ်ခဲ့ပြီးနောက် ယာဂင်ကလော့ရဲ့လက်အောက် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လီဗာပူးတို့ရဲ့အောင်မြင်မှုတွေမှာ မိုဆာလာက အဓိကကျတဲ့အခန်းကဏ္ဍတခုနဲ့ပါဝင်ခဲ့ပါတယ်။

လီဗာပူးတို့အတွက် များပြားတဲ့ဂိုးပမာဏအဖြစ် ၁၅၆ ဂိုးတောင်သွင်းထားပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား စတဲ့ဖလားစုံကို ရရှိခဲ့ဖူးပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အန်ဖီးလ်ကအချိန်ကာလဟာ အဆုံးသတ်တခုဆီ နီးကပ်လာခဲ့ပြီဆိုတဲ့ယူဆချက်တွေရှိနေပါတယ်။ အီဂျစ်သားနဲ့ ရီးယဲ၊ ဘာကာတို့လိုအသင်းတွေ ချိတ်ဆက်နေတာ ကြာခဲ့ပြီဖြစ်ပေမဲ့ သူက ပရီးမီးယားလိဂ်မှာပဲဆက်နေဖို့ ပိုလိုလားနေတယ်လို့ အက်သလက်တစ်မီဒီယာကဖော်ထုတ်ခဲ့ပါတယ်။ ဒီတော့ အဓိပ်ပါယျကတော့ လီဗာပူးမဟုတ်တဲ့အခြားအသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ ချယ်လ်ဆီး၊ မန်ယူ စတဲ့အသင်းတွေဆီ သွားနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒါကတကယ်ဖြစ်လာနိုင်ပါသလား။

လီဗာပူးကို ဆာလာ တကယ်စွန့်ခွာမှာလား။ ။ ဆာလာ-လီဗာပူးဆာဂါက ရှေ့ဆက်နေဆဲဖြစ်ပါတယ်။ ဆာလာက နောက်ရာသီ အန်ဖီးလ်မှာပဲဆက်ရှိနေမယ်ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ပြောထားလို့ပါ။ အဲဒါပြီးရင် ကြည့်ကြတာပေါ့ဗျာ။ လို့ သူကမထိတထိပြောခဲ့ပါသေးတယ်။ သူ့ရဲ့လီဗာပူးစာချုပ်က နောက်ဆုံး ၁၂ လထဲကိုဝင်လာပြီဖြစ်ပြီး နှစ်ဘက်ကြားမှာ အဖြေတခုရဖို့လက္ခဏာလည်း မရှိနေဆဲပဲဖြစ်ပါတယ်။ သူူက ဖရီးအေးဂျင့်အဖြစ်ထွက်ခွာမှာဆိုရင် ပရီးမီးယားလိဂ်မှာပဲဆက်နေဖို့ ပိုလိုလားတယ်လို့ အခုလိုသိလိုက်ရတဲ့အခါ စိတ်ဝင်စားစရာကောင်းသွားခဲ့ပါတယ်။

ဒါဟာ မန်စီးတီး သို့မဟုတ် ချယ်လ်ဆီးကိုသွားဖို့ တဘက်လှည့်နဲ့ လမ်းဖွင့်လိုက်တာပါပဲ။။ မန်ချက်စတာယူနိုက်တက်ကိုတော့ သူမသွားမှာသေချာပါတယ်၊ ပြီးတော့ တော့တင်ဟမ်၊ အာဆင်နယ်နဲ့ နယူးကာဆယ်တို့လိုအသင်းတွေကလည်း သူ့လိုအပ်ချက်တွေကို စိတ်ကျေနပ်မှုပေးမှာမဟုတ်ပါဘူး။ လက်ရှိအခြေအနေအရ မာနေးကထွက်ခွာတော့မှာဖြစ်လို့ လီဗာပူးတို့က ဆာလာကို နောက်ရာသီပိုလိုအပ်မှာဖြစ်ပါတယ်။

သူ့ရဲ့ပရော်ဖက်ရှင်နယ်ပီသမှု၊ ချိန်ဆတတ်မှုနဲ့ အစွမ်းတည်ငြိမ်မှုတွေကိုတော့ လီဗာပူးတို့ယုံကြည်ထားနိုင်တာ သချောပေါက်ပါ။ နောက်ရာသီမှာလည်း ဂိုးသွင်းသူစာရင်းမှာ ထိပ်ဆုံး သို့မဟုတ် ထိပ်ဆုံးနားတဝိုက်မှာ တခါထပ်ပေါ်ထွက်လာဦးမှာပါပဲ။ ဒါပေမဲ့ အဲဒီကကျော်လွန်တဲ့အခါမှာတော့ ဇာတ်လမ်းကဘယ်ကိုဦးတည်နေလဲ ဘယ်သူမှမသိနိုင်ပါဘူး။ အက်တီဟက်လား၊ စတန်းဖို့ဒ်ဘရစ်ချ်များလား။

ဆာလာရဲ့စာချုပ်အခြေအနေက ဘယ်လိုလဲ။ ။ လက်ရှိအနေအထားအရ၊ ၂၀၂၃၊ ဇွန် ၃၀ မှာ ဆာလာရဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီး ဖရီးအေးဂျင့်ဖြစ်လာတော့မှာပါ။ သက်တမ်းတိုးဖို့ဆွေးနွေးမှုတွေ ရှေ့ဆက်နေတယ်လို့ ကစားသမားကိုယ်တိုင်ရော ကလော့ကပါ အတည်ပြုထားပါတယ်၊ ဒါပေမဲ့ အဆုံးသတ်သဘောတူညီချက်တခုကိုရောက်ဖို့ လက္ခဏာတစုံတရာမရှိသေးပါဘူး။

ဆာလာက ဆက်နေချင်ပါတယ်၊ ဒါကို သူတလျှောက်လုံးရှင်းအောင်ပြထားခဲ့ပါတယ်၊ ဒါ့အပြင် ၂ နှစ်သက်တမ်းတိုးချင်တဲ့ဆန္ဒရှိတယ်ဆိုတဲ့ သတင်းအရ အန်ဖီးလ်မှာဆက်ရှိနေချင်တဲ့သူ့ဆန္ဒက အားကောင်းပုံရပါတယ်။ ဒါပေမဲ့ စာချုပ်ရဲ့နှစ်သက်တမ်း သို့မဟုတ် မမြင်ရတဲ့အမွေအနှစ်ကိစ္စတွေနဲ့စာရင် ဒီနေရာမှာ ပိုက်ဆံက အဓိကသော့ချက်ဖြစ်နေပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းကစားသမားတွေထဲကတဦးလို လစာမျိုး ဆာလာနဲ့သူ့အေးဂျင့်၊ ရမ်မီအာဘတ်စ်အစ်စာတို့က လိုချင်နေကြပါတယ်။ ဒါကို လီဗာပူးတို့က ကမ်းလှမ်းထားပြီးပြီလို့ ယုံကြည်ပါတယ်၊ ဒါပေမဲ့ ဆာလာအဖွဲ့က ဒီအချက်ကို သဘောမတူပါဘူး။ သူတို့က ဒီ့ထက်ကိုပိုလိုချင်သေးတာပါ။ ဒီနွေမှာ ဆာလာထွက်ခွာဖို့ကတော့ မဖြစ်နိုင်ဘူးဆိုတာ အရင်ကတည်းက သိသာခဲ့ပါတယ်။ အဓိကကတော့ ရွေးချယ်ဖို့ လောက်လောက်လားလားကမ်းလှမ်းမှုမရှိသေးတာကြောင့်ပါ။

ဒါပေမဲ့ သူ့ရဲ့ကာလရှည်အနာဂါတ်ကတော့ မရေမရာဖြစ်နေဆဲဖြစ်ပြီး အခုဆိုရင် သူ့ရဲ့အနေအထားကို လီဗာပူးတို့ရဲ့အဓိကပြိုင်ဘက်များက အနီးကပ်စောင့်ကြည့်ကြတော့မှာဖြစ်ပါတယ်။ ဒါဟာ ဆာလာကိုယ်စားလှယ်အဖွဲ့ရဲ့ အကွက်ရွှေ့အကြပ်ကိုင်မှုတခုအဖြစ် လီဗာပူးပရိသတ်များကရှုမြင်ကြပြီး နောက်ရာသီမှာ တပြားမှမရဘဲလွှတ်ရမယ့်အစား ဒီရာသီမှာတင် ဈေးကောင်းနဲ့ရောင်းလိုက်ဖို့ တောင်းဆိုနေကြပါတယ်။