လီဗာပူးလ်အသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ၁၆ ကြိမ်မြောက် ကွန်မြူနတီဒိုင်းဖလားကို ကင်းပါဝါအားကစားကွင်းကြီးမှာ ရယူနိုင်ခဲ့ပြီး FA ဖလားလက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ပြောစရာဖြစ်ကျန်ရစ်ခဲ့တဲ့ အချက် ၅ ချက်ကို ကြည့်လိုက်ကြရအောင်ဗျာ။

(၁) အဆုံးမသတ်သေးတဲ့ ဖာမီနို။ ။ တံကောက်ကြောဒဏ်ရာကြောင့် ကွန်မြူနတီဒိုင်းပွဲစဉ်ကို လွဲချော်မယ့် ဒီယိုဂို ဂျိုတာနဲ့ ဆာဒီယို မာနေးကလည်း အသင်းကနေ ထွက်ခွါသွားခဲ့တာကြောင့် အကုန်လုံးက ဒီပွဲမှာ အထောင်တိုက်စစ်ကစားသမားအဖြစ် ပေါင်သန်း ၈၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဒါဝင် နူးညက်ဇ်ပဲ ပါဝင်လာမှာလား၊ ဖာမီနိုကပဲ တိုက်စစ်ကို ဦးဆောင်မှာလားဆိုတာ သိချင်နေခဲ့ကြတာဖြစ်ပြီး ပွဲထွက်လူစာရင်းမှာတော့ ဖာမီနိုကသာ အထောင်တိုက်စစ်ကစားသမားအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း ယူဗင်တပ်စ်အသင်းနဲ့ အပြောင်းအရွှေ့သတင်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေခဲ့ပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးကတော့ အသင်းမှာ ဆက်ရှိဦးမယ့်ပုံပေါ်နေပြီး ဒီပွဲမှာလည်း အထင်ကြီးစရာ စွမ်းဆောင်ရည်တွေကို ပြသခဲ့သလို လူးဝစ္စ ဒီယာ့ဇ်နဲ့ မိုဟာမက် ဆာလားတို့နဲ့လည်း အချိတ်အဆက်မိမိကစားနိုင်ခဲ့ချိန်မှာတော့ သူ့ကိုကြည့်ရတာ လီဗာပူးလ်ဂျာစီနဲ့ အဆုံးမသတ်သေးတဲ့ပုံပါပဲ။

(၂) အဆင့်အတန်းကို ပြသခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်။ ။ ဘောလုံးရာသီသစ်တဲ့လား။ အရင် အလက်ဇန်းဒါး-အာနိုးလ်ဒ်ပါပဲ။ အသက် ၂၃ နှစ်အရွယ်ညာနောက်ခံလူကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းအတွက် အထင်ကြီးစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုးပါဝင်ပတ်သက်မှု ၂၁ ဂိုးအထိ ရှိခဲ့သလို ဒီပွဲမှာလည်း ပုံစံကောင်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပါတယ်။ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အဖွင့်ဂိုးကတော့ တကယ့်ကို အဆင့်အတန်းမြင့်တဲ့သွင်းဂိုးလို့ ဆိုရမှာဖြစ်တယ်ဆိုပေမယ့်လည်း သူ့ကန်ချက်က မန်ချက်စတာစီးတီးခံစစ်မှူး နေသန် အာကီနဲ့ ထိပြီးမှ လမ်းကြောင်းပြောင်းကာ ဂိုးပေါက်ထဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ကတော့ ဘောလုံးကို ဘယ်လိုဂိုးပေါက်နဲ့ မိတ်ဆက်ပေးရမှာလဲဆိုတာ သိနေခဲ့ပုံပေါ်သလို ဒါကို ပင်နယ်တီဧရိယာပြင်ပကနေပဲ လုပ်ဆောင်သွားခဲ့တာဖြစ်ပြီး သူ့ကန်ချက်ကတော့ အတွင်းတိုင်နဲ့တိုက်ကာ ဂိုးထဲဝင်သွားခဲ့တာဖြစ်သလို တစ်ပွဲလုံးလည်း မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်တောင်ပံတိုက်စစ်ကစားသမား ဂျက်ခ် ဂရီးလစ်ရှ်ကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။

(၃) ပရိသတ်တွေကို သွင်းဂိုးနဲ့ မိတ်ဆက်ခဲ့တဲ့ အဲလ်ဗာရက်ဇ်။ ။ မန်ချက်စတာစီးတီးအသင်းအနေနဲ့ နိုင်ပွဲမရခဲ့ဘူးဆိုပေမယ့်လည်း တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်အတွက်တော့ အမှတ်ရစရာပွဲတစ်ပွဲဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာမှ လူစားဝင်ကစားခဲ့တာဖြစ်ပေမယ့်လည်း အာဂျင်တိုင်းတိုက်စစ်မှူးကတော့ လူစားဝင်ပြီး သိပ်မကြာခင်မှာတင် သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်သလို အသင်းဖော်တိုက်စစ်ကစားသမား ဖီးလ် ဖိုဒန်ရဲ့ ကန်ချက်ကတစ်ဆင့် လီဗာပူးလ်ဂိုးသမား အေဒရီယန်နဲ့ထိကာ ပြန်ထွက်လာတဲ့ဘောလုံးကို ခပ်မြန်မြန်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာဆိုရင် သူ့ရဲ့ထက်မြက်မှုကို တွေ့မြင်ရမှာဖြစ်ပြီး ဒီဂိုးရဖို့အတွက် ကစားကွက်တည်ခဲ့ရာမှာလည်း အသင်း‌ဖော် အာလင်း ဟော်လန်းနဲ့ ကိုင်လ် ဝေါ်လ်ကာတို့နဲ့လည်း အကောင်းဆုံးချိတ်ဆက်ကစားခဲ့သလို ဂိုးသွင်းယူနိုင်ခဲ့တာက ရာဟီးမ် စတာလင်းနဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ ထွက်ခွါသွားခဲ့တဲ့ တိုက်စစ်ပိုင်းအတွက် အကောင်းဆုံးဖြည့်တင်းမှုတစ်ရပ်ဆိုတာ သက်သေပြခဲ့တဲ့ပွဲတစ်ပွဲပါပဲ။

(၄) နာမည်ကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ ဟော်လန်းနဲ့ နူးညက်ဇ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု။ ။ ဒေါ့မွန်အသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဟော်လန်းအနေနဲ့ အင်္ဂလိပ်ဘောလုံးလောကနဲ့ ဘယ်လောက်အသားကျမှာလဲဆိုတာ စောင့်ကြည့်နေကြတဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေဆိုတာကလည်း ဒုနဲ့ဒေးမဟုတ်ပါလား။ ဟော်လန်းကိုယ်တိုင်ကလည်း ဘိုင်ယန်မြူးနစ်လိုအသင်းနဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ၁ ဂိုးတည်းသော အနိုင်ဂိုးကို ပွဲချိန်အစောပိုင်းမိနစ်မှာ သွင်းယူထားနိုင်ခဲ့တော့ အကုန်လုံးရဲ့မျှော်လင့်ချက်တွေကလည်း မြင့်သည်ထက်မြင့်လာခဲ့တာဖြစ်ပြီး ဒီပွဲမှာတော့ ပွဲပြီးခါနီးလေး ပွဲချိန် ၉၇ မိနစ်မှာ သေချာပေါက်သွင်းဂိုးရယူနိုင်ခဲ့သင့်ပေမယ့်လည်း အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။

ဒီအချိန်မှာ ဟော်လန်းလိုပဲ လူအများစုရဲ့စောင့်ကြည့်မှုကိုခံနေရတဲ့ နူးညက်ဇ်ကတော့ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ အပိုင်အခွင့်အရေးတစ်ကြိမ်ကိုတော့ ဖြုန်းတီးခဲ့သလို ရံဖန်ရံခါ ဘောလုံးအပျက်များနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အတွက် ပျော်စရာတွေကိုတော့ သူကိုယ်တိုင်ဖန်တီးနိုင်ခဲ့ပြီး တစ်ဖက် ၁ ဂိုးစီ သရေကျနေချိန်မှာ အသင်းအတွက် ဦးဆောင်ဂိုးဖြစ်စေမယ့် ပင်နယ်တီကလည်း သူ့ရဲ့ခေါင်းတိုက်ဘောကနေတစ်ဆင့် ရရှိခဲ့တာဖြစ်ပြီး အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကိုလည်း ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ရဲ့ ပေးပို့မှုကတစ်ဆင့် အနီးကပ်ခေါင်းတိုက်အဆုံးသတ်နိုင်ခဲ့သလို အင်္ကျီချွတ်ကာ အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်တော့ ရရှိခဲ့ပါသေးတာကြောင့် ဟော်လန်းထက်စာရင် ဒီပွဲမှာအများကြီး အစွမ်းအစထုတ်ပြနိုင်ခဲ့ပါတယ်။

(၅) အော်ဟစ်လှောင်ပြောင်ခဲ့ကြတဲ့ လီဗာပူးလ်ပရိသတ်တွေ။ ။ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေကတော့ ပွဲစဉ်စတင်မကစားမီ နိုင်ငံတော်သီချင်းဆိုတဲ့အချိန်မှာ အော်ဟစ်လှောင်ပြောင်တဲ့အစဉ်အလာကို ဒီပွဲမှာလည်း ဆက်လက်ကျင့်သုံးခဲ့ပြီး အချို့ကတော့ ဒီပရိသတ်တွေက ဒီတေးသွားအတွက် ဘာကြောင့် ဆန့်ကျင်နေကြတာလဲလို့ မေးခွန်းထုတ်နေကြပေမယ့်လည်း ၁၉၈၀ ခုနှစ်တွေဝန်းကျင်ကတည်းက အစပြုခဲ့တဲ့ ကိစ္စတွေလို့ ဆိုရမှာပါ။

အပြောနဲ့ပဲလုပ်နေတဲ့အစိုးရကို ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေအပြင် ဟေးလ်စ်ဘားရားဖြစ်ရပ်ဆိုးအပြီးမှာတော့ ဒီလိုပြင်းထန်တဲ့ဆန့်ကျင်မှုတွေက တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသလို တစ်နိုင်ငံလုံးနဲ့ တစ်မြို့ ဖြစ်ခဲ့ရတာပါ။ ပွဲမစခင်မှာ လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေကတော့ နိုင်ငံတော်သီချင်းကို နှိုးဆော်သံတွေနဲ့အတူ “F**k the Tories” လို့အော်ဟစ်ကာ ကြွေးကြော်ခဲ့ကြပြီး အများစုအတွက် သို့လော သို့လောဖြစ်စေမယ့် အဖြစ်အပျက်မျိုးဖြစ်ခဲ့သလို အဆိုပါဖြစ်ရပ်မျိုးကို ပြီးခဲ့တဲ့မေလတုန်းက ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ FA ဖလားဗိုလ်လုပွဲတုန်းကလည်း တစ်ထပ်တည်းဖြစ်ပျက်ခဲ့သေးတာပါ။