၁) တာစတီဂျန်။ ။ ဘာစီလိုနာဂိုးသမား မက်အန်ဒါ တာစတီဂျန်ဟာ ဘောလုံးအားကစားရဲ့ ပရိတ်သတ်တစ်ဦးမဟုတ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဘောလုံးသမားတစ်ယောက်က ဒီလိုစကားမျိုးပြောတာဟာ ထူးဆန်းနေပါလိမ့်မယ် ။ဒါပေမယ့် တာစတီဂျန်ဟာ ဘောလုံးကိုစိတ်မဝင်စားတဲ့ ပထမဆုံးသောဘောလုံးသမား မဟုတ်ပါဘူး။ ဘောလုံးသမားတိုင်းဟာ ဘောလုံးကို ချစ်မြတ်နိုးတယ်လို့ လူအများက သတ်မှတ်ထားကြတာပါ။ လက်ရှိ ကမ္ဘာ့ထိပ်တန်း ဂိုးသမားတစ်ဦးဖြစ်သူ တာစတီဂန်ကဒေးလီးမေးလ်သတင်းဌာနကို တခါကယခုလိုပဲ ပြောဆိုခဲ့ပါတယ်။

“ဘောလုံးနဲ့ပက်သက်ပြီး စိတ်မဝင်စားတဲ့အကြောင်းကို ကျွန်တော် ပြောရင် လူတွေက ရယ်ကြပါတယ်။ ဘောလုံးပွဲတွေကိုလည်း ကျွန်တော် သိပ်မကြည့်ဖြစ်ပါဘူး။ အချို့ ပွဲကောင်းတွေကိုတောင်ကျွန်တော်မကြည့်ပါဘူး။ ကျွန်တော့်မှာလည်း သူငယ်ချင်းကောင်းတွေရှိသလို သူတို့နဲ့အချိန်ဖြုန်းနေရင် ဘောလုံးပွဲတွေ မကြည့်ဖြစ်ပါဘူး။ တစ်ခါတစ်လေကျရင် သူတို့မေးတဲ့ ဘောလုံးသမားနာမည်တွေကိုကျွန်တော်မသိပါဘူး။”

” ဥပမာအနေနဲ့ လာလီဂါပြိုင်ပွဲက ကစားသမားနာမည်တွေကို မေးလာခဲ့ရင်တောင် ကျွန်တော်မသိပါဘူး။ဒါပေမယ့် အဲ့ဒီကစားသမားတွေရဲ့ ဗီဒီယိုဖိုင်ကိုပြလိုက်ရင်တော့ ကျွန်တော်သူတို့ကို ကောင်းကောင်းသိပါတယ်။ အဲ့ဒီကစားသမားတွေရဲ့ ကွင်းအတွင်းလှုပ်ရှားပုံတွေ၊ဂိုးပေါက်ကိုဘယ်လိုကန်တယ်ဆိုတာတွေကိုတော့ ကျွန်တော်မှတ်မိပါတယ်။ ကစားသမားတွေကို ခွဲခြမ်းလေ့လာတဲ့အချိန်မှာတော့ ကျွန်တော့်ပုံံက သူများတွေနဲ့မတူပဲ အနည်းငယ်ထူးဆန်းပါတယ်။”စသဖြင့် တာစတီဂျန်ကရှင်းပြခဲ့ပါတယ်။

၂) ဂါရတ်ဘေးလ်။ ။ ဝေးလ်-ဂေါ့ဖ်-မက်ဒရစ်။ ဒီစာသား ရေးထိုးထားတဲ့ အလံကိုခါးမှာပတ်ပြီးတော့ ဂါရတ်ဘေးလ်က အောင်ပွဲခံခဲ့ဖူးပါတယ်။ အဆိုပါလုပ်ရပ်ကြောင့် ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒေါသထွက်မှုကိုခံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလတုန်းကလည်း နေမာနဲ့ အမ်ဘတ်ပီတို့ရဲ့အကြောင်းကိုမေးမြန်းခဲ့တဲ့အချိန်မှာ ဂါရတ်ဘေးက”ကျွန်တော်ဘောလုံးပွဲတွေကို သိပ်မကြည့်ဖြစ်ပါဘူး။ဂေါ့ဖ် ပွဲတွေပဲ ပိုကြည့်ဖြစ်ပါတယ်”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

၃) ကားလို့စ်တိဗက်။ ။ ကားလို့စ်တိဗက်ဟာ ဘောလုံးထက် ဂေါ့ဖ်ကစားရခြင်းကို ပိုမို ကြိုက်နှစ်သက်တဲ့ နောက်ထပ် နာမည်ကျော်ဘောလုံးသမားတစ်ဦးပါ။ ၂၀၁၈ အောက်တိုဘာလတုန်းက အာဂျင်တီးနားလက်ရွေးစင်ဟောင်း ကားလို့တိဗက်က သူဟာ ဘောလုံးကစားတာကိုပဲကြိုက်ပြီး ဘောလုံးပွဲကြည့်ရတာကို မကြိုက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ် အယ်လ်ကလက်စီကိုပွဲနဲ့ ဂေါ့ဖ်ပွဲစဉ် လာတိုက်နေရင် ကျွန်တော်ကတော့ ဂေါ့ဖ်ပွဲကိုပဲကြည့်မှာပါ။ ကျွန်တော့်အနေနဲ့ဘောလုံးပွဲတွေကို တီဗီကနေ ကြည့်လေ့မရှိပါဘူး။ ကျွန်တော်ဘောလုံးကိုမကြိုက်ပါဘူး။ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဘောလုံးပရိတ်သတ်တစ်ယောက်မဟုတ်ခဲ့ပါဘူး။ကျွန်တော်သိတာကတော့ ဘောလုံးကို ကျွန်တော့်ခြေထောက်ထဲမှာထားပြီး ကောင်းကောင်း ကစားမယ်၊ဒါပါပဲ”လို့ ကားလို့စ်တိဗက် က ပြောဆိုခဲ့ပါတယ်။

၄) ဘန်းနွိုက် အက်စ်ဆူး အီကော်တို။ ။စပါးအသင်းမှာ ၉နှစ်ကြာကျင်လည်ခဲ့တဲ့ အီကော်တိုက ဘောလုံးကစားတာဟာ အလုပ်သဘောသာဖြစ်ပြီး အဲ့ဒီထက်မပိုဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂါးဒီးယန်းသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ အီကော်တိုက သူဟာ ပိုက်ဆံအတွက်ပဲ ဘောလုံးကန်နေတာဖြစ်ကြောင်းကို ရိုးရိုးသားသား ဝန်ခံပြောဆိုခဲ့ပါတယ်။ “ကျွန်တော်အင်္ဂလန်ကို ရောက်စတုန်းက ဘယ်သူနဲ့မှမသိသလို ၊အင်္ဂလိပ်စကားတောင်မပြောတတ်ပါဘူး။ဒါပေမယ့် အင်္ဂလန်ကို လာတာဘာကြောင့်လဲ? အလုပ်ကြောင့်ပါ။”

“ကစားသမားသက်တမ်းဟာ ၁၀နှစ် ၁၅နှစ်လောက်ပါ။ဒါကလဲ လုပ်ငန်းသဘောအရပါပဲ။ဟုတ်ပါတယ် ဒါဟာ အလွန်ကောင်းတဲ့ အလုပ်ပါ။ ကျွန်တော့်အနေနဲ့ ဘောလုံးကိုမုန်းတယ်လို့တော့ မဆိုချင်ပါဘူး ၊ဒါပေမယ့် ဘောလုံးကို ကျွန်တော် ဝါသနာမပါပါဘူး။ လေ့ကျင့်ရေးကွင်းကို မနက်၁၀ ခွဲဆိုရင် ကျွန်တော်ရောက်ပါပြီ။ကျွန်တော်ဟာ ပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ နေ့လယ် တစ်နာရီမှာ လေ့ကျင့်ခန်းအစီအစဉ် ပေးပြီဆိုတာနဲ့ ကျွန်တော်ဟာဘောလုံးကို ဆက်မလေ့ကျင့်တော့ပါဘူး။လုပ်ငန်းခွင်မှာဆိုရင် ကျွန်တော်ဟာ ၁၀၀ရာခိုင်နှုန်း အလုပ်လုပ်ပါတယ်။ကျွန်တော်ဟာ လန်ဒန်ကိုလာတဲ့ တိုးရစ်တစ်ယောက်နဲ့တူပါတယ်။ကျွန်တော့်မှာ အကြွေးဝယ်ကတ်မရှိသလို၊ ကျွန်တော်ဟာ မြေအောက် မီးရထားကိုပဲစီးလေ့ရှိပါတယ်။”လို့ အီကော်တိုကဖွင့်ဟခဲ့ပါတယ်။

၅) ဒေးဗစ်ဘန်တလေ။ ။ဒေးဗစ်ဘန်တလေဟာ အရည်အသွေးရှိတဲ့ ဘောလုံးသမားတစ်ဦးဖြစ်ပေမယ့် စောစောစီးစီးပဲ အားကစားလောကနဲ့ လမ်းခွဲခဲ့ရပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟောင်း ဘန်တလေဟာ ၂၀၀၄ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ဘန်တလေဟာ သူအနားယူခဲ့တဲ့အချိန်က အသက်၂၉နှစ်သာရှိသေးပြီး “ဘောလုံးပွဲတွေကိုချစ်မြတ်နိုးတဲ့စိတ် ကုန်ဆုံးသွားခဲ့ပြီ”လို့ ပြောဆိုခဲ့ပါတယ်။ အနားယူပြီး နောက် ဘန်တလေဟာ မာဘယ်လာဒေသမှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်။ သူ့အကြောင်းနဲ့ပက်သက်ပြီး ဘန်တလေက အခုလိုပဲရှင်းပြသွားခဲ့ပါတယ်။

“အရိုးသားဆုံးပြောရရင် ဘလက်ဘန်းအသင်းမှာကစားစဉ်ကတည်းက ဘောလုံးကစားတာနဲ့ပက်သက်ပြီး သံသယဝင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး ပြန်စဉ်းစားဖို့ ကျွန်တော့်ကို လူအများက ပြောဆိုခဲ့ကြပါတယ်။ ကျွန်တော်မှတ်မိသေးတယ်။ကျွန်တော့်ခွေးနဲ့ လမ်းလျှောက်ထွက်တုန်းက စဉ်းစားမိတာက”ဘောလုံးက ကျွန်တော့်အတွက်မဟုတ်ဘူး”ဆိုတာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ပျက်နေခဲ့တာကို ကျွန်တော်မှတ်မိပါသေးတယ်။အဲ့ဒီအချိန်တုန်းက ကျွန်တော့်ကိုယ်ကျွန်တော်ပြောခဲ့တယ်၊”မင်းဘာဖြစ်နေတာလဲ၊ ဘောလုံးကစားတာကို ချစ်မြတ်နိုးသင့်တယ်”လို့ပေါ့။ နောက်ဆုံးမှာတော့ ကျွန်တော်ဘောလုံး ကစားတာနဲ့ ပက်သက်ပြီးစိတ်ကုန်လာပါတယ်။ လူတွေက ခင်ဗျားမလုပ်ချင်တဲ့အရာတွေနဲ့ပက်သက်ပြီး ခင်ဗျားကိုယ်ခင်ဗျား ရောင်းစားခိုင်းနေတာပါ”လို့ ဘန်တလေက ပြောဆိုခဲ့ပါတယ်။

၆) ဘော်ဘီ ဇာမိုရာ။ ။ဘော်ဘီ ဇာမိုရာဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၀/၁၁ဘောလုံးရာသီမှာ ၂ကြိမ်ကစားခဲ့ပါတယ်။ သန်းချီတဲ့ ကလေးတွေရဲ့ အိပ်မက်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ချင်ကြတာဖြစ်ပေမယ့် ၊ ဇာမိုရာအတွက်တော့မဟုတ်ခဲ့ပါဘူး။ ၂၀၁၂ခုနှစ်က ဒေးလီးမေးလ်သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျူးအစီအစဉ်မှာ ဇာမိုရာက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်ဟာ ဘောလုံးပရိတ်သတ်တစ်ဦးမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဘောလုံးပွဲတွေကိုလည်း လုံးဝမကြည့်ပါဘူး။ ကျွန်တော်ဘောလုံးကစားတာကနေ အနားယူရင် ဘာလုပ်ဖြစ်မယ်ဆိုတာကတာ့ မသိသေးပါဘူး။ အနားယူပြီးသွားရင်တော့ ဘောလုံးနဲ့ပက်သက်တဲ့ ကိစ္စတွေမှာ မပါဝင်တော့ပါဘူး”လို့ ဇာမိုရာက ဆိုပါတယ်။

၇) ဘာတစ်တူတာ။ ။ အာဂျင်တီးနားနဲ့ဖီအိုရင်တီးနား၊ရိုးမားလက်ဂျန့်တိုက်စစ်မှူးရဲ့ ကိုယ်တွေ့မှတ်တမ်းကို အတူတကွရေးသားခဲ့တဲ့ အလက်ဇန္ဒရို ရီရယ်လ်တီကလည်း ဘာတစ်တူတာဟာ ဘောလုံးကစားရတာကိုမကြိုက်ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ “ဘာတစ်တူတာနဲ့ ပက်သက်ပြီးအရေးကြီးတဲ့အချက်က သူဟာ အခြားသော ကစားသမားတွေနဲ့လုံးဝမတူတာပါ။ သူဟာ ဘောလုံးကို ကြိုက်နှစ်သက်ခြင်းမရှိပဲ တကယ်ကို ပရော်ဖက်ရှင်နယ်ပီသခဲ့တဲ့ ကစားသမားကောင်းတစ်ဦးပါ။

“သူဟာ အနားယူပြီးကတည်းက ဘောလုံးနဲ့ပက်သက်တာတွေကို စိတ်မဝင်စားတော့ပါဘူး။ သူဟာ စိတ်ဆတ်ပြီးထက်မြက်သူတစ်ဦးပါ။ သူ့ရဲ့ ကိုယ်ရေးအတ္ထုပတ္တိစာအုပ်ရေးနေတုန်းကလည်း ဘာတစ်တူတာဟာ ကျွန်တော့်ရုံးခန်းကိုလာပြီး သူ့မိသားစုအကြောင်းနဲ့ အာဂျင်တီးနားကသူ့ရဲ့ ဘဝဇါတ်ကြောင်းကိုပဲပြောပြနေခဲ့တာပါ။ ဘောလုံးနဲ့ ပက်သက်တဲ့ကိစ္စတွေကိုတော့ သူက” မှတ်တမ်းတွေကဒီမှာလေ ၊ ကိုယ့်ကိုယ်ကို ကြည့်လိုက်တော့”လို့ ကျွန်တော့်ကိုပြောခဲ့ပါတယ်”စသဖြင့် ရီရယ်လ်တီကဖွင့်ဟခဲ့ပါတယ်။

၈) စတက်ဖန်အိုက်ယာလန်။ ။မန်စီးတီး ကစားသမားဟောင်းအိုင်ယာလန်ဟာ နိုင်ငံလက်ရွေးစင်အသင်းကနေနှုတ်ထွက်ချင်တာကြောင့် သာ့အဖွားဆုံးတယ်ဆိုပြီး လိမ်လည်ပြောဆိုခဲ့ဖူးတဲ့အကြောင်းကို ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အိုက်ယာလန်က”ဘောလုံးကသောက်သရေးမပါဘူး။ ငါက ဘာလို့ ဒီဘောလုံးကစားနေရတာပါလိမ့်”လို့ကိုယ်တိုင်ရေးသားခဲ့ဖူးပါတယ်။