ယူနိုက်တက်က ဘရန့်ဖို့ဒ်ကို နိုင်ခဲ့တဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ရွိုင်းကိန်းက အပြင်းအထန် ဝေဖန်လိုက်တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ တစ်ရာသီလုံး ၅ ဂိုးသာသွင်းယူနိုင်ခဲ့တဲ့အထိကို ခြေစွမ်းပျက်နေတဲ့ရာသီနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ပွဲထွက်ခွင့်ဟာလည်း အကန့်အသတ်ရှိလာခဲ့ပါတယ်။ တစ်ချိန်က ယူနိုက်တက်ရဲ့ ရွှေရောင်ကစာသမားဖြစ်ခဲ့ပေမဲ့ ယခုအခါမှာတော့ သူ့ရဲ့ယူနိုက်တက်အနာဂတ်နဲ့ ပက်သက်ပြီး မေးခွန်းတွေထုတ်နေရပြီပဲဖြစ်ပါတယ်။

ယမန့်နေ့ညကပွဲနဲ့ပက်သက်ပြီး ကိန်းက “ရက်ရှ်ဖို့ဒ်က နောက်ကျကျန်နေခဲ့ပါပြီ။ သူ့ကိုယ်သူ ယုံကြည်မှုမရှိတာ သေချာပါတယ်။ ကျွန်တော်တို့သူ့ရဲ့ခြေစွမ်းကို အရင်ကမြင်ဖူးပါတယ်။ ဒါပေမဲ့ အခုမမြင်ရတာကတော့ တစ်နှစ်၊ နှစ်နှစ်လောက်ကိုရှိပါပြီ။ သူက ကွင်းပြင်းကဟာတွေနဲ့ပဲအချိန်ကုန်ပြီး ဘောလုံးကိုမကြည့်တော့ဘူးဖြစ်နေတာ။ အဲဒါကြောင့် ကျွန်တော်တို့လူငယ်ကစားသမားလေးတွေကို ကျွန်တော်တစ်ချိန်လုံးစောင့်ကြည့်နေတာပါ။

ရက်ရှ်ဖို့က ကစားနေတာလည်း နှစ်နည်းနည်းကြာနေပါပြီ။ သူ အတွေ့အကြုံတွေလည်းရှိတယ်။ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ကန်ဖူးပါတယ်။ သူက ကစားပွဲနဲ့ သိပ်ပြီးမပေါင်းစည်းနိုင်ဘူးဖြစ်နေတာ။ ရင်ကျက်လာတဲ့ပုံမပေါ်ဘူး။ လီဗာပူးနဲ့ပွဲမှာတုန်းက သူကွင်းလယ်မှာ အပြတ်များနေခဲ့တယ်။ တစ်ချို့ပွဲတွေမှာဆိုရင် သူကစားနေတာက ကလေးတစ်ယောက် ကစားနေတာနဲ့တောင်တူပါတယ်။ ကစားပွဲအကြောင်း သူမလေ့လာဘူးဖြစ်နေတာ။ ဆာလောင်မွတ်သိပ်မှုတွေ ပျောက်နေတဲ့ပုံပဲ။

လူငယ်ကစားသမားတွေက ဒီလိုပါပဲ ပိုက်ဆံတွေအများကြီးရ၊ အောက်ခြေလွတ်သွားတတ်ကြတယ်။ ဒါပေမဲ့ သူ့ဆီမှာ ကျားတစ်ကောင်လိုမျက်လုံးတွေ ပျောက်နေတယ်။ သူအဲလိုမျိုးပြန်ရအောင်လည်းရုန်းကန်နေရတယ်။ ယူနိုက်တက်ဘယ်ကိုသွားသွား ရက်ရှ်ဖို့ဒ်ကို ချန်ထားခဲ့တယ်။ တနင်္လာနေ့တုန်းကလည်း ဖယ်ထားခံရတယ်။ သူ အရန်ခုံမှာထိုင်နေရင်း တွေးနေမှာပေါ့ ‘ဘာတွေ ဘယ်လိုမှားကုန်လဲ”ဆိုပြီး၊ ဘာလို့ဆို သူပြန်ကောင်းလာတာကို ပြန်ပြနိုင်ထားတယ်လေ။

“ဒါပေမဲ့ အခွင့်အရေးဆိုတာမျိုးကလည်း ဆုံးရှုံးနေရင် ပြန်ရဖို့ခက်တယ်။ ဒီညမှာ ဆာလောင်မှုအပြည့်နဲ့ ပြေးလွှားနေတဲ့ အီလန်ဂါလိုမျိုး သူပြန်လုပ်ပြနိုင်မှရတော့မယ်။ အီလန်ဂါတို့လို ကစားသမားမျိုးလေးတွေကျတော့ နည်းနည်းလေး အပြစ်ကင်းသလို အောင်မြင်ဖို့လည်း သိပ်ဆာလောင်ကြတာ။ ရက်ရှ်ဖို့ဒ်ကျတော့ အဲလိုဆာလောင်မှု ပျောက်နေတယ်။ ကစားသမားတစ်ယောက် အဲစိတ်ရှိဖို့က အရမ်းအရေးကြီးပါတယ်။ သူ့မှာ အရည်အချင်းရှိပေမဲ့ ကျွန်တော်တို့ မတွေ့ရဘူးဖြစ်နေတယ်”လို့ ပြောသွားခဲ့ပါတယ်။