ဘရာဇီး ဘောလုံးဈေးကွက်ထဲကနေ နောက်ဆုံးတခေါက် ပြန်လာခဲ့တုန်းက အာဆင်နယ် ခေါ်လာခဲ့တဲ့ လူငယ်လေးဟာ အသင်းမှာ အဆင်ပြေခဲ့ ပါတယ် ။ သူကတော့ ဂါဘရီရယ် မာတင်နယ်လီ ပါပဲ ။ ဘရာဇီး စတုတ္ထတန်းလိဂ် က လူမသိသူမသိ ကောင်လေးတယောက် အဖြစ်ကနေ ပရီးမီးယားလိဂ်လို ကမ္ဘာကျော် ပြိုင်ပွဲကြီးဆီ သွားရောက် စွန့်စားခန်းမှာ မာတင်နယ်လီ အောင်မှတ်ရခဲ့ပြီး အဲ့ဒိအကျိုးဆက် ကတော့ ဘရာဇီး လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် ခံခဲ့ရတော့တာ ပါပဲ ။

ဘရာဇီး ရွက်ပုန်းသီးလေးတွေရဲ့ အရသာကို မြည်းစမ်းကြည့်ပြီးချိန်မှာတော့ အာဆင်နယ် ဟာ ဒီဈေးကွက် ထဲကို နောက်တကြိမ် မွှေနှောက် ရှာဖွေ ခဲ့ပြန်ပါတယ် ။ ဒီတခါမှာတော့ တနေ့မှာ ဘရာဇီး ဂျာစီကို ဝတ်ဆင်ဖို့ အိပ်မက် မက်နေတဲ့ နောက်ထပ် လူငယ်လေး တယောက်ကို သူတို့ ရှာတွေ့ ခဲ့ပြန်ပါတယ် ။ မာကွင်ဟိုစ့် ပါပဲ ။ အာဆင်နယ် ဟာ ၁၉ နှစ်သားလေး အတွက် မိခင်ကလပ် ဆာအိုပေါ်လိုကို အပေါင် ၃ သန်း နီးပါး ပေးချေရမှာ ဖြစ်ပြီး ၅ နှစ် စာချုပ်နဲ့ ခေါ်ယူမှာပါ ။

နောက်ထပ် မာတင်နယ်လီ တယောက် ဖြစ်လာမလား ဆိုတာကိုတော့ ပြောဖို့ စောနေပါသေးတယ် ။ မာကွင်ဟိုစ့် ရဲ့ အရည်အသွေးတွေထဲက အကောင်းဆုံး တခုကို ရွေးထုတ်ပြပါ ဆိုရင်တော့ အဲ့ဒါဟာ “လျှင်မြန်မှု” လို့ ဆိုရမှာပါ ။ ငယ်ရွယ်ပြီး အားအင်ပြည့်ဝတဲ့ လူငယ်လေးဟာ လျှပ်စီးလက်သလို မြန်ဆန်ပြီး သူ့ရဲ့ မြန်နှုန်းဟာ ပြိုင်ဘက် ခံစစ်တွေကြားကနေ ဖောက်ထွက်ရာမှာ အလွန် အသုံးတည့်ခဲ့ပါတယ် ။

စပါး မှာ ကစားနေတဲ့ ဘရာဇီးသား လူးကပ် မော်ရာ လို ပုံစံမျိုး ဖြစ်ပြီး မော်ရာ ၊ မာတင်နယ်လီ တို့လို အလားအလာကောင်းတွေ ရှိနေတဲ့ လူငယ်လေးတယောက်လို့ ဆိုနိုင်ပါတယ် ။ ပြီးခဲ့တဲ့ နှစ်တုန်းက ရေးဆင်း အသင်းနဲ့ ကစားခဲ့တဲ့ ကိုပါ လေဘာတာဒိုးစ် ပွဲစဉ်ဟာ မာကွင်ဟိုစ့် ရဲ့ ဘဝကို အကြီးအကျယ် ပြောင်းလဲစေတဲ့ ပွဲဖြစ်ခဲ့ ပါတယ် ။ ဘရာဇီး လူငယ် အသင်းတွေ မှာ တောက်လျောက် ပုံစံကောင်း ပြလာခဲ့ပြီး ယူ-၂၀ ကမ္ဘာ့ဖလားမှာ တောက်ပ ခဲ့တဲ့ မာကွင်ဟိုစ့် ကို ဆာအိုပေါ်လို အသင်းကြီးဆီ ခေါ်ယူ လေ့ကျင့်ပေးဖို့ လူငယ်လက်ရွေးစင် နည်းပြက ဟာနန် ခရက်စ်ပို ( ဆာအိုပေါ်လိုနည်းပြ ) ကို တိုက်တွန်းခဲ့တာပါ ။

စီနီယာ အသင်းကြီး နဲ့ လေ့ကျင့် ပညာယူရင်း မာကွင်ဟိုစ့် ဟာ ပွဲစဉ် ၃ ပွဲကို လူစားဝင် ကစားသမား အဖြစ်နဲ့ အတွေ့အကြုံ ရယူခဲ့ပါတယ် ။ အာဂျင်တီးနား မြေပေါ်ကို သွားကစားရတဲ့ ကိုပါလေဘာတာဒိုးစ် ပွဲစဉ်မှာတော့ မာကွင်ဟိုစ့် က အကောင်းဆုံး ခြေစွမ်းပြ ခဲ့ပြီး ကိုယ်တိုင် ၁ ဂိုးသွင်း ၁ ဂိုး ဖန်တီးခဲ့ပါတယ် ။ ဆာအိုပေါ်လို က ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲက နောက်ထပ် ၁ ဂိုးဟာလည်း မာကွင်ဟိုစ့် ရဲ့ အားထုတ်မှု ကနေ ဖြစ်လာခဲ့တာပါ ။

“သူ့ရဲ့ စီနီယာ ပွဲဦးထွက် ကို ပြီးခဲ့တဲ့ တပတ်လောက်ကမှ စခဲ့တာပါ ။ အခုညမှာတော့ သူက အဓိက ဇာတ်လိုက် ဖြစ်သွားခဲ့ ပါပြီ ။ သူက ကော့တီယာ ( ဆာအိုပေါ်လို အကယ်ဒမီ ) က မွေးဖွား ပေးခဲ့သူ တယောက်ပါ ။ သူ ကွင်းထဲကို ဝင်လာပြီး သူလုပ်ပြသွားတာတွေက တကယ့်ကို ကျေနပ်စရာပါပဲ” လို့ အဆိုပါ ပွဲအပြီးမှာ ဆာအိုပေါ်လို နည်းပြ ဟာနန် ခရက်စ်ပို က မာကွင်ဟိုစ့် ကို ချီးကျုး ပြောဆို ခဲ့ပါတယ် ။ ကိုပါ လေဘာတာဒိုး သူရဲကောင်းညဟာ မာကွင်ဟိုစ့် ကို နောက်ထပ် အခွင့်အရေးတွေ ထပ်ရစေခဲ့ ပါတယ် ။

ရာသီကုန်ချိန် မှာတော့ ၄၁ ကြိမ်တိတိ ဆာအိုပေါ်လို အတွက် ကိုယ်စားပြုခွင့် ရခဲ့ပြီး ၄ ဂိုးသွင်းကာ ၃ ဂိုး ဖန်တီးပေး နိုင်ခဲ့ပါတယ် ။ ၄၁ ပွဲ ကစားရတယ် ဆိုပေမယ့် အများစုဟာ လူစားဝင် ကစားခဲ့ရတာ ဖြစ်ပြီး တပွဲကို ပျမ်းမျှ ၃၅ မိနစ်သာ ကစားခဲ့ရပါတယ် ။ အဆင့်မြင့်တန်းကို အခုမှ စပြီး မြည်းစမ်းရမယ့် ကောင်လေးတယောက် အတွက်တော့ ဒါဟာ မျှော်လင့်ထားတာထက် ပိုနေခဲ့ပါပြီ ။ ဒီလိုမျိုး လူငယ် အကယ်ဒမီ ကနေ အသင်းကြီးဆီ ထိုးဖောက် ဝင်ရောက်နိုင်မှုတွေ ၊ ကိုပါ လေဘာတာဒိုးစ် မှာ ပုံစံကောင်းပြ နိုင်ခဲ့တာတွေဟာ အာဆင်နယ် ကင်းထောက်တွေရဲ့ ရေဒါထဲကို ရောက်လာစေခဲ့ပါတယ် ။

အာဆင်နယ် က ကမ်းလှမ်းလာချိန်မှာ ဆာအိုပေါ်လို ဟာ သူတို့ရဲ့ ငယ်မွေးခြံပေါက်လေးကို ဆက်ထိန်းထားဖို့ စိတ်ကူး ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဆာအိုပေါ်လို အကယ်ဒမီ မှာ အသက် ၈ နှစ်ကတည်းက စပြီး ပညာသင်ယူ လာခဲ့တဲ့ မာကွင်ဟိုစ့် အတွက်တော့ ဒီကမ်းလှမ်းမှု ဟာ ဥရောပ ဘောလုံး အတွေ့အကြုံတွေကို မြည်းစမ်း ကြည့်ဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ အာဆင်နယ် တို့ ဘရာဇီး ဈေးကွက်ထဲကနေ နောက်ထပ် မာတင်နယ်လီ လို ရွက်ပုန်းသီးလေး တယောက်ကို ခေါ်ဆောင် နိုင်ခဲ့ပြန်ပါပြီ ။

မာကွင်ဟိုစ့် ဟာ အာဆင်နယ် အတွက် အဆင်သင့်သုံး ကစားသမား တယောက် ဖြစ်လာမှာ မဟုတ်ပါဘူး ။ အလားအလာ များစွာ ရှိပြီး ရေရှည် အသုံးချလို့ ရမယ့် ကစားသမား ဖြစ်လာအောင် လုပ်ပေးရမှာက မီကေး အာတီတာ နဲ့ အာဆင်နယ် က နည်းပြအဖွဲ့ဝင်တွေရဲ့ တာဝန် ဖြစ်လာခဲ့ပါပြီ ။ ဂန်းနား ပရိသတ်တွေ ကတော့ အီးမရိတ် မြက်ခင်းပြင်ပေါ်မှာ တရိပ်ရိပ် ပြေးလွှားနေမယ့် ဘရာဇီး Lightning McQueen လေး ရောက်လာပြီး ခြေစွမ်းပြမှာကို စောင့်မျှော်လို့ နေကြလောက်ပါပြီ . . . . . ။