မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မန်နေဂျာဟောင်း ဒေးဗစ်မွိုက်စ်ကို ယူနိုက်တက်အနေနဲ့ အချိန်ဟုတ်တိပတ်တိ မပေးခဲ့တဲ့အမှားတစ်ရပ်ကို ကျူးလွန်ခဲ့တယ်လို့ သရဲနီဟောင်း ဖီးလ် နဗီးလ်က ယုံကြည်နေပြီး ကလပ်ဘက်က မန်နေဂျာဟောင်းအပေါ်ဆက်ဆံပုံတွေက လုံးဝမှားယွင်းခဲ့ကြောင်း ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ဂန္ထဝင်မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ အသင်းကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်မှာ အနားယူသွားခဲ့တာဖြစ်ပြီး သူ့နေရာကို ဆက်ခံဖို့အတွက် အဲဗာတန်အသင်းရဲ့မန်နေဂျာအဖြစ် လုပ်ကိုင်နေခဲ့တဲ့ ဒေးဗစ်မွိုက်စ်ကို ရွေးချယ်ခဲ့သလို မွိုက်စ်ကိုယ်တိုင်လည်း လိုလိုလားလားလက်ခံခဲ့တာပါ။

ဒါပေမယ့် အိုးလ်ထရက်ဖို့ဒ်လို ထိုင်ခုံပူတဲ့နေရာမှာ ၁၀ လတည်းသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ ထုတ်ပယ်ခံခဲ့ရသလို အသင်းလည်း ပရီးမီးယားလိဂ်မှာ အဆင့် ၇ နေရာနဲ့ ရပ်တည်သွားခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ မွိုက်စ်လက်အောက်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသင်းရဲ့အနိမ့်ဆုံးရမှတ်အနေနဲ့ မှတ်တမ်းဝင်သွားမယ့် လမ်းကြောင်းမှာ ရှိနေခဲ့တာကြောင့် ထုတ်ပယ်ခဲ့တာဖြစ်ပြီး နဗီးလ်ကတော့ စကော့သားကြီးကို ထုတ်ပယ်ခဲ့တဲ့ အသင်းရဲ့လုပ်ရပ်က အကြီးမားဆုံးအမှားတွေထဲက တစ်ခုဖြစ်ကြောင်း ယုံကြည်နေတာပါ။

Sky Sports နဲ့ အစီအစဉ်တစ်ခုမှာ လက်ရှိ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းကို ကိုင်တွယ်နေတဲ့ နဗီးလ်က “တကယ်လို့ အခုချိန်မှာ ခင်ဗျားအနေနဲ့ နောက်ပြန်ကြည့်မယ်ဆိုရင် မွိုက်စ်ကိုပေးခဲ့တဲ့ အချိန်မရှိခဲ့တာက လုံးဝမှားယွင်းနေခဲ့တာပါပဲ။ လုံးဝကို မှားယွင်းနေခဲ့တာ”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “အချိန်ပြတ်လပ်ခဲ့တယ်။ ကျောထောက်နောက်ခံ ပြတ်လပ်ခဲ့တယ်။ အခြားမန်နေဂျာတွေ ရခဲ့သမျှထက် အများကြီးပြတ်လပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ရခဲ့တယ်။ ဒါက အကြီးမားဆုံးအရာပဲ။ ကျွန်တော်တို့ ၂ ယောက်စလုံး အသင်းကနေ ထွက်ခွါလာခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ ၂ ယောက်စလုံးအနေနဲ့ နောက်ထပ်ဘောလုံးရာသီတစ်ခု လိုအပ်ခဲ့တယ်။ နောက်ထပ် ဘောလုံးရာသီတစ်ခုကို ကျွန်တော်တို့ ၂ ယောက်စလုံး ထိုက်တန်ခဲ့တယ်”

“အကြီးကျယ်ဆုံးမန်နေဂျာ ချန်ထားခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့ ခက်ခဲခဲ့တဲ့ ကာလတွေမှာ ၁၀ လတည်းနဲ့ မလုံလောက်ခဲ့ပါဘူး။ မွိုက်စ်အနေနဲ့ အဲ့ဒီနှစ်နွေရာသီမှာ အသင်းကို ရှေ့တစ်ဆင့်မြှင့်တင်ဖို့အတွက် မယုံနိုင်စရာအစီအစဉ်တွေ ရှိခဲ့တယ်။ မွိုက်စ်ကို အချိန်မပေးခဲ့တာက ယူနိုက်တက်အနေနဲ့ လုပ်ခဲ့သမျှထဲမှာ အကြီးဆုံးအမှားတွေထဲက တစ်ခုလို့ပဲ ကျွန်တော်ပြောချင်ပါတယ်”

“သူ့အနေနဲ့ အချိန်သာရှိရင် အောင်မြင်တဲ့ ဘောလုံးအသင်းတစ်သင်းကို တည်ဆောက်နိုင်တယ်ဆိုတာကို ဝက်စ်ဟမ်းမှာ သက်သေပြခဲ့ပြီးပါပြီ။ ယူနိုက်တက်က သူ့ကို ထုတ်ပယ်လိုက်တာက ဘောလုံးလောကမှာ ကျွန်တော့်ရဲ့အကြီးမားဆုံး စိတ်ပျက်ခဲ့ရတာတွေထဲက တစ်ခုပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ မွိုက်စ်ကို ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ဘောလုံးရာသီတွေမှာ လူးဝစ္စ ဗန်ဟားလ်၊ ဂျိုဆေး မော်ရင်ညိုနဲ့ အိုလေ ဂန်းနား ဆိုးလ်ရှားတို့ကို အသင်းရဲ့မန်နေဂျာရာထူးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး မော်ရင်ညိုနောက်ပိုင်းမှာ ဘာဖလားအောင်မြင်မှုမှ မရှိတော့တာ ယနေ့ထိဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ဖာဂူဆန်အနားယူခဲ့ပြီးနောက်ပိုင်း ကြီးကြီးမားမားရုန်းကန်နေရပြီး လက်ရှိဘောလုံးရာသီအပါအဝင် ၅ ရာသီဆက်တိုက် ဘာဖလားတစ်လုံးတစ်လေမှ မရရှိခဲ့ဘဲ ဖြတ်သန်းနေခဲ့ရသလို လာမယ့်နွေမှာ ရောက်လာမယ့် အဲရစ် တန်ဟာ့ဂ်ရဲ့လက်အောက်မှာတော့ ဘာတွေပြောင်းလဲလာဦးမှာလဲ ကြည့်ရမှာပါ။